သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကို ဖျက်သိမ်းခံပါတီအဖြစ် ဖော်ပြရန် ဂျာနယ်များကို ခေါ်ယူသတိပေး


NLD ကို ဖျက်သိမ်းခံပါတီအဖြစ် ဖော်ပြရန် ဂျာနယ်များကို ခေါ်ယူသတိပေး
NLD ကို ဖျက်သိမ်းခံပါတီအဖြစ် ဖော်ပြရန် ဂျာနယ်များကို ခေါ်ယူသတိပေး

ဒေါ်အောင်ဆန်းစုကြည် သတင်းတွေကို ဖော်ပြရာမှာ NLD ပါတီအစား ဖျက်သိမ်းပြီး NLD ပါတီဆိုတဲ့ စာလုံးကို အစားထိုးသုံးဖို့အတွက် စာပေစိစစ်ရေးက ဂျာနယ်တိုင်းကို မဖြစ်မနေ ထည့်သွင်းရေးခိုင်း နေပါတယ်။ NLD ပါတီ ဆက်လက် ရပ်တည်ခွင့်နဲ့ပတ်သက်လို့ တရားရုံးမှာ စွဲဆိုထားတဲ့အမှု မပြီးပြတ်သေးခင် အခုလို ဖျက်သိမ်းပြီးသော ဆိုတဲ့ အသုံးအနှုန်းကို ဖော်ပြခိုင်းတာဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ကျတယ်လို့ NLD ပါတီရဲ့ ရှေ့နေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေကိုဖော်ပြဖို့ ဘယ်လို ကန့်သတ်ခံနေရသလဲ ဆိုတာကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထိန်းသိမ်းခံထားရာကနေ လွတ်မြောက်လာတယ်ဆိုတဲ့ သတင်းကို သတင်းမီဒီယာတွေမှာ ဖော်ပြရေးသားခွင့်ပေးပေမဲ့ ကန့်သတ်ချက်တွေ များလွန်းတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ အထူးသဖြင့် NLD ပါတီအစား ဖျက်သိမ်းပြီးသော NLD ပါတီ၊ ဗဟန်းမှာရှိသော ဖျက်သိမ်းပြီးသော NLD ပါတီရုံးချုပ် ဆိုတဲ့ အသုံးအနှုန်းတွေကို စာပေစိစစ်ရေးက မဖြစ်မနေ ထည့်ခိုင်းနေတယ်လို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“လူထုစည်းဝေးပွဲကို ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပြုလုပ်ပါတယ်လို့ ရေးတဲ့အခါမှာလည်း သူက ဘယ်လိုရေးခိုင်းသလဲဆိုတော့ ဖျက်သိမ်းပြီးသော NLD ပါတီ ပေါ့နော်၊ နောက်ပြီးတော့ ဖျက်သိမ်းပြီးသော အမျိုးသား ဒီမိုကရေစီရုံးချုပ်ရှေ့ ဆိုပြီး အဲဒီလိုမျိုး ထည့်ခိုင်းတယ်ခင်ဗျ။ ဒီတပတ်ထွက်မယ့် ဂျာနယ်တွေရော၊ နောက်တပတ်ထွက်မယ့် ဂျာနယ်တွေရောမှာ အဲဒီလိုပဲ ရေးရမယ်ပေါ့နော်။ ဒေါ်စုကို လူထုတွေက အားပေးနေတဲ့သတင်းတွေ မပါရဘူးခင်ဗျ။ သူ့ရဲ့ အနီးကပ်ဆုံး ပုံတပုံကိုပဲ ပေးသုံးတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် လူထုကို ဘာတွေဟောတယ်၊ ပြောတယ် ဆိုတာတွေလည်း ရေးလို့မရဘူး။”

တကယ်တော့ NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စွဲဆိုထားတဲ့ အမှု မပြီးပြတ်သေးဘဲ ပြီးခဲ့တဲ့ နိုဝင်ဘာ လ ၁၈ ရက်နေ့ကမှ နေပြည်တော် တရားရုံးချုပ်မှာ အမှုကို ကြားနာခဲ့တာပါ။ အခုလို အမှုမပြီးပြတ်သေးဘဲ ဖျက်သိမ်းပြီးသော NLD ပါတီဆိုတဲ့ အသုံးအနှုန်းကို ရေးသားခိုင်းတာဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ကျတယ်လို့ NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒါ ကျနော်တို့ လုံး၀ လက်မခံနိုင်တဲ့ဟာပါ။ NLD ပါတီဟာ အခုထိ ရပ်တည်ဖို့ နည်းလမ်းတကျ ဥပဒေဘောင်အတွင်းက ကြိုးစားဆောင်ရွက်နေတယ်။ ဒါကြောင့် ဖျက်သိမ်းပြီးဆိုတဲ့ဟာကို အဲန်ကယ်တို့ လုံး၀ လက်မခံပါဘူး။ ကျနော်တို့ NLD ပါတီဟာ ရပ်တည်မှုနဲ့ပတ်သက်ပြီးတော့ တရားတဘောင် ရှိတယ်။ တရားရုံးမှာရှိတယ်။ တရားရုံးက မဆုံးဖြတ်ခင် အခုလို အသုံးအနှုန်းမျိုး ဖျက်သိမ်းပြီး NLD တို့၊ ဖျက်သိမ်းပြီး NLD ရုံးဟောင်းတို့ ဒီလိုသုံးတာဟာ တရားရုံးကို မထီမဲ့မြင်ပြုရာ ရောက်တယ်လို့ အဲန်ကယ်လ်တို့ မြင်ပါတယ်။”

NLD ပါတီရဲ့ ရှေ့နေ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာနဲ့ NLD ပါတီ ဆက်လက် ရပ်တည်ခွင့်အတွက် တရားရင်ဆိုင်နေတာဖြစ်ပြီး အမှုကို တရားရုံးက ပယ်ချခဲ့ရင်လည်း ရှေ့ဆက် ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

သတင်းဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းတွေကို ရေးသားရာမှာ သတင်းတိုပုံစံနဲ့သာ ရေးသားခွင့်ပေးပြီး သတင်းဆောင်းပါးလို အရေးအသားမျိုးတွေ အားလုံးကို စာပေစိစစ်ရေးက ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးသွားတဲ့ ဓါတ်ပုံကို စာပေစိစစ်ရေးတင်ရာမှာ ဓါတ်ပုံရဲ့အောက်မှာ စာတမ်းမတင်မိလိုက်ဘဲ ထုတ်ဝေဖြန့်ချိတဲ့အခါမှာတော့ တရားရုံးသွားတဲ့ပုံလို့ စာတမ်းထိုးမိလိုက်တဲ့ ပေါ်ပြူလာဂျာနယ်ကိုလည်း မနေ့က စာပေစိစစ်ရေးက ခေါ်ယူသတိပေးခဲ့ပါတယ်။

ဒီလိုတင်းကျပ်တဲ့ ကန့်သတ်မှုတွေအပြင် နိုဝင်ဘာလ ၁၆ ရက် အင်္ဂါနေ့က ထုတ်ဝေခဲ့တဲ့ First Eleven အားကစားဂျာနယ်ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ၂ ပတ် ပိတ်ပင်ခဲ့ပါတယ်။ အကြောင်းကတော့ ဥရောပ ဘောလုံးပွဲ အသင်း ၃ သင်းနိုင်တဲ့ အကြောင်းကိုရေးရာမှာ အရောင်တွေခွဲထားတဲ့ စားလုံးတွေကို ဖတ်ကြည်ရင် SU Free ဆိုတဲ့ စာတမ်းကို တွေ့ရတဲ့အတွက်ဆိုပြီး ပြစ်ဒဏ်ပေးခံရတာဖြစ်တယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။

“ဘောလုံးဂျာနယ်လေးမှာ highlight လေးတွေ လုပ်ပြီးတော့ အင်္ဂလိပ် စာလုံးလေးတွေ ဖော်ပြတဲ့နေရာမှာ ပြဿနာ တက်နေတော့ အယ်ဒီတာကို အလုပ်ထုတ်ခိုင်းတယ်။ ဒါပေမဲ့ တိုက်ပိုင်ရှင်တွေကတော့ အလုပ်မထုတ်ဘဲနဲ့ ဂျာနယ် ၂ ပတ် ရပ်ဆိုင်းလိုက်တယ်လို့တော့ ကျနော်တို့ ကြားရတယ်ခင်ဗျ။ ဆန်းဒါးလန်း က Sunderland လို့ပေါင်းထားတယ်ခင်ဗျ။ အဲဒီမှာ သူက SU ကို အနီတော်တော်ရင့်ပြီး highlight လုပ်ထားတယ်။ နောက်တခါ အဲဒီမှာ Free ဆိုတဲ့ စာလုံးတလုံး ပါတယ်ခင်ဗျ။ အဲဒီကြားထဲမှာပေါ့နော်။ သူက အဲဒီ Free ကိုလည်း highlight လုပ်ထားတယ်။ SU Free ပေါ့ဗျာ။ အဲဒီဟာကို သူတို့က ထောက်ပြီးတော့ပေါ့နော် သူတို့ဂျာနယ် ၂ ပတ်နားဆို နားပေးပါမယ်ဆိုပြီးတော့ နားမယ်လို့ ကျနော်တို့ ကြားတယ်ခင်ဗျ။”

သတင်းထောက်တဦး ပြောပြခဲ့တာပါ။ ဒါပေမဲ့ First Eleven ဂျာနယ်ဟာ စာပေစိစစ်ရေးကို မူကြမ်းတင်တဲ့စာနဲ့ အချောထုတ်ေ၀ ဖြန့်ချိတဲ့ကြားမှာ မတူညီတာတွေ ပါသွားတာရှိသလို အားကစားနဲ့ မပတ်သက်တဲ့ အကြောင်းအရာ တခုကို ဖော်ပြမိတဲ့အတွက် ဂျာနယ်ကို ၂ ပတ် ထုတ်ဝေခွင့် ရပ်နားခံရတာဖြစ်တယ်လို့ Eleven Journal ရဲ့ တာဝန်ခံ အယ်ဒီတာတဦးဖြစ်တဲ့ ကိုဝေဖြိုးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG