သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည်နှုတ်ဆက်


NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကို နှုတ်ဆက်အမှာ စကားပြောကြားစဉ် (ဓါတ်ပုံ- NLD Chairperson)
NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကို နှုတ်ဆက်အမှာ စကားပြောကြားစဉ် (ဓါတ်ပုံ- NLD Chairperson)

ဧပြီလ (၁)ရက်နေ့မှာ စတင်အုပ်ချုပ်မယ့် NLD အစိုးရအဖွဲ့မှာ ဝန်ကြီးတာဝန်တွေကို ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ တနင်္လာနေ့က ပြည်ထောင်စု လွှတ်တော်မှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ကို နောက်ဆုံး အကြိမ်တွေ့ဆုံနှုတ်ဆက်ပြီး အဂတိလိုက်စားမှုကင်းကြဖို့ အဓိကမှာကြား ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ အနားယူပြီး အစိုးရအဖွဲ့ ကိုဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်အတွက် စိန်ခေါ်မှုတွေဘာတွေရှိနေမလဲ။ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

မနေ့က NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ အဂတိလိုက်စားမှု ကင်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြော ကြားသွားကြောင်း တွေ့ဆုံပွဲ ကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထက်အောင်က ပြောပါတယ်။

“လက်ရှိ ရှိနေတဲ့အခွင့်အရေးတွေမှာ သာယာနေသလား၊ အဂတိလိုက်စားတယ် ဆိုတာ အကျင့်ပျက်ချစားမှုလုပ်မှ မဟုတ်ဘူး၊ လာဘ်စားမှုမှမဟုတ်ဘူး၊ လက်ရှိ ရှိနေတဲ့အခွင့်အရေးမှာပဲ သာယာနေတယ်ဆိုရင်လည်း အဂတိထဲမှာ ပါနေပြီ။ ဒါတွေကို ကိုယ့်ကိုကိုယ်ပြုပြင်ကြရမယ်။ တိုးတက်အောင်လုပ်ကြရမယ်ဆိုပြီး အဓိကပြောသွားတာပါ။”

ဒါအပြင် မဲဆန္ဒရှင်ပြည်သူတွေ စိတ်မပျက်ရအောင် လွှတ်တော် ကိုယ်စား လှယ်တွေရဲ့ တာဝန်ကျေပွန်ဖို့မှာကြားခဲ့တယ်လို့ လည်း နောက် NLD လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ် တဲ့ ဒေါ်မေစိုးကလည်း ပြောပါတယ်။

“ဆင်းရဲတဲ့ဒဏ်ခံနိုင်ဖို့ ပြောသွားတာပါ၊ အရင်တုန်းကတော့ ဆင်းရဲတဲ့ ဒဏ်ခံခဲ့ရ တယ်ပေါ့နော်။ အနှစ် (၃၀)နီးပါးလောက်ပေါ့နော်။ အခုတော့ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်ဖို့ပေါ့နော်၊ နောက်ကြိုးစားဖို့၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ စည်းစည်းလုံး လုံး ဆက်လက်လုပ်ဆောင်နိုင်ဖို့ သြဝါဒပေးသွားပါတယ်။”

Aung San Suu Kyi met her NLD MPs
Aung San Suu Kyi met her NLD MPs

အစိုးရဝန်ကြီးတာဝန်တွေကို ယူတဲ့အခါ ၂၀၀၈အခြေခံဖွဲ့စည်းပုံအရ ပြည်သူ့ လွှတ်တော်နေရာကနေ အနားယူရမှာဖြစ်ပြီး၊ ပါတီကိစ္စတွေမှာလည်း ဝင်ရောက်လုပ်ပိုင်ခွင့်မရတော့တာကြောင့် အခုလို လွှတ်တော်မှာ သူ့ပါတီရဲ့ ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က နောက်ဆုံးအကြိမ် ခေါ်ယူတေ့ွဆုံခဲ့တာလည်းဖြစ်ပါတယ်။

အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့ရဲ့ ဉာဏ်ပညာအမျှော်အမြင်ကြီးမားမှုနဲ့ ကြိုးစားအားထုတ်မှုကို မေးခွန်းထုတ်စရာ မရှိပေမယ့် သူ့ရဲ့လုပ်ငန်းတာဝန်တွေ အောင်မြင်ဖို့ သူ့အနားမှာ အစွမ်းအစရှိပြီး ကူညီပေးနိုင်သူတွေ ရှိပါ့မလားဆို တာကိုတော့ မေးခွန်းထုတ် စရာရှိတယ် လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg က ပြောပါတယ်။

“သူနဲ့အလုပ်အတူလုပ်မယ့်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်မှု ရှိရဲ့လား၊ ဒါမှမဟုတ် အဲဒီလူတွေကရော သူ့အပေါ်မှာ ယုံကြည်မှု ရှိရဲ့လား ဆိုတာ မေးခွန်းထုတ်စရာပါ။ ကျနော်တို့လည်း အဖြေကိုမသိပါဘူး။ ဒါပေမဲ့ ဒီအချက်က အရေးကြီးပါတယ်။ ဝန်ကြီးဌာနတွေမှာ ရှိနေတဲ့ အဆင့်မြင့်အရာရှိ အတော်များများဟာ စစ်တပ်ဖက်ကလာတဲ့သူတွေဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အမတ်ကနေ အနားယူသွားပေမယ့် လွှတ်တော်ညွန်ကြားရေးမှုးချုပ်တွေပါဝင်တဲ့ လွှတ်တော်ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲမှာတော့ ဥက္ကဌ တာဝန်ကို ယူထားပါတယ်။ ဒါအပြင် NLD အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ်အမည်စာရင်း ပါဝင်လာပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အခြားအရေးပါတဲ့ ဝန်ကြီးဌာနသုံးခုကို ဒေါ်အောင်ဆန်းစုကြည် ပူးတွဲကိုင်တွယ်သွားမယ်လို့ သတင်းတွေထွက်နေတာပါ။

မတ်လ (၃၀) ရက်နေ့မှာတော့ သမ္မတသစ်အပါအဝင် NLD အစိုးရအဖွဲ့ဝင်အားလုံးဟာ ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုကြမှာဖြစ်ပြီး သမ္မတအာဏာလွှဲပြောင်းပွဲကို သမ္မတအိမ်တော်မှာ ညနေပိုင်းမှာ ကျင်းပဖို့စီစဉ်ထားပါတယ်။

XS
SM
MD
LG