သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထု နိုင်ငံရေး ခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


လူထု နိုင်ငံရေး ခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
လူထု နိုင်ငံရေး ခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာပြည်သူလူထု လက်ရှိ ခံစားနေရတဲ့ နိုင်ငံရေး ခံစားချက်တွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပိုပြီးသိအောင် တိုးမြှင့် လုပ်ဆောင်ကြဖို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်နဲ့ တိုင်း စည်းရုံးရေးမှူးတွေ NLD ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ပွဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာ ပြည်သူလူထုတွေရဲ့ ခံစားနေရမှုတွေကို NLD ပါတီက ပိုပြီး သိရအောင် လူထုဆီက အသံတွေ နားထောင်ဖို့၊ တုံ့ပြန်ချက်တွေ ပေးနေတဲ့ လူထုဆီကို NLD ပါတီဝင်တွေ အရောက်သွားဖို့ ကိစ္စတွေကို ဒီကနေ့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ပါတီတရပ်မှာ အထက် အောက် အမြဲတမ်း ထိတွေ့ဆက်ဆံဖို့ရယ်၊ ပြီးတော့ လက်ရှိ နိုင်ငံရေး အခြေအနေပေါ်မှာ ပြည်သူလူထုဆီက တုံ့ပြန်မှု၊ ခံစားမှု ဒါတွေကို သိချင်တယ်။ နောက် ဒီအပေါ်မှာ ဆွေးနွေးတာပေါ့။ နိုင်ငံရေးဆိုတာ ပြည်သူလူထုအတွက် လုပ်တာ။ အဲတော့ ပြည်သူလူထုဆီက ခံစားမှုကို သိနေရမယ်။ သူတို့က လာမပြောတောင် ကိုယ်က ဒီဟာကို သွားရောက် နားထောင်ဖို့၊ လေ့လာဖို့ တာဝန်ရှိတယ်။ ဒီတာဝန်တွေကို ကျေကျေပွန်ပွန် ဆောင်ရွက်ကြဖို့၊ ဒါကို ဆွေးနွေးကြတာ။”

NLD ပါတီဟာ လူထုကြား အရောက်သွားဖို့နဲ့ ပြည်သူတွေ အကျိုးအတွက် တောင်းဆိုနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စကိုလည်း ယုံကြည်ချက် အပြည့်နဲ့ ရှေ့ဆက်ဖို့ NLD ပါတီခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။

“ပြည်သူတွေဆီက သတင်းမရရင်တောင် ကိုယ်က သတင်းကို၊ ပြည်သူတွေ ခံစားမှုကို သိအောင် လုပ်ရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို ပြောကြားတဲ့ စကားပါ။ အမျိုးသား ရင်ကြားစေ့ရေးဆိုတာ ပြည်သူတွေရဲ့ အကျိုးအတွက် တောင်းဆိုတာ၊ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံး နည်းလမ်းနဲ့ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်တာ။ ဒီဥစ္စာက မဖြစ်သေးဘူးလို့ အပြစ်ပြောနေမယ့်အစား ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။”

NLD ရုံးချုပ်မှာ ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD တိုင်းနဲ့ပြည်နယ် ၁၃ ခုက စည်းရုံးရေး အဖွဲ့ဝင်တွေဟာ ဒီကနေ့ မတ်လ ၃ ရက်နေ့ကစလို့ မတ်လ ၁၈ ရက်နေ့ထိ အလှည့်ကျ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ ပထမဆုံးနေ့မှာ ရန်ကုန်တိုင်း တာဝန်ခံ စည်းရုံးရေးမှူးတွေ၊ ရန်ကုန်တိုင်း အတွင်းက မြို့နယ်တာဝန်ခံ စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲ စခဲ့ပါတယ်။ အထူးသဖြင့် ကိုယ်ယူထားတဲ့ တာဝန်ကို ကျေပွန်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ရန်ကုန်တိုင်းဟာ ဗဟိုအဖွဲ့ချုပ်နဲ့ အနီးဆုံးဖြစ်တာမို့ တခြားမြို့နယ်နဲ့ တိုင်း၊ ပြည်နယ်တွေထက်စာရင် စံပြအဖွဲ့အစည်းတခု ဖြစ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားသလို ကိုယ်ယူထားတဲ့ တာဝန်ကို မကျေဘူးဆိုရင်လည်း လူထုကို အားနာစရာ ကောင်းတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ တခါ NLD ပါတီဟာ လှုပ်ရှားသင့်သလောက် မလှုပ်ရှား၊ လုပ်သင့်သလောက် မလုပ်သလို တက်ကြွသင့်သလောက်လည်း တက်ကြွတာ မတွေ့ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သွားပါတယ်။

ကိုယ့်ကို ထောက်ခံတယ်ဆိုပြီး ထိုင်မနေကြဖို့နဲ့ ကိုယ့်ကို ထောက်ခံစေချင်ရင် ကိုယ့်ဘက်ကလည်း လူထုအတွက် ကြိုးစား အလုပ်လုပ်ကြရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံမှာ အကြောက်တရား ကင်းဖို့အတွက် ကြောက်တဲ့သူဘက်ကလည်း အဲဒီခံစားမှု ပျောက်အောင် ကြိုးစားရမှာ ဖြစ်သလို မကြောက်စေချင်သူဘက်လည်း ကြိုးစားရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်တွင်းကနေ ထွက်လာတဲ့ ဥပဒေတွေနဲ့ လူထုကို အသိပေး တင်ပြဖို့ ဆက်လက် ဆွေးနွေးသွားမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပြည်သူလူထု သိသင့်သိထိုက်တဲ့ ကိစ္စတွေ ကျနော်တို့ နောက်ထပ် စာတွေ ထုတ်ဖို့လည်း စီစဉ်ပါတယ်။ ဒါ ပြည်သူတွေကို အသိပေးမှာ။ လက်ရှိ လွှတ်တော်ကြီးလည်း ခေါ်နေတယ်၊ ဥပဒေတွေကလည်း ထုတ်နေတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး အသိပေးဖို့ အစီအစဉ် ရှိပါတယ်။ ပါတီတရပ်က အမြဲတမ်း သိရှိနေရမယ်၊ သိရှိအောင်လည်း လုပ်ဖို့ တာဝန်ရှိတယ်၊ ဒီတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြဖို့ ပြောတာပါ။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ထိ ကျင်းပသွားမယ့် NLD ပါတီရဲ့ ဆွေးနွေးပွဲမှာ နိုင်ငံရေး အခြေအနေတွေအပြင် လူမှုရေးနဲ့ စီးပွားရေး ကိစ္စတွေကိုပါ အပြန်အလှန် ဆွေးနွေးကြပြီး လူထုကို တင်ပြဖို့ စီစဉ်ထားတယ်လို့လည်း NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG