အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့တာကြောင့် နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်ဖို့ မြန်မာအစိုးရသစ်က သတိပေးလိုက်ပါတယ်။ အခုလိုမျိုး မြန်မာအစိုးရ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို တားမြစ် ပိတ်ပင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်ဆောင်ခွင့်၊ လှုပ်ရှားခွင့်တွေကို ဟန့်တား ချိုးဖောက်တာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ အရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ဝေဖန် ပြစ်တင်လိုက်ပါတယ်။ မြန်မာအစိုးရရဲ့ ဒီလုပ်ရပ်ကြောင့် မြန်မာ၊ အမေရိကန် ဆက်ဆံရေး ပြန်လည် ကောင်းမွန်ဖို့ အတွက်လည်း ထိခိုက်စေလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ပြီး မြန်မာအာဏာပိုင်တွေကိုရော မြန်မာ့ဒီမိုကရေစီ အတိုက်အခံတွေကိုပါ တွေ့ဆုံခဲ့တဲ့၊ အမေရိကန် နိုင်ငံရေးမှာ သြဇာကြီးတဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက အခုလို ဒီသတင်းကြားရတဲ့အတွက် သူ့အနေနဲ့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်မိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မကြာခင် မြန်မာနိုင်ငံအတွင်း ခရီးစဉ်ထွက်ဖို့ ရှိတာမို့ ဒီအပေါ်မှာ ချုပ်ချယ် ကန့်သတ်မှုတွေ ဖြစ်လာမှာကို မစ္စတာ မက်ကိန်းက စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။
“ဥပဒေ ချိုးဖောက်မှု မရှိတဲ့ တရားဝင် နိုင်ငံရေးပါတီ တရပ်ကို နိုင်ငံရေး လှုပ်ရှားမှုတွေ မလုပ်ဖို့ အစိုးရက အခုလို သတိပေး ပြောဆိုတာ ကြားရတဲ့အတွက် အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ခရီးစဉ်အတွက် သူ့ရဲ့ နိုင်ငံရေး လုပ်ဆောင်ခွင့်၊ လှုပ်ရှားခွင့်ကို ကန့်သတ်တာမျိုး ဖြစ်နေတာအတွက် အတော်လေးလည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။”
အထူးသဖြင့်တော့ ဒီခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် သူ့အနေနဲ့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မျိုး ထပ်ပြီးတော့ မဖြစ်စေဖို့ကိုလည်း မျှော်လင့်တယ်လို့ ပြောဆိုသလိုပဲ လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မြန်မာအစိုးရ အပေါ်မှာ စမ်းသပ်မှုတခု ဖြစ်စေလိမ့်မယ်လို့လည်း သတိပေးပါတယ်။
“အင်မတန် စိုးရိမ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်အတွင်းကို မကြာခင် ခရီးသွားလာဖို့ ပြင်နေတာ သတိထားရပါတယ်။ ၂၀၀၃ ခုနှစ်တုန်းကလို ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာမျိုး ထပ်မဖြစ်လာစေဖို့ မျှော်လင့်ပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ တော်တော်များများ သတ်ဖြတ်ခံခဲ့ရပါတယ်။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နိုင်ငံရေး ဆောင်ရွက်ခွင့်တွေကို တားမြစ်တာဟာ တဘက်မှာ မြန်မာအစိုးရနဲ့ အမေရိကန် အပါအ၀င် နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် ကြိုးပမ်းနေတဲ့ အပိုင်းကိုလည်း ထိခိုက်စရာ ရှိနိုင်တယ်လို့ မစ္စတာ မက်ကိန်းက ပြောသွားပါတယ်။
“ကျနော် အဲဒီမှာ ရှိနေတုန်းက အစိုးရအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်း အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်းတာမျိုးတွေ တွေ့ခဲ့ရပါတယ်။ အခု ဒီဖြစ်ရပ်ကတော့ ဒီကြိုးပမ်းမှုတွေအတွက် ထိခိုက်စေတယ်လို့ မြင်ပါတယ်။”
တကယ်လို့သာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူလာမယ်၊ ဖိနှိပ်လာမယ် ဆိုရင်တော့ နိုင်ငံတကာ အနေနဲ့ အရေးယူ တုံ့ပြန်ရလိမ့်မယ်လို့လည်း အထက်လွှတ်တော်အမတ် မက်ကိန်းက ပြောပါတယ်။ အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေက ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ်လို့ ဆိုပါတယ်။
“ဒေသတွင်းနိုင်ငံတွေ အနေနဲ့ ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်ပါတယ်။ အထူးသဖြင့်တော့ လာမယ့် ၂၀၁၄ မှာ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ပေးသင့်၊ မပေးသင့် ဆိုတာကို အသေအချာ စဉ်းစားသုံးသပ်ဖို့ လိုပါလိမ့်မယ်။ မြန်မာလူထုရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ခွင့်ပြုပေးဖို့ အစိုးရကို ဖိအားပေးဖို့အတွက် တခြားအရေး ဆောင်ရွက်မှုတွေလည်း လုပ်သင့်ပါတယ်။”
မစ္စတာ မက်ကိန်းဟာ ပြီးခဲ့တဲ့လဆန်း အတွင်းကပဲ မြန်မာနိုင်ငံကို သွားရောက်ပြီး နေပြည်တော်မှာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံသလို ရန်ကုန်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်အထိ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား တက်ကြွလှုပ်ရှားသူ အတော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့အနေနဲ့တော့ မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေးပိုင်းမှာ ကနဦးအဆင့် အနေနဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်းကို နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ပေးပြီး နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။