သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်နဲ့ ဆွေးနွေးဖို့ NLD အဆင်သင့်


အစိုးရသစ်နဲ့ ဆွေးနွေးဖို့ NLD အဆင်သင့်
အစိုးရသစ်နဲ့ ဆွေးနွေးဖို့ NLD အဆင်သင့်

မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေပြေလည်ဖို့အတွက် နောက်တက်လာတဲ့အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး အပေးအယူလုပ်ဖို့ အဆင်သင့်ပဲလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ကချင်ပြည်နယ်က NLD ပါတီဝင်တွေ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ ရန်ကုန် NLD ရုံးချုပ်မှာ တိုင်းနဲ့ပြည်နယ်အလိုက် NLD စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ သောကြာနေ့မှာ အခုလို ပြောလိုက်တဲ့အကြောင်း အသေးစိတ်ကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

တွေ့ဆုံဆွေးနွေးရေးကို ဦးတည်နေတဲ့ NLD ပါတီဟာ နောက်တက်လာမယ့် အစိုးရသစ်နဲ့ရော ဘယ်အဖွဲ့အစည်းနဲ့မဆို ဆွေးနွေးညှိနှိုင်းပြီး အပေးအယူနဲ့ အလျော့အတင်းလုပ်ဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကချင်ပြည်နယ်က NLD စည်းရုံးရေးမှူးတွေနဲ့ဆွေးနွေးပွဲမှာ ပြောလိုက်တာပါ။ ဒါ့ကြောင့် NLD ပါတီဟာ စည်းလုံးညီညွတ်ကြဖို့လိုသလို လူထုရှေ့က မားမားမတ်မတ် ရပ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားတယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်ကပြောပါတယ်။

“တွေ့ဆုံဆွေးနွေးရေးကို ဦးတည်တဲ့အဖွဲ့ဖြစ်တယ်။ န.အ.ဖ မဟုတ်ဘူးဆိုရင်လည်း ဘယ်နံမည်နဲ့ အစိုးရပဲဖြစ်ဖြစ်ပေါ့လေ၊ နောက်ဆုံးကျတော့ တပ်မတော်အစိုးရအပေါ်မှာ သြဇာအာဏာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ဆိုတာကို ကျမတို့ ဦးတည်ချက်ထားပြီးတော့ လုပ်နေတာဖြစ်တယ်။ အဲဒီတော့ ကျမတို့ အနှစ် ၂၀ ကျော် အဆင်မပြေတဲ့ကိစ္စတွေကို ကျော်လွှားပြီးတော့ ညှိနှိုင်းဆွေးနွေဖို့ ကျမတို့ ဦးတည်နေတာ။ ဒီဟာအတွက် ကျမတို့အပေးအယူလုပ်ဖို့ အဆင်သင့်ပဲပါဆိုတာလည်း ထပ်လဲလဲပြောနေတယ်။ တွေ့ဆုံဆွေးနွေးတယ်ဆိုတာဟာ ဘယ်ဘက်ကမှ လိုချင်သလိုတော့ ရနိုင်မှာမဟုတ်ဘူး။ အလျော့အတင်းဆိုတာ ရှိမှာပဲဆိုတာ ကျမတို့ သဘောပေါက်တယ်။ ကျမတို့အချင်းချင်းလည်း မပြေလည်တဲ့အခါကျရင် အလျော့အတင်း ရှိရမယ်။ ဘယ်သူကပိုပြီးတော့ အလျော့ပေးနိုင်သလဲဆိုတာ ပြိုင်ပါတဲ့။ အထွေထွေအတွင်းရေးမှူးက လမ်းညွှန်ပါတယ်။”

ကယားပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ၁၃ ခုက NLD ပါတီ စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲတွေကို ၁၀ ရက်ကြာကျင်းပခဲ့တဲ့အထဲ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ကချင်ပြည်နယ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ကချင်ပြည်နယ်နဲ့ တွေ့တဲ့အခါမှာတော့ အဲဒီဒေသတွေမှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတဲ့ ကချင်လူထုရဲ့ခံစားချက်တွေကို ပြောပြခဲ့ကြပါတယ်။

“ရွေးကောက်ပွဲလုပ်ပြီးတော့ လွှတ်တော်ကျင်းပနေချိန်မှာ ဟိုမှာတပ်အင်အားတွေ တိုးချဲ့ပြီးတော့ တပ်ချတာတွေ တိုးလုပ်လာနေတယ်တဲ့၊ အဲဒီတော့ အဲဒါတွေဟာ တဖက်နဲ့တဖက်ပေါ့ဗျာ။ လက်နက်ကိုင် တိုက်ခိုက်ကြတော့မလို ပြည်သူလူထုက စိုးရိမ်ထိတ်လန့်နေတယ် ဆိုတာတွေကိုလည်း တင်ပြသွားကြပါတယ်ခင်ဗျ။”

ကချင်ပြည်နယ်တွင်း နိုင်ငံရေးဖိနှိပ်မှုကြီးတဲ့ အခြေအနေ၊ စိုးရိမ်စရာဖြစ်နေတဲ့ စီးပွားရေး မှောင်ခိုလောကနဲ့ လူငယ်တွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေအပေါ်မှာလည်း NLD ပါတီက ဘယ်လိုကူညီနိုင်မလဲဆိုတာကို ဒီဆွေးနွေးပွဲအတွင်း စဉ်းစားခဲ့ကြပါတယ်။

“တိုင်းရင်းသားဒေသတွေလည်း ဖြစ်တယ်။ ပြီးတဲ့အခါကျတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း အလွန်ဖိနှိပ်တဲ့အနေအထားမှာ ရှိနေတယ်။ အဲဒါကြောင့်မိုလို့ စည်းရုံးရေးလုပ်ငန်းတွေက အခက်အခဲတွေ ရှိနေတဲ့အကြောင်း တင်ပြပါတယ်။ ကချင်ပြည်နယ်မှာ လူငယ်များအကြားမှာလည်း တခြား စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ မရှိတဲ့အခါကျတော့ မှောင်ခိုလုပ်ငန်းတွေနဲ့ပဲ ပတ်သက်နေတာတွေ ဖြစ်နေတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောင်ကားမှုနဲ့ သုံးစွဲမှု အခြေအနေကလည်း တအားကိုတက်လာတယ်။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်ကလည်း သူကိုယ်တိုင် စားဝတ်နေရေးကို လုပ်နေတာက မှောင်ခိုလုပ်ငန်းလို ဖြစ်နေတဲ့အခါကျတော့ သူကကြောက်နေတယ်။ အဲဒီသဘောတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေ တင်ပြပါတယ်။ ဒါ နိုင်ငံရေး စည်းရုံးရေးနဲ့ ပတ်သက်လို့။”

မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ ကြုံနေရတဲ့ သဘာဝပတ်ဝင်းကျင် ပျက်စီးမှု၊ လယ်ယာမြေသိမ်းခံရတဲ့ အခြေအနေတွေကလည်း ကချင်ပြည်နယ်မှာ ဆိုးဆိုးရွားရွားရှိနေတာ ဖြစ်ပါတယ်။

“တနိုင်းချောင်းဟာ အခုအခါမှာ မြစ်ရဲ့ ဟိုးအဖျားပိုင်းမှာ ရွှေကျင်တဲ့လုပ်ငန်းတွေဟာ အင်တိုက်အားတိုက်လုပ်နေတဲ့ အတွက်ကြောင့် ချောင်းကကောလာတယ်။ အဲဒီမှာ သောက်သုံးရေတောင် အခက်အခဲဖြစ်လာတယ်။ သွားလာဖို့ဆိုတာတောင်မှ မလွယ်တော့ဘူး ဖြစ်နေတယ်။ အဲဒီတော့ ဒေသ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေက တအားကိုဆိုးရွားနေတယ်။ ဖားကန့် အခြေအနေကတော့ အတော်ကို အဆိုးဆုံးဖြစ်နေပါတယ်။ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေကို ကုမ္ပဏီတွေကိုလုပ်ပိုင်ခွင့်တွေ အပြတ်ပေးထားတဲ့အတွက်ကြောင့် ဥတိုချောင်းဟာ အခုဆိုရင် လုံးဝပျောက်လုနီးပါး ဖြစ်နေပြီးတော့ လူတွေလည်းနေစရာမရှိအောင်ကို ဖြစ်နေပြီ။ အလွန့်ကို ဆိုးရွားခက်ခဲနေပါတယ်၊ အဲဒါကလည်း တတ်နိုင်ရင် ကူညီဖြေရှင်းပေးပါလို့ ပြေကြတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောပြခဲ့တာပါ။ ကချင်ပြည်နယ်မှာ ကျပ်တည်းတဲ့စီးပွားရေးကြောင့် ကျောင်းမနေနိုင်ကြတဲ့ ကလေးငယ်တွေနဲ့ ပညာရေးစနစ်နိမ့်ကျမှု၊ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းတဲ့ အခြေအနေတွေနဲ့အတူ လူမှုရေးကိစ္စတွေမှာလည်း အခက်အခဲရှိနေကြတဲ့ ကချင်လူထုရဲ့ ဘဝတွေကိုလည်း ကချင်အဖွဲ့တွေက တင်ပြခဲ့ကြပါတယ်။

NLD ရုံးချုပ်မှာ မတ်လ ၃ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ တိုင်းနဲ့ပြည်နယ် အဖွဲ့လိုက် ၁၀ ရက်ကြာ ဆွေးနွေးခဲ့အပြီး NLD ရုံးချုပ်နဲ့အတူ ဥပဒေအထောက်အကူပြုအဖွဲ့၊ လူငယ်ကွန်ယက်အဖွဲ့တွေအပြင် လူမှုထောက်ကူပြုအဖွဲ့တွေနဲ့ပါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ပြန်လည်ဆွေးနွေးပြီး အကူအညီပေးသွားဖို့ကိုလည်း ဆက်လက်စီစဉ်သွားမယ်လို့ NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG