သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွှတ်တော် တက်ဖို့ ပြေလည်မှု မရသေး


မြန်မာ သမ္မတ ဦးသိန်းစိန်
မြန်မာ သမ္မတ ဦးသိန်းစိန်

ပြည်သူလူထု နဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေး ဖို့ ဖြစ်နိုင်ခြေရှိပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ သတင်းထောက်တွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့အချိန် မြန်မာသမ္မတက အဲဒီလိုပြောခဲ့တာပါ။ အခုဖြစ်ပေါ်နေတဲ့ ကျမ်းသစ္စာကျိန်ဆိုတာမှာ စာသားပြောင်းလဲပေးဖို့ ကိစ္စဟာ အသစ်တခုမဟုတ်ဘဲ လုပ်ပေးဖို့အတွက် အခက်အခဲမရှိနိုင်ဘူးလို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။

ဂျပန်နိုင်ငံမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ NLD ပါတီဘက် ကတင်ပြထားတဲ့ ကျမ်းသစ္စာ ကျိန်ဆိုတာမှာ စကားလုံး ပြင်ပေးဖို့ဆိုတာ နဲ့ပတ်သက်ပြီး သတင်းသမားတွေ မေးတာကို တိုက်ရိုက် မဖြေခဲ့ပါဘူး။ ဒါပေမဲ့လည်း လွှတ်တော်တက်ရေးကိစ္စဟာ NLD ပါတီကိုယ်တိုင်က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကတော့ လွှတ်တော်မှာ ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဖြေဆိုခဲ့တာပါ။ ဒီသတင်းတွေကို စောင့်ကြည့်လေ့လာပြီး ဖတ်ရှုထားတဲ့ ဂျပန်နိုင်ငံသား ဝါရင့် သတင်းစာဆရာကြီး ဟိဆအို့ တနဘဲ့ (Hisao Tanabe) ခေါ် ဦးရွှေဘက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အဲဒီ ကိစ္စ အန်အယ်ဒီ ကိစ္စနဲ့ ပတ်သက် ပြီးတော့ အန်အယ်ဒီ အနေနဲ့ တောင်းဆိုနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့ ဘာညာ နဲ့ ပတ်သက်ပြီးတော့ သူက ဘာမှ မပြောဘူး။ မပြောပေမဲ့ ခုနက လွှတ်တော် ကို တက်မတက် ဆိုတာက ဒေါ်စု ကိုယ်တိုင် က ဆုံးဖြတ်ဖို့ ဖြစ်တယ် လို့ဘဲ ဖြေလိုက်တယ်။ နောက်ထပ် constitution အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ generally speaking ဆိုတဲ့ သဘောနဲ့ သူပြောတာက ပြည်သူ ပြည်သားတွေ အကျိုးရှိစေဖို့၊ တိုင်းပြည်အတွက် အကျိုးရှိစေဖို့ ဆိုရင် အခြေခံ ဥပဒေကို ပြင်ဆင် ဖို့ဟာ ဖြစ်နိုင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးမှာ ဖြစ်ပါကြောင်း ဖြေလိုက်တယ် တဲ့။”

လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဆိုတဲ့ စာသားအစား လေးစား လိုက်နာပါမည်ဆိုတဲ့ စာသားနဲ့ ပြောင်းလဲ ပြင်ဆင်ပေးဖို့ NLD ပါတီဘက်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီကနေ့စပြီးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေအမီ မပြီးပြတ် ခဲ့တဲ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ဖြစ်ခဲ့ကြပါဘူး။ ဘယ်တော့လောက် ပြေလည်မယ် ဆိုတာကို အတိအကျ မပြောနိုင်ပေမဲ့ ပြေလည်ဖို့အတွက်ကိုတော့ NLD တာဝန်ရှိသူတွေက ယုံကြည်နေဆဲပါ။

“ဒီ ကိစ္စက ပြဿနာ အသစ်အဆန်း မဟုတ်ဘဲကိုး။ ကျနော်တို့ ပါတီ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ၊ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ ဖြစ်ပေါ်လာအောင် လိုအပ်သလို ပြုပြင်ပေးတဲ့ အတွက်ကြောင့် မို့လို့ အဲဒီလို ပြုပြင်ပေးတဲ့ ဟာမှာ ပေါ်မှာ မူတည်ပြီး မှတ်ပုံတင်တယ်။ ရွေးကောက်ပွဲ ဝင်တယ်။ ပြုပြင်ပြီးတဲ့ ကိစ္စ နောက်ပိုင်းမှာ ဆက်ပြုပြင်ဖို့ဆိုတာ သူတို့မှာ အခက်အခဲ ရှိစရာ အကြောင်း မရှိဘူးလို့ ယူဆပါတယ်။”

NLD ပါတီရဲ့ ဗဟို ကော်မတီဝင်နဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ကနေ ရွေးကောက် တင်မြှောက်ခံ ထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဝင်းထိန်ပါ။

ဂျပန်မှာရှိနေဆဲ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်တော့ ပါဘူးဆိုပြီး ပြောတယ်လို့လည်း ဂျပန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဒါပေမဲ့လည်း အခုပေါ်ပေါက်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုရေး၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် NLD ကိုယ်စားလှယ် တွေ လွှတ်တော် တက်ရောက်နိုင်ရေးကိစ္စဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရမယ့် အခြေအနေထိ ဖြစ်နေတာကြောင့် သိပ်မကြာခင်မှာ ပြီးပြတ်မယ့်အခြေအနေမျိုး ခုချိန်ထိတော့ မတွေ့ရသေး ကြောင်းပါ။

XS
SM
MD
LG