သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကို မဲပေးဖို့ ဖျာပုံလူထုကို ဒေါ်စု တိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက် နားထောင်ကြတဲ့ ဖျာပုံမြို့က လူထု။ (ဖေဖော်ဝါရီလ ၁၇၊ ၂၀၁၂)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက် နားထောင်ကြတဲ့ ဖျာပုံမြို့က လူထု။ (ဖေဖော်ဝါရီလ ၁၇၊ ၂၀၁၂)

မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ အတွက် ပညာရေးကဏ္ဍ တိုးတက်ဖို့ဟာ အန်မတန် အရေးတကြီး လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ပါတီစည်းရုံးရေးအဖြစ် ဖျာပုံမြို့ကို သွားစဉ်အတွင်း လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်သလို လုံခြုံလွတ်လပ်တဲ့ ဘဝတွေကို ပေးနိုင်မယ့် ဒီမိုကရေစီစနစ် ကြိုးပမ်းမှုတွေမှာ လူထုအားလုံး ပါဝင်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။ ဒီခရီးစဉ်အကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

NLD ပါတီရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက် သောကြာနေ့က ဧရာဝတီတိုင်းထဲက ကျိုက်ထော်နဲ့ ဖျာပုံမြို့တွေကို သွားခဲ့တာပါ။ ကျိုက်ထော်မှာ တထောက်နားပြီး လူထုကို စကားပြောခဲ့သလို နေ့လယ်ပိုင်း ဖျာပုံကို ရောက်ခဲ့ပြီး မြို့ခံလူထုတွေကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ မြန်မာပြည် တိုးတက်လာဖို့အတွက် ပညာရေးကဏ္ဍဟာ အထူး အရေးကြီးသလို တရားဥပဒေ စိုးမိုးရေး အရေးကြီးပုံတွေကို ပြောသွားပါတယ်။

“ကျမတို့ မြန်မာနိုင်ငံ တိုးတက်ဖို့ဆိုတာ ပညာရေးအရ တိုးတက်ဖို့ အင်မတန်မှ လိုအပ်တယ် ဆိုတာ ကျမ ထူးထူးထွေထွေ ပြောပြစရာ မလိုဘူးလို့ ထင်ပါတယ်။ ကျမတို့ လမ်းမ ဖြတ်ခဲ့တဲ့အခါကျတော့ မူလတန်း ကျောင်းကလေးတွေကို တွေ့ခဲ့တယ်။ တံခါးတွေကတော့ ပိတ်ထားပါတယ်။ ဒါပေမဲ့ တံခါးတွေ နောက်ဘက်က ကျမတို့ကို ကြိုဆိုနှုတ်ဆက်ကြတယ် ကလေးတွေက။ အဲဒီတော့ ဒီဟာ ဟာ ကလေးတွေရဲ့ စိတ်ဓါတ်ကို ဖော်ပြတာ၊ ကောင်းမွန်တဲ့ စိတ်ဓါတ်။ ကလေးတွေ ဆိုတာလည်း လွတ်လွတ်လပ်လပ် နေချင်တယ်။ ကလေးတွေ ဆိုတာလည်း သူတို့ဘဝကို အဓိပ္ပါယ် ရှိစေချင်တယ်။ ကလေးတွေ ဆိုတာဟာ ကလေးမိုလို့ လူကြီးစကားနဲ့ မဖော်ပြတတ်ပေမဲ့ မတရားတာ တရားတာကိုလည်း နားလည်တယ်။ ကလေးတိုင်း ကလေးတိုင်းမှာလည်း ဒီလိုစိတ်ဓါတ်ရှိတယ်လို့ ကျမ ထင်တယ်။ ကျမတို့ ပြည်သူတွေဟာ တရားမျှတမှုကို တန်ဖိုးထားတယ်၊ လေးစားတယ် ဆိုတာ ကျမတို့ ယုံကြည်တယ်။ တရားမျှတမှု ဆိုတာလည်း အင်မတန်မှ လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှ ပြည်သူတွေရဲ့ ဘဝဟာ လုံခြုံမှာပါ။ လုံလည်း လုံခြုံရမယ်၊ လွတ်လည်း လွတ်လပ်ရမယ်လို့ ကျမတို့ အမြဲ ပြောပါတယ်။ ဒီနှစ်ခုစလုံးကို ချိန်ခွင်လျှာ ညီမျှစွာနဲ့ အပေးနိုင်ဆုံးစနစ်က ဒီမိုကရေစီစနစ်လို့ ကျမတို့ ယုံကြည်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တာ။”

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့ကြသူတွေရဲ့ မျှော်မှန်းချက်တွေဟာ အခုချိန်ထိ မရှိသေးတာမို့ အခုခေတ်မှာ ကြိုးစားကြရမယ် လို့လည်း ပြောပါတယ်။

“ဒီနိုင်ငံရဲ့ အဓိက ပြဿနာတွေလို့ ပြောခဲ့တာတွေဟာ ဘာတွေလဲ ဆိုတော့ ကုန်ဈေးနှုန်း မြင့်မားတဲ့ကိစ္စတွေ၊ အလုပ်လက်မဲ့ ကိစ္စတွေ၊ ကျန်းမာရေး၊ ပညာရေး လုံလုံလောက်လောက် ပြည်သူအတွက် မလုပ်ပေးနိုင်တာတွေ။ ဒီတော့ ဘာအဓိပ္ပါယ် ပေါက်သလဲ၊ အနှစ် ၆၀ အတွင်း ကျမတို့ နိုင်ငံရဲ့ တိုးတက်မှုဟာ မလုံလောက်ဘူး ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ပါတယ်။ ဒီဟာတွေ အကောင်အထည် ဖော်ဖို့ဟာ ကျမတို့တွေရဲ့ တာဝန်ဖြစ်ပါတယ်။”

ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲကို ဘာကြောင့် NLD ပါတီ ဝင်ရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။

“ဒီ ၄၈ နေရာဟာ ကျမတို့ ဒီမိုကရေစီ လိုလားတဲ့သူတွေအတွက် အများကြီးပဲ အရေးကြီးပါတယ်။ ဒီ ၄၈ နေရာဟာ ဒီမိုကရေစီစနစ်ကို အနှစ် ၂၀ ကျော် ကျင့်သုံးပြီးတော့ ဒီမိုကရေစီစနစ်အတွက် အနှစ် ၂၀ ကျော် တိုက်ပွဲဝင်ခဲ့တဲ့ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုရဲ့ တာဝန်တွေ အတိုင်းအတာတစ်ခုအထိ ထမ်းဆောင်ဖို့ အခွင့်အရေးကြုံတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပါတယ်။”

လူထုဟာ မှန်ကန်ရဲရင့်စွာနဲ့ မမျှတမှုတွေကို တွန်းလှန်နိုင်တဲ့ စိတ် မွေးမြူကြဖို့လည်း တိုက်တွန်းသွားပါတယ်။

“မမျှမတ လုပ်လို့ရှိရင် ကျမတို့ ပြည်သူတွေက မခံချင်ကြဘူး။ ကောင်းတဲ့ မခံချင်တဲ့စိတ်၊ မတော်မတရား လုပ်လို့ မမျှမတလုပ်လို့ မခံချင်တာဟာ ကောင်းတဲ့ မခံချင်စိတ်။ ဒီကောင်းမွန်တဲ့ မခံချင်စိတ်နဲ့ ပြည်သူတွေက ကျမတို့ကို ဒီနေ့ ပိုပြီးတော့တောင် အားပေးသလားလို့ ကျမ ထင်မိပါတယ်။”

ဖျာပုံ မြို့ခံလူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့မိန့်ခွန်းထဲက တချို့ကို ကောက်နုတ်တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လယ်ယာကဏ္ဍကို အားထားနေကြရတဲ့ ဒေသခံတွေရဲ့ လယ်သမားအရေး ကိစ္စတွေ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးကိစ္စတွေကိုလည်း NLD ပါတီက တတ်နိုင်သလောက် ဆောင်ရွက်သွားမယ် ဆိုတာကိုလည်း ထည့်သွင်း ပြောကြားသွားတယ်လို့ ဖျာပုံမဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ဖျာပုံစည်းရုံးရေး ခရီးစဉ် အတွက် စီစဉ်ရာမှာ အာဏာပိုင်တချို့နဲ့ အဆင်မပြေတာတွေ ရှိခဲ့တယ်လို့ ဖျာပုံမဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အားကစားကွင်းကို လာမယ်။ ပြည်သူ့အားကစားကွင်းမှာ တရားဟောဖို့ ကျမတို့ သွားတင်တယ်။ အဲဒီတော့ ပြည်သူ့အားကစားကွင်းကို ပေးဖို့ အဲဒီအတွက် ကျနော်တို့က ဖျာပုံမြို့အဝင် သဲကွင်းဆိုတဲ့ နေရာကို လူထုဟောပြောပွဲလုပ်ဖို့ ပြင်ဆင်ရပါတယ်။ အဲဒီနေရာမှာပဲ ဟောပြောရပါတယ်။ နောက်တခါ သူတို့အခု ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါမှာ သူတို့ကလည်း ကြားတာက သာစည်ဘုရားဘက်ကို ဘုရားလာဖူးမယ်၊ ဘုရားလာဖူးရင် အဲဒီမှာ မဏ္ဍပ် အဆင်သင့်ရှိလို့ အဲဒီမဏ္ဍပ်ပေါ်တက်ပြီး တရားဟောမယ် ဆိုပြီးတော့ မဏ္ဍပ်ကို လှန်ခိုင်းပါတယ်။ အဲဒီတော့ မဏ္ဍပ်ကို လာပြီး ဖျက်ကြတယ်ပေါ့လေ။ အမှန်တော့ ကျနော်တို့ကတော့ အဲဒီ အစီအစဉ် သွားဖို့မရှိပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖျာပုံကို နေ့ချင်းပြန် ခရီးအဖြစ် သွားခဲ့တာဖြစ်ပြီး ဒီခရီးမှာ ဖျာပုံမြို့ လူထု အများအပြား ကြိုဆိုခဲ့သလို အနီးဝင်းကျင်မြို့တွေ ဖြစ်တဲ့ ဘိုကလေး၊ ဒေးဒရဲနဲ့ ကျိုက်လတ်မြို့ခံ လူထုတွေလည်း လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် NLD ပါတီရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အတွက်ရော ပါတီစည်းရုံးရေး အတွက်ပါ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း အပြင် သူ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့ကိုလည်း ဒီလထဲမှာပဲ ထပ်သွားဖို့ စီစဉ်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG