သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်


ရန်ကုန်မြို့ NLD ပါတီရုံးချုပ်တွင် ပါတီဝင်များကို မိန့်ခွန်းစကားပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)
ရန်ကုန်မြို့ NLD ပါတီရုံးချုပ်တွင် ပါတီဝင်များကို မိန့်ခွန်းစကားပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မြန်မာနိုင်ငံမှာ တရားဝင်ပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟိုဦးစီးအဖွဲ့ဝင်တွေ ဒီကနေ့ NLD ရုံးချုပ်မှာ စည်းဝေးပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ခုလို NLD ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျန်တဲ့ နိုင်ငံရေးပါတီတွေကရော ဘယ်လို သဘောထားပါသလဲ။ ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က စုံစမ်းပြီး အပြည့်အစုံ တင်ပြထားပါတယ်။

“ဒါဟာ ကျမတို့ပါတီရဲ့ အနာဂတ်အတွက် လုပ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီမိုကရေစီလှုပ်ရှားမှု တခုတည်းရဲ့ အနာဂတ်အတွက်လည်း ကျမတို့လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာဆိုတာကိုတော့ စွဲစွဲမြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။”

ဒါကတာ့ ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီအဖွဲ့ဝင်တွေရဲ့ ဆွေးနွေးပွဲမစခင်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာဖြစ်ပါတယ်။ ပြည်နယ်တဲ့တိုင်း ၁၄ ခုက ကိုယ်စားလှယ်ပေါင်း ၁၀၆ ယောက် တက်ရောက်ကြတဲ့ အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ မှတ်ပုံတင်မယ်၊ နောင်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သဘောထား ဆုံးဖြတ်အပြီး ကြားဖြတ် ရွေးကောက်ပွဲကျရင် ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့ပါတယ်။

“ပထမအသုတ်မှာ ကျမတို့ စမ်းပြီးတော့ ထည့်လိုက်တာလို့ ပြောလို့ရပါတယ်။ စမ်းပြီးတော့ထည့်လိုက်တာ ဆိုတာ ကျမတို့အတွက် စမ်းတာမဟုတ်ဘူးနော်။ ပြည်သူကလည်း ကျမတို့ကို စမ်းမှာပဲ။ အစတုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထပ်တလဲလဲ ပြောခဲ့တယ်။ ရွေးကောက် ခံခဲ့ရတယ်။ သို့သော်လည်း ဘာမှလုပ်ပိုင်ခွင့် မရခဲ့ဘူး။ အခု လုပ်ပိုင်ခွင့် ပိစိကွေးလေး ရတဲ့အချိန်မှာ ဘယ်လောက် လုပ်နိုင်သလဲ ဆိုတာကို ပြည်သူက ကြည့်နေမှာဖြစ်တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီးတော့ နိုင်ငံရေး လိုအပ်ချက်ကိုကြည့်ပြီးတော့ ကျမတို့ ဆုံးဖြတ်ပြီးတော့ သွားရမှာပါ။”

ခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မယ်လို့ ဆုံးဖြတ်တာကို လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြိုဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်စုကြည်က ဒီမိုကရေစီရရှိနိုင်ရေးကို ပိုပြီး လုပ်နိုင်မှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အမျိုးသား လွှတ်တော်ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရွှေက ခုလို မှတ်ချက်ပေးပါတယ်။

“welcome လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဝင် ရွေးကောက်ပွဲဝင်၊ ဝင်ပြီးတော့ လွှတ်တောထဲ ဒါမှမဟုတ် နိုင်ငံတော်အစိုးရအဖွဲ့ထဲ ပါဝင်ပြောတာကတော့ အကောင်းဆုံးပဲ။ သာမှန်လူတစ်ယောက် လုပ်နိုင်တာထက်ကို အန်ကယ်တို့က ပိုလုပ်နိုင်တယ်။ အန်ကယ်တို့ထက်ကို သူ ပိုလုပ်နိုင်ပါတယ်။ ဒီမိုကရေစီ ရသွားအောင်လို့။”

အန်ကယ်တို့အနေနဲ့က ဒါ ပြိုင်ဘက်ပါတီတစ်ခု တိုးလာတယ်လို့ သတ်မှတ်ပါလား။ -

“ပြိုင်ဘက်ရယ်လို့ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်လိုပဲ သတ်မှတ်မှာပဲ။”

၂၀၁၀ ရွေးကောက်ပွဲမှာ ဒုတိယအများဆုံး မဲအနိုင်ရခဲ့တဲ့ တစည ပါတီကလည်း ကြိုဆိုတယ်၊ ဝမ်းသာတယ်လို့ ပြောပေမဲ့ NLD ပါတီကို နိုင်ငံရေးလောကထဲမှာ ပြိုင်ဘက်ပါတီတစ်ခုလို သဘောထားတယ်လို့ တစည ပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေက ဆိုပါတယ်။

“ဘာလို့လဲဆိုတော့ NLD ပါတီအနေနဲ့ကလည်း ပါတီကြီးတစ်ခုပါ။ တတိုင်းပြည်လုံးကို ကိုယ်စားပြုပြီးတော့ ဖွဲ့စည်းထားနိုင်တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ကျနော်တို့ပါတီအနေနဲ့ကတော့ တတိုင်းပြည်လုံးကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ပါတယ်။ နောက်တခါ NLD ပါတီနဲ့လည်းပဲ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပြည်သူလူထု ထောက်ခံမှု အများကြီးရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ကလည်းပဲ ဒီကနေ့ နိုင်ငံတော်မှာသွားနေတဲ့ လမ်းကြောင်းဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးလမ်းမှာ အတူတကွ လျှောက်လှမ်းဖော်တွေ အနေနဲ့ပဲ ကျနော်တို့ သဘောထားပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အားလုံး ပြိုင်ပြီးတော့လုပ်ကြမယ့် ပြိုင်ဘက်ပါတီလို့ ကျနော်တို့ သဘောထားပါတယ်။”

လက်ရှိလွှတ်တော်မှာ ကိုယ်စားလှယ်တတိယအများဆုံး ကိုယ်စားပြုနေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အတွက် လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ အင်အားရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ NDF ပြောခွင့်ရသူ ဦးခင်မောင်ဆွေ ပြောတာက -

“မှတ်ပုံတင်တာကိုလည်း ကြိုဆိုတယ်၊ မှတ်ပုံတင်ပြီးတဲ့အခါမှာ ရွေးကောက်ပွဲကိုလည်း အင်နဲ့အားနဲ့ပေါ့ဗျာ။ ၄၈ နေရာရှိတဲ့အထဲမှာ ၄၈ နေရာလုံး ဝင်နိုင်အောင် ကြိုးစားသွာမယ် ဆိုလို့ရှိရင် ကျနော်တို့ လွှတ်တော်ထဲမှာ မျက်နှာငယ်နေတဲ့ အင်အားစုတွေက အားရှိတာပေါ့ဗျာ။”

NLD နဲ့ ပြန်ပြီး ပူးပေါင်းမှာပါလားလို့ ဦးခင်မောင်ဆွေကို မေးတော့ -

“ကျနော်တို့ဘက်ကတော့ သိပ်ပြီးတော့ ငြင်းစရာအကြောင်း မရှိပါဘူး။ သူကသာ လိုလားတယ်ဆိုရင် ကျနော်တို့က ကမ်းတဲ့လက်တွေကို ဆက်ပြီးတော့ လှမ်းသွားမှာပါ။”

၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် မဲဒုတိယအများဆုံး အနိုင်ရခဲ့သလို လက်ရှိမှာ ခေါင်းဆောင်တွေ အကျဉ်းကျနေလို့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ သဘောထားသိရဖို့လည်း ပြောခွင့်ရသူ ဦးစိုင်းလိတ်ကို မေးကြည့်ပါတယ်။

“အခု NLD အနေနဲ့ မှတ်ပုံဆက်တင်တယ်၊ ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကလည်း သူ့ရဲ့ ရပ်တည်ရေးအတွက် အရေးကြီးသလို ဒီမိုကရေစီ ရရာရကြောင်းအတွက်လည်း ကြိုးစားမှုတရပ်လို့ပဲ၊ မတူတာတွေကို ခွဲလုပ်ပြီး ဆက်လက်ပြီးတော့ မဟာမိတ်ပြုသွားဖို့ပဲ ရှိပါတယ်။”

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကရော NLD မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်မယ့် အတွက် ဘယ်လိုဖြစ်သွားမှာပါလဲ။

“အန်ကယ်တို့ကလည်း CRPP ရဲ့ အနေအထား ရှေ့ဆက်သွားမယ့် အန်ကယ်တို့ရဲ့ လုပ်ငန်း ရည်ရွယ်ချက် ဒါတွေကို ပြန်သုံးသပ်ဖို့ရှိပါတယ်။”

CRPP ပြောခွင့်ရ ဦးအေးသာအောင် ဖြစ်ပါတယ်။

XS
SM
MD
LG