သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရသစ် သံတမန်ထိပ်တန်းရာထူးတွေ အပြောင်းအလဲဖြစ်နိုင်ချေ


WASHINGTON MYANMAR EMBASSY
WASHINGTON MYANMAR EMBASSY

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရတက်လာတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတကာ ရှိနေကြတဲ့ မြန်မာသံအမတ်တွေကိုလည်း မကြာခင်မှာ ပြောင်းလဲပစ်တော့မယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာနေပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ အစိုးရသစ်ကို ဖွဲ့စည်းတော့မှာပါ။

ဒါကြောင့်လည်း စစ်အစိုးရလက်ထက်ကနေ ဦးသိန်းစိန် အစိုးရအထိ သံအမတ်နဲ့ သံမှူးအများစုကို စစ်တပ်က အရာရှိဟောင်းတွေကိုသာ ခန့်အပ်ခဲ့လေ့ရှိတာကြောင့် လက်ရှိ သံတမန်တွေနေရာမှာ အစိုးရရဲ့ အစိုးရသစ်ရဲ့ ပေါ်လစီတွေကို အကောင်အထည်ဖော်ဆောင်ပေးနိုင်သူတွေနဲ့ အစားထိုး ခန့်အပ်ဖို့လိုတယ်လို့ မြန်မာ သံတမန်ဟောင်းတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရလို့ခေါ်တဲ့ ဦးနုအစိုးရကို ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း တက်လာတဲ့ အစိုးရတွေ လက်ထက်မှာ မြန်မာနိုင်ငံက သံတမန်တွေရဲ့ အရည်အချင်းဟာ တဖြည်းဖြည်း ကျဆင်းခဲ့တယ်လို့ သံတမန်ဟောင်းတွေက ပြောပါတယ်။

အထူးသဖြင့်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ စစ်အစိုးရနောက်ပိုင်း Diplomatic Protocol လို့ခေါ်တဲ့ သံတမန် ကျင့်ထုံးတွေ၊ Career Diplomat လို့ခေါ်တဲ့ သံတမန် အရည်အချင်းနဲ့ ပြည့်ဝတဲ့ ဝန်ထမ်းတွေ လက်ရှိအချိန်မှာ အတော်လေး နဲပါးလာခဲ့တာပါ။

နိုင်ငံတကာမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးသွားရောက် တာဝန်ထမ်းဆောင်ကြတဲ့ သံတမန်တွေဟာ အစိုးရရဲ့ မူဝါဒတွေကို လိုက်နာ အကောင်အထည်ဖော်ပေးရတဲ့သူတွေ ဖြစ်တဲ့အတွက်လည်း လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ သံအမတ်တွေ၊ တခြား သံအရာရှိတွေကို အစားထိုးခန့်အပ်ဖို့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတာပါ။

ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲပစ်ချင်တယ်လို့ သတင်းထွက်နေတဲ့ သံအမတ်တွေ၊ သံအရာရှိတွေဟာ တကယ် ပြောင်းလဲပစ်သင့်တဲ့သူတွေဖြစ်တယ်လို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်လင်းထဋ်က ပြောပါတယ်။

“အခု သူ ပြောင်းမယ်ဆိုတဲ့ ၁၁ ယောက် ကျနော် Facebook ထဲမှာ တွေ့ပါတယ်။ ဒီ ၁၁ လုံးကလည်း ပြောင်းသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဝါရှင်တန်မှာရှိတဲ့ သံအမတ်ကြီးဆိုရင်လည်း ထောက်လှမ်းရေးကလာတဲ့ သံအမတ်ကြီးပါ။ စစ်ထောက်လှမ်းရေးအဖွဲ့တွေ ပြုတ်သွားပြီးတဲ့အခါမှာ သူတို့က ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ နိုင်ငံခြားရေးရုံးကို ပို့တယ်။ ပြီးတော့ အမေရိကားမှာ သံအမတ်ကြီးအနေနဲ့ ခန့်တယ်။ ဗြိတိန်မှာဆိုရင်လည်း ဗိုလ်ချုပ် ဦးကျော်စွာမင်းပေါ့လေ သူကလည်း စစ်ထောက်လှမ်းရေးပါပဲ။ အခုတော့ စရဖ ခေါ်တာပေါ့။ အဲဒီအဖွဲ့တွေ များပါတယ်။ အခု အရေးပါတဲ့ ဂျပန်တို့၊ အင်္ဂလန်တို့၊ ဝါရှင်တန်တို့၊ နယူးယောက်တို့ အစရှိတဲ့ နိုင်ငံကောင်းတွေမှာရှိတဲ့ သံအမတ်ကြီးတွေကတော့ တကယ့် လူကြီးနဲ့ နီးစပ်တဲ့သူတွေ၊ ထောက်လှမ်းရေးတွေကိုပဲ စေလွှတ်တာ များပါတယ်ခင်ဗျ။ ဒီလူတွေသည် ဖယ်ထုတ်မှသာ ဒေါ်အောင်ဆန်းစုကြည် တကယ့် လုပ်ချင်ကိုင်ချင်တဲ့ ကိစ္စတွေအားလုံးဟာ အဆင်ပြေပါလိမ့်မယ်။ ဒီလူတွေကို ဆက်ပြီးတော့ ခန့်ထားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်ချင်တဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

စစ်အစိုးရလက်ထက်အတွင်း နိုင်ငံတကာကို ထိုးဖောက်ဖို့ဆိုတဲ့ မူအသစ်ချမှတ်ပြီး နိုင်ငံခြားရေးရုံးမှာ စစ်တပ်က အရာရှိတွေကို တာဝန်ပေးတာ၊ သံအမတ်တွေအဖြစ် ခန့်အပ်တာတွေ လုပ်ဆောင်ပြီး ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်ခိုင်းခဲ့တယ်လို့ ဦးအောင်လင်းထွဋ်က ပြောပါတယ်။

“ကျနော်တို့ သံတမန်တွေနဲ့ ပတ်သက်ပြီးတော့မှ ၉၄၊ ၉၅ လောက်က စပြီးတော့မှ နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ဆိုပြီးတော့မှ စစ်တပ်ထဲက နည်းနည်း ပညာတတ်တဲ့သူတွေကို နိုင်ငံခြားရေးရုံး ပြောင်းပြီးတော့မှ နိုင်ငံတကာသံရုံးတွေမှာ တာဝန်ထမ်းဆောင်စေပါတယ်။ လူတွေ အထင်မှားတာက ကျနော်တို့ အဲဒီအချိန်တုန်းကတော့ ကျနော်တို့က စစ်ထောက်လှမ်းရေးပေါ့လေ။ ကျနော်တို့ နိုင်ငံတကာမှာလည်း အမေရိကန်တို့ ဘာတို့က ယာယီအနေနဲ့ ရန်ကုန်မှာ ကောင်စစ်ဝန် အရေခြုံပြီးတော့မှ ရှိတာရှိပါတယ်။ အလားတူပဲ KGB ကလည်း ရုရှားသံရုံးတွေမှာ ရှိပါတယ်။ အဲတော့ ဒီ ထောက်လှမ်းရေး အပိုင်းတွေအနေနဲ့ နိုင်ငံတကာမှာ ထိုးဖောက်လို့ရအောင် ဆိုပြီးတော့မှ ကျနော်တို့ စစ်ထောက်လှမ်းရေးက ဗိုလ်မှူးရဲ့ အထက်ပေါ့လေ အဆင့်ရှိတဲ့သူတွေကို ပထမဦးဆုံး ၄၊ ၅ ယောက်လောက် စပြီးတော့မှ နိုင်ငံခြားရေးရုံးကို ပြောင်းပါတယ်။ ပြောင်းပြီးတော့မှ သံတမန်တွေခန့်ပြီးတော့မှ ကျနော်တို့ ထောက်လှမ်းရေးလုပ်ငန်းပေါ့လေ ကျနော်တို့ လုပ်တာရှိပါတယ်။”

အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်မှာ အခြေချ နေထိုင်နေတဲ့ ဒေါ်ဖြူဖြူဟာ နိုင်ငံခြားရေးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။ သူက အစိုးရတွေအနေနဲ့ သံတမန်တွေကို ဘယ်လို ရွေးချယ်ခန့်အပ်လေ့ရှိတယ်ဆိုတာကို အခုလို ရှင်းပြပါတယ်။

“သံတမန်တွေကိုခန့်တဲ့အခါ အရင် ပါလီမန်ဒီမိုကရေစီ လက်ထက်တုန်းကတော့ နိုင်ငံခြားရေးရုံးကနေ သေချာလေ့ကျင့်ပေးထားတဲ့ အရာရှိငယ်ပေါ့ တတိယအတွင်းဝန်၊ ဒုတိယအတွင်းဝန်ရော၊ ပထမအတွင်းဝန်ရော၊ နောက် သံမှူးက အဲ့အထဲကနေ အရည်အချင်းရှိတဲ့သူတွေကို သံအမတ်အနေနဲ့ လွှတ်တာရှိတယ်။ ဒါပေမဲ့လည်း ဝန်ကြီးချုပ်ဦးနုအစိုးရလက်ထက်ကလည်း နိုင်ငံရေးအရ ခန့်အပ်တယ်ဆိုပြီးတော့ နိုင်ငံခြားရေးရုံးက မဟုတ်ဘဲနဲ့ အပြင်ဘက်က သံတမန်ကိစ္စတွေ လုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့သူ၊ စိတ်ချယုံကြည်ရတဲ့သူကို အဲ့လို ခန့်အပ်တာလည်းရှိတယ်။”

သံတမန်တဦးတွေရဲ့ အရေးပါမှု အခန်းကဏ္ဍကိုလည်း ဒေါ်ဖြူဖြူက အခုလို ဆက်ပြောပါတယ်။

“သံတမန်ဆိုတာ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံခြားရေးဌာန၊ ဗြိတိန်နိုင်ငံခြားရေးရုံး၊ ဒီမြန်မာပြည်မှာဆိုရင်လည်း နိုင်ငံခြားရေးရုံး အဲဒါ တိုင်းပြည်ရဲ့ ရှေ့တန်းစစ်မျက်နှာမှာ သွားရတဲ့လူတွေ။ ကိုယ့်တိုင်းပြည်ကိုယ်စား မူဝါဒတွေကို စေ့စပ် ညှိနှိုင်း ဆွေးနွေးတတ်ရမယ်။ ပြောတတ်ရမယ်၊ ဆိုတတ်ရမယ်။ အဲတော့ အောင်ဆန်းစုကြည်တက်လာတော့ သူသိပြီ။ သူ ဟိုတလောက ကျမ တွေ့တယ်။ သူ ဌာနတိုင်း၊ ဌာနတိုင်းကို ဝန်ထမ်းတွေ သူ မဖြုတ်ပါဘူး။ သူ ပြောတယ်လေ။ ဝန်ထမ်းတွေ ကြောက်စရာမလိုဘူးဆိုတာ။ အရည်အသွေး၊ အရည်အချင်းရှိအောင် သူ လုပ်မယ်။ ပြီးတော့ သူက ဘာလဲ။ ဒီနိုင်ငံခြားရေးရုံးကိုလည်း သူ စိတ်ဝင်စားတဲ့အတွက်ကြောင့် အရည်အချင်းရှိအောင်လုပ်ပြီးတော့ သူ့မှာလည်း ဦးနုအစိုးရလက်ထက်လိုပဲ နိုင်ငံရေးအရ ခန့်အပ်ပြီး ပို့မယ့်အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။”

အခုအသစ်တက်လာတဲ့ NLD အစိုးရအနေနဲ့ နိုင်ငံခြားရေးဌာန တခုထဲမဟုတ်ဘဲ တခြားဝန်ကြီးဌာနတွေနဲ့ အစိုးရအုပ်ချုပ်ရေး ယန္တရားကြီးတခုလုံးကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာကြောင့် အချိန်အတော်ကြာ လုပ်ယူရလိမ့်မယ်လို့ မြန်မာ့အရေး လေ့လာသူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

XS
SM
MD
LG