သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပညာရေး ရန်ပုံငွေပွဲ ဒေါ်စုဖွင့်လှစ်


ဒေါ်အောင်ဆန်းစုကြည် NLD ပညာရေးရန်ပုံငွေပွဲ ဖွင့်လှစ်စဉ်။
ဒေါ်အောင်ဆန်းစုကြည် NLD ပညာရေးရန်ပုံငွေပွဲ ဖွင့်လှစ်စဉ်။
နှစ် ၅၀ လုံးလုံး နုံချာခဲ့ရတဲ့ မြန်မာပညာရေးကို မြန်မာပြည်သူ အားလုံး က ဝိုင်းဝန်း ဆွဲတင် ပေးဖို့ လိုနေပြီလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးရန်ပုံငွေရှာတဲ့ ဒီကနေ့ ဖျော်ဖြေပွဲမှာ အခုလိုပြောဆို တိုက်တွန်းသွားတာပါ။ နှစ်ရက်ကြာ ပြုလုပ်မယ့် ဒီဂီတရန်ပုံငွေပွဲကို ဒီကနေ့ စတင်ဖွင့်လှစ်ခဲ့တာမှာ မြန်မာအစိုးရဝန်ကြီးအချို့လည်း တက်ရောက်အမှာစကားပြောကြားတာတွေရှိခဲ့ပါတယ်။ ဒီပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က အပြည့်အစုံပြောပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွှတ်မြောက်ခဲ့တဲ့ အချိန် က စပြီးတော့ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ၂နှစ်ပြည့်မှာ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ရပ်ကို ရန်ကုန်မြို့မှာ ကျင်းပလိုက်တာပါ။ အခုလိုကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် (၂) နှစ်ပြည့် အခမ်းအနားဖွင့်ပွဲမှာ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်စစ်အစိုးရတွေ အုပ်ချုပ်ခဲ့စဉ် နှစ်ပေါင်း ၅၀ မှာမြန်မာ့ပညာရေး ဟာ လုံးဝ နိမ့်ပါးခဲ့ပြီး အောက်တန်း၊ နောက်တန်းရောက်နေတာတွေကို ပြည်သူ တစ်ရပ် လုံး က အခုအချိန်မှာ တာဝန်တရပ် အနေနဲ့ ကိုယ်နိုင်တဲ့ ဘက်ကနေ အားလုံး ဝိုင်းဝန်းကူညီ ဆောက်ရွက်ကြဖို့ ဒီကနေ့ပွဲမှာ ပြောကြားလိုက်ပါတယ်။

“ကျမတို့ ပညာမြှင့်တင်ရေးအတွက် ကူညီစေချင်တယ်။ ငွေရေးကြေးရေးအရ ကူညီနိုင်တယ်ဆိုရင် ငွေရေးကြေးရေးအရ ကူညီပါ။ လုပ်အားပေးခြင်းအားဖြင့် ကူညီနိုင်တယ်ဆိုရင်လည်း လုပ်အားပေးခြင်းအားဖြင့် ကူညီပါ။ ဒါမှမဟုတ် ဘေးကနေပဲ အားပေးနိုင်တဲ့ အခြေအနေရှိတယ်ဆိုရင်လည်း အားမငယ်ပါနဲ့။ တကယ့်ကို အင်တိုက် အားတိုက် အားပေးတာ၊ တကယ့်ကို စိတ်ပါဝင်စားစွာနဲ့ အားပေးတာဟာ ငွေရေးကြေးရေးအရ အားပေးတာလောက်ကို အာနိသင်ရှိနိုင်ပါတယ်။ လူတိုင်း လူတိုင်းဟာ ကူညီနိုင်တယ်။ ငါတို့လည်း ဒီနိုင်ငံရဲ့ ပညာရေးမြင့်တင်ရေး အတွက် တနည်းတလမ်းနဲ့ ပံ့ပိုးနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပြီးတော့ တတ်နိုင်သလောက် ကြိုးစားပြီး ကူညီကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

နှစ်ရက်ကြာပြုလုပ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် တေးဂီတဖျော်ဖြေပွဲ ဟာ ပြည်သူရင်ပြင်ထဲမှာ ကျင်းပခဲ့တာဖြစ်ပြီးတော့ ပညာရေး ရန်ပုံငွေအတွက် အမှတ်တရ ပစ္စည်းတွေ ရောင်းချပြီးတော့လည်း ရန်ပုံငွေ ရှာဖွေခဲ့ပါတယ်။ အခုလိုအမှတ်တရ ပစ္စည်းတွေ ရောင်းချတာနဲ့ ရရှိလာတဲ့ အလှူငွေတွေကို မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ပညာရေးအတွက် အဓိက ကဏ္ဍတွေမှာ အသုံးချသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲတွေကြောင့် အခုလို ပညာရေးအတွက် အစိုးရနဲ့ အရင်က အတိုက်အခံ ဖြစ်ခဲ့တဲ့ အဖွဲ့ချုပ်တို့ကြားမှာ ပညာရေးအတွက် အတူဆောင်ရွက်ဖို့ ဆိုတာဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဆို အိပ်မက်တောင် မမက်ခဲ့ဖူးဘူးလို့ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။

“ယနေ့ကျင်းပတဲ့ပွဲမျိုးကို မိမိလိုပြည်ထောင်စုဝန်ကြီးအဖွဲ့ဝင်တစ်ယောက်အနေနဲ့ တက်ရောက် အမှာစကား ပြောကြားခွင့်ရခြင်းကိုက ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ၊ ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းတွေ၊ အရှိန်မြန်မြန်နဲ့ ဘယ်လောက် ရှေ့ရောက်နေတယ်ဆိုတာကို သက်သေထူရာရောက်တဲ့ အသီးအပွင့်တစ်ခုလို့ပဲ ခံစားရပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ဒါမျိုးဆိုတာ စိတ်ကူးနဲ့တောင် ယဉ်လို့မရခဲ့ပါဘူး။ ”

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားအကျိုးစီးပွားတစ်ခု ဖြစ်တဲ့ ပညာရေးကို ပါတီစွဲ ဂိုဏ်း ဂဃစွဲတွေ မရှိပဲ အားလုံး လက်တွဲ လုပ်ဆောင်ကြမယ်ဆိုတာ နိုင်ငံရေးအင်အားစုတွေကြားမှာ အမြစ်တွဲနေပြီ ဆိုတာကိုလည်း ခံစားလိုက်ရပြီလို့လည်း သမ္မတဝန်ကြီးဦးအောင်မင်း ကပြောပါတယ်။
နှစ် ၅၀ အရင်က အရှေ့တောင်အာရှမှာ အဆင့်အတန်းမြင့်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီး ဟာ အခုဆိုရင် အဲဒ့ီ အဆင့်ကနေ တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့ပြီးတော့ အာရှမှာ နေရာမရတော့ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ အခုလို နေရာမရတော့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးပြန်လည် အဆင့်မြှင့်တင်နိုင်ဖို့အတွက်လည်း အလှူငွေတွေ လိုအပ်နေတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အလှူရှင်အများကြီး ကျမတို့ လိုနေပါတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာဟာ တချိန်တခါတုန်းကဆိုရင် အာရှမှာတင်မက၊ တကမ္ဘာလုံးကပါ အသိအမှတ်ပြုလောက်အောင် လျှမ်းလျှမ်းတောက် တက္ကသိုလ်တခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့လို အခြေအနေကနေပြီးတော့ လျောဆင်းသွားတာကတော့ အာရှမှာတောင်မှ နေရာမရတဲ့ တက္ကသိုလ်တခုဖြစ်နေပါတယ်။ ပြန်ပြီးတော့ ကျမတို့နိုင်ငံရဲ့ ပညာရေးကို တကမ္ဘာလုံးကနေ လေးစားအောင်လို့ ကျမတို့ ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ စချင်ပါတယ်။”

မြန်မာပညာရေး ပြန်လည်သစ်ဆန်းလာဖို့ အတွက်လည်း ပညာရှင်တွေ လိုအပ်နေပြီး ပြည်တွင်းကိုပြန်လာ ပြီး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီကနေ့နဲ့ မနက်ဖြန်မှာပြုလုပ်မယ့် ရန်ပုံငွေ တေးဂီတ ဖျော်ဖြေပွဲမှာ ပြည်တွင်း က ထိပ်တန်း အနုပညာရှင်တွေကလည်း လူထုကို ဖျော်ဖြေမှုတွေပြုလုပ်ခဲ့ပြီးတော့ သူတို့ကိုယ်တိုင်လည်း တပိုင်တနိုင် အလှူငွေတွေ ထည့်ဝင်ခဲ့တာကိုလည်းတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက် တေးဂီတဖျော်ဖြေပွဲအတွက် အရင်က စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့ ထူးကုမ္ပဏီလို ရွှေသံလွင်လို၊ အေးရှားဝေါလ်လို ကုမ္မဏီတွေကလည်း အလှူငွေတွေ ထည့်ဝင်ခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။
XS
SM
MD
LG