သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကိုယ်စားလှယ်လောင်း လျှောက်ထားမှု ကန့်ကွက်ချက် NLD ချေပ


ဒေါ်စု ကိုယ်စားလှယ်လောင်း လျှောက်ထားမှု ကန့်ကွက်ချက် NLD ချေပ
ဒေါ်စု ကိုယ်စားလှယ်လောင်း လျှောက်ထားမှု ကန့်ကွက်ချက် NLD ချေပ

ဧပြီလ ၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ ဝင်ရောက်ရွေးချယ်ခံဖို့ နာမည်စာရင်း တင်သွင်းခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီဘူး ဆိုပြီး ကန့်ကွက်ထားတဲ့ကိစ္စကို NLD က ဒီကနေ့မှာ ချေပလွှာ တင်သွင်းခဲ့ပါတယ်။ ကန့်ကွက်ထားတဲ့ အချက်တွေဟာ မမှန်ကန်တဲ့အတွက် တစ်ချက်ချင်းအလိုက် ပြန်လည်ချေပခဲ့တာ ဖြစ်တယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ NDF အမျိုးသားဒီမိုကရေစီအင်အားစု ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ထားတဲ့ကိစ္စ သူ့ပါတီအနေနဲ့ လက်မခံကြောင်းကို သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက အစီရင်ခံထားပါတယ်။

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီ ကနေ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ထားတဲ့ကိစ္စကို NLD ပါတီကနေ ဒီကနေ့ ရန်ကုန်တိုင်း ကော်မရှင်ရုံးမှာ ချေပလွှာတင်သွင်းခဲ့တာပါ။ NLD ဘက်က ပြန်လည် ချေပခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ပိုက်ဆံတွေ ရှိတယ်ပေါ့။ အဲ့ဒီပိုက်ဆံတွေကို အစိုးရကို မကြေညာဘူး။ အဲ့ဒီစွပ်စွဲချက်တစ်ခု။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က ဖြေရှင်းချက်အရ လုံး၀ မှားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငွေကြေး နိုင်ငံခြားမှာ တပြားတချပ်မှ မရှိဘူး။ ရရှိတဲ့ ဆုကြေးတွေကိုလည်း လူမှုရေး ဖောင်ဒေးရှင်းတွေကို တခါတည်း လွှဲပေးလိုက်တော့ သူ့မှာ ဘာမှ မရှိဘူး။ ဒုတိယတစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်နိုင်ငံရဲ့ နေထိုင်ခွင့် ဂရင်းကဒ်ရတယ်လို့ စွပ်စွဲတယ်။ အင်္ဂလန်နိုင်ငံမှာ ဂရင်းကဒ်စနစ်လည်း မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲ့ဒီအခြေအနေမှာ မရှိဘူး။ အဲ့ဒါပဲ ချေပခဲ့တာပါ။”

ဒီကန့်ကွက်ချက် ချေပချက်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်း ကော်မရှင်က မနက်ဖြန် ဖေဖော်ဝါရီလ ၂၈ နေ့မှာ ဆုံးဖြတ်ချက် ချမှတ်နိုင်တယ်လို့ ဦးဉာဏ်ဝင်းကို ပြောတဲ့အကြောင်း ဗွီအိုအေကို ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီ ကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်ကွက်လွှာ ခရိုင်ကော်မရှင်ရုံးမှာ တင်သွင်းခဲ့တာပါ။ ဒါပေမဲ့ ဒီကန့်ကွက်လွှာကို ခရိုင်ကော်မရှင်ရုံးက ပယ်ချခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်း ကော်မရှင်ကို ထပ်မံ တင်သွင်းခဲ့တာ ဖြစ်တဲ့အတွက် ဒီကန့်ကွက်ချက်အပေါ် NLD ဘက်ကနေ ဒီကနေ့မှာ ရန်ကုန်တိုင်း ကော်မရှင်ကို ပြန်ပြီး ချေပလွှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က NLD ပါတီကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံရေးပါတီ တစ်ခုအဖြစ် ထူထောင်ခဲ့တဲ့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုကလည်း ကိုယ်စားလှယ်လောင်း ဦးတင်ရီရဲ့ ကန့်ကွက်ချက်ဟာ အများပြည်သူရဲ့ သဘောထားကို ဆန့်ကျင်ရာ ရောက်တဲ့အတွက် လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

“ကျနော်တို့ပါတီအနေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ရတဲ့ အကြောင်းရင်းကတော့ ဒီမိုကရေစီနိုင်ငံရေးကို သွားတဲ့နေရာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရယ်လို့ အများက လက်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီရေစီးထဲမှာ၊ နိုင်ငံရေးရေစီးထဲမှာ မပါနိုင်အောင် အဟန့်အတား ဖြစ်စေတဲ့ဟာမျိုးဟာ မြန်မာပြည်သူလူထု အကျိုးစီးပွားနဲ့ ဆန့်ကျင်ရာရောက်မယ်။ မြန်မာပြည်သူတွေ လိုလားချက်နဲ့လည်း ကွဲလွဲနေတာဖြစ်မှာ ဆိုလို့ရှိရင်တော့ ပြည်သူ့အကျိုးအတွက် ကျနော်တို့က ဒါဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်တယ်။ ဒီလို အဟန့်အတားဖြစ်တာကို မြန်မာ့နိုင်ငံရေး တိုးတက်မှုဖြစ်စဉ်ကိုလည်း ဟန့်တားရာ ရောက်တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ယုံကြည်ပါတယ်။ ဒါကြောင့် ဒါကို ကျနော်တို့က လက်မခံဘူးလို့ ပြောရတာပါ။ ဒုတိယအချက်ကတော့ NDF ဟာ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီမှာ ပါတဲ့အခါကျတော့ ၁၀ ပါတီထဲမှာပါတဲ့ ပါတီထဲက လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ယောက်က ထ ကန့်ကွက်တဲ့ကိစ္စဟာ အများပြည်သူတွေရဲ့ သဘောမှာ ၁၀ ပါတီစလုံးကပဲ သဘောတူသလိုလို၊ အားလုံကပဲ လက်ခံတဲ့ သဘောတူသလိုလို ဖြစ်မှာကို မလိုလားပါဘူး။ ဒါကြောင့်မို့လို့ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းလိုက်ရခြင်း ဖြစ်ပါတယ်။”

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ်နေရာ ၄၈ နေရာစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။ မြန်မာနိုင်ငံမှာ ဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရာ အချိန် ၁ လသာ လိုတော့တာနဲ့အမျှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း မြန်မာနိုင်ငံတဝှမ်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေကို ဆက်တိုက် ထွက်ခွာနေတာပါ။ လာမယ့် စနေနေ့ မတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်အပါအဝင် ပဲခူးတိုင်းကိုလည်း တဆက်တည်း သွားရောက်မှာဖြစ်ပြီး အဲ့ဒီကနေမှတဆင့် ရန်ကုန်ကို ပြန်မှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်း က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ် ကလည်း မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်ကို စည်းရုံးရေးခရီး ထွက်ခဲ့သလို အဲ့ဒီဒေသမှာရှိတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေကိုလည်း တွေ့ဆုံပြီးတော့ အားပေးခဲ့ပါတယ်။ မနေ့ကတော့ ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို နေ့ချင်းပြန် စည်းရုံးရေးခရီး သွားရောက်ခဲ့ပါသေးတယ်။

XS
SM
MD
LG