သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လုံခြုံရေး NLD စိုးရိမ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကြားဖြတ် ရွေးကောက်ပွဲမှာ သူမကိုယ်တိုင် ဝင်ရောက် အရွေးခံမယ့် ကောမှူးမြို့နယ် ဝါးသိင်္ခကျေးရွားကို ရောက်ရှိနေပြီ ဖြစ်ပြီးတော့ အဲဒီမှာ ညအိပ်မှာဖြစ်ပါတယ်။ ဒီလို ကော့မှူးကိုသွားတဲ့အချိန်မှာ ခြိမ်းခြောက် နှောက်ယှက်တာတွေနဲ့ ကြုံခဲ့ရတယ်လို့ ဗွီအိုအေက သိရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က အစီရင်ခံထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ကော့မှူးမြို့နယ်ကို သွားရောက်ခဲ့တာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က ခြိမ်းခြောက် အနှောက်အယှက်ပေးတာတွေ ရှိခဲ့ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေက ကားတွေနဲ့ လိုက်လာပြီးတော့ ဝါးသိင်္ခရွာ ထိပ်နားမှာ အနှောက်အယှက် ပေးခဲ့တာဖြစ်တယ်လို့ ဗွီအိုအေက သိရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် လိုက်ပါသွားတဲ့ NLD ပါတီဝင်တဦးက အခုလိုပြောပြပါတယ်။

“ထိပ်တိုက်တွေ့တာ ရှိတယ်ဆိုတာထက်ကို သူတို့ဘက်က ပြင်ဆင်ထားတယ်လို့၊ အန်တီထွက်သွားပြီး ၁၀ မိနစ်မှာ campaign အဖွဲ့ကို အဲဒီသတင်း ဝင်လာတယ်။”

သူတို့ဆိုတာ ဘယ်သူတွေလဲခင်ဗျ။ -

“ကျနော်တို့သိတာတော့ ကြံ့ခိုင်ရေး ပါတီဝင်တွေလို့ သိထားတာပဲ။”

နောက်ဆုံး သိရသလောက်ကတော့ အခြေအနေတွေက အေးအေးဆေးဆေးနဲ့ ပြီးစီးသွားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါမှာ သူတည်းခိုနေထိုင်မယ့် အိမ်ကိုရောက်သွာပြီလို့ သိရပါတယ်။ အခုလိုဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စိုးရိမ်မိတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“အဲဒီလို နှောက်ယှက်တာက ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်တာလို့ အန်ကယ်တို့ အဲဒီလို မှတ်ယူတယ်လေ။ အဲဒီလို မှတ်ယူတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ ကျနော် အများကြီး စိုးရိမ်ပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူက နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနေနဲ့ ဒီဟာတွေကြောင့် သူ့ခရီးစဉ်တွေကို မဖျက်ဘူး။ ကျနော်တို့ အများကြီး စိုးရိမ်ပါတယ်။ ဒီနေ့ ဘယ်လောက်ထိ စိုးရိမ်လဲဆို၊ ဒီနေ့ ညနေ လေးနာရီမှာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ကနေ ကော့မှူးကို သွားတယ်။ လေးနာရီလောက်မှာ သတင်းတွေ တက်လာတယ်။ ဆန့်ကျင်ဘက် အုပ်စုတွေက အကြမ်းဖက် တိုက်ခိုက်မယ် ဆိုပြီးတော့ အဲဒီလို သတင်းတွေ တောက်လျှောက်ရတယ်။ တောက်လျှောက်ရတော့ ကျနော်တို့လည်း ကိုယ့်ဆိုင်ရာ နယ်မြေတွေကို အကြောင်းကြားရပါတယ်။ နယ်မြေတွေကလည်း သူတို့လည်း ရတဲ့သတင်းတွေ အပေါ်မှာ လိုအပ်တဲ့ ကာကွယ်မှုတွေဖြစ်အောင် ကြိုးစားပါတယ်။ ဒါပေမဲ့လို့ ဒီညနေ အခုထိ သိရသလောက်တော့ ဘာမှ ထိထိခိုက်ခိုက် ဖြစ်တာ မရှိခဲ့ဘူးလို့ သိရတယ်။”

ဒီလိုမျိုး အနှောက်အယှက်တွေ ကြုံရတဲ့အတွက် ရွေးကောက်ပွဲရဲ့ လွတ်လပ် တရားမျှတမှုကိုရော ဘယ်လိုမျိုး ထိခိုက်မှုတွေ ရှိလာနိုင်ပါသလဲခင်ဗျ။ -

“ဟုတ်ကဲ့။ လူတွေက စိတ်ဓာတ်အားဖြင့် ခြိမ်းခြောက်ခံရတာ၊ အမြင်အားဖြင့် ခြိမ်းခြောက်ခံရတာရှိရင်တော့ မျှတတဲ့ရွေးကောက်ပွဲလို့ ပြောဖို့တော့ ခက်သွားပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲက တရားမျှတမယ်၊ လွတ်လပ်မယ်လို့တော့ အန်ကယ်တို့ မပြောနိုင်ဘူး။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အန်ကယ်တို့က ဒီရွေးကောက်ပွဲကိုတော့ နောက်မဆုတ်ဘဲ ဆက်လက် ဝင်သွားမယ်၊ အဲဒီလို ဆုံးဖြတ်ထားတယ်။”

ဒီလိုမျိုး အနှောက်အယှက်တွေနဲ့ ပတ်သက်ပြီး NLD ပါတီအနေနဲ့ ဘာတွေ လုပ်သွားဖို့ စီစဉ်ထားပါသလဲခင်ဗျ။ -

“ကျနော်တို့ ဒီအနှောက်အယှက်တွေ အားလုံးကို တောက်လျှောက် အခု ရွေးကောက်ပွဲ မကျင်းပမီ လွန်ခဲ့တဲ့တစ်လလောက်ကတည်းက အန်ကယ်တို့ သတင်းစဉ်တွေ ထုတ်ပါတယ်။ ပြည်ထောင်စု ကော်မရှင်စီလည်း စာတွေပို့တယ်။ ဒါက တာဝန်ရှိတဲ့သူတွေက မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ဆောင်ရွက်နိုင်ဖို့ အန်ကယ်တို့ ကူညီတဲ့သဘောလို့ အဲဒီလို မှတ်ယူပြီး တောက်လျှောက် သတင်းထုတ်ပြန်ချက်တွေ ထုတ်ပါတယ်။”

အန်ကယ်တို့က ပြည်ထောင်စု ကော်မရှင်ကိုပဲ အကြောင်းကြားတာလား၊ အစိုးရအာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ဘာတို့ကိုရော အကြောင်းကြားပြီးတော့ အရေးယူ ဆောင်ရွက်ခိုင်းတာတွေ ရှိပါသလားခင်ဗျ။ -

“ကျနော်တို့က နှစ်ပိုင်းပါ။ တစ်ပိုင်းက ပြည်ထောင်စု ကော်မရှင်ကို တင်တာတွေရှိတယ်။ ကျန်တဲ့တစ်ပိုင်းကတော့ ကျနော်တို့ ရွေးကောက်ပွဲ ဥပဒေတွေအရ ပြစ်မှုဖြစ်တယ်လို့တွေ့ရင် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပါတယ်။ ရဲစခန်းတွေလည်း စုံစမ်းမှု ဆက်လုပ်နေတယ်လို့ပဲ သိရတယ်။ စွဲ တင်တဲ့အဆင့်ကို ကျနော်တို့ ခုထိ မကြားသေးပါဘူး။”

အန်ကယ်တို့ဘက်က အဲဒီလို တိုင်ကြားထားတဲ့ဥစ္စာတွေက ဘယ်လောက်လောက် ရှိပါသလဲခင်ဗျ။ -

“အရေအတွက်နဲ့ အဖြစ်အပျက် အရေအတွက်နဲ့ ပြောရရင်တော့ လေး ငါးဆယ်လောက်ကို ရှိတယ်။”

အဲဒီတော့ အန်ကယ်တို့ ဘာတွေ ဆက်လုပ်သွားဖို့ရှိပါသလဲ။ ရဲစခန်းက ဘာမှမလုပ်တဲ့အခါကျတော့။ -

“ကျနော်တို့ ရွေးကောက်ပွဲပြီးရင် ဒီကိစ္စတွေရဲ့ ဖြစ်စဉ်တွေ၊ process တွေ လုပ်နေတာတွေကို အန်ကယ်တို့ လေ့လာရမှာပါ။ အခုချိန်တော့ အဲဒါတွေကို မကိုင်နိုင်သေးပါဘူး။ အဲဒီတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း ရှိမရှိကို ကျနော်တို့ စိစစ်ပါမယ်။”

NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းပါ။ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွေကို မနက်ဖြန် ကျင်းပတော့မယ့် အချိန်မှာ မဲဆန္ဒနယ်တွေမှာ မဲစာရင်း ပြဿနာတွေလည်း ကြုံနေရသလို၊ အခုလိုမျိုး အလားတူ ခြိမ်းခြောက် အနှောက်အယှက် ပေးတာမျိုးတွေလည်း ရှိလာနေပါတယ်။

XS
SM
MD
LG