သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နာယက သူရဦးတင်ဦး မယ်တော်ဆေးခန်းလေ့လာ


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ရောက်ရှိနေတဲ့ NLD နာယက သူရ ဦးတင်ဦး။ (မတ်လ ၂၄၊ ၂၀၁၄)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ရောက်ရှိနေတဲ့ NLD နာယက သူရ ဦးတင်ဦး။ (မတ်လ ၂၄၊ ၂၀၁၄)
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာ လူမူရေး၊ ပညာရေး ကျန်းမာရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မယ်တော်ဆေးခန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး လာရောက်ကြည့်ရူအားပေးပြီး မြန်မာပြည်တွင်း မှာလည်း လူငယ်မျိုးဆက်သစ်တွေဟာ ပညာသင်ကြားရမဲ့အချိန်မှာ နိမ့်ကျတဲ့အလုပ်တွေ လုပ်ကိုင်နေရတဲ့အကြောင်းပြောဆိုသွားပါတယ် ဒါအပြင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ဘက်ပေါင်းစုံမှာ နိမ့်ကျနေသေးတဲ့တိုင်းပြည်ရဲ့ အရေးကိစ္စတွေအတွက် သူတို့မှာလည်း တာဝန်ရှိတဲ့အကြောင်း ပြောသွားပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာစင်သီယာမောင် တည်ထောင်ထားတဲ့ မယ်တော်ဆေးခန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နယကကြီး ဦးတင်ဦး လာရောက်လေ့လာခဲ့ပါတယ်။ ဦးတင်ဦးက သူ့ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဒီနေရာကို လာရောက်ချင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာပြည်အတွင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နေထိုင်နေရတဲ့ တိုင်းရင်းသားတွေကို လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တဲ့ မယ်တော်ဆေးခန်းကို လာရောက်အားပေးတာဖြစ်တယ်လို့လည်း ဦးတင်ဦးက ဆိုပါတယ်။

“လက်နက်ကိုင် ပဋိပက္ခကလည်း ရှိနေသေးတော့ ဒီအရပ်ဒေသမှာနေရတဲ့ အင်မတန် ဝေးလံခေါင်သီတွေမှာနေရပြီးတော့ မပြည့်စုံတဲ့ တိုင်းရင်းသားတွေဟာ တိုးပွားပြီး များလာတာကို တဘက်တလမ်းကနေပြီးတော့ ဒေါက်တာစင်သီယာမောင်တို့လို ပုဂ္ဂိုလ်များက ဒီကလေးတွေနဲ့ပတ်သက်ပြီးတော့ သူတို့ရှေ့ဘဝ မျှော်လင့်ချက်ရှိရအောင်ဆိုပြီး အတတ်ပညာတစ်ခု သင်ကြားပေးဖို့ဆိုပြီး စီမံခဲ့တယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့၊ ပညာရေးနဲ့ ပတ်သက်လို့၊ လူမှုရေးနဲ့ပတ်သက်လို့ စသဖြင့် လူလားမြောက်အောင် သင်ကြားပေးတဲ့အတွက် ဒီမှာ လာရောက်ပြီးတော့ အားပေးကူညီပြုတာဖြစ်တယ်ဆိုတဲ့အကြောင်း အဖိုးအနေနဲ့ ပြောချင်ပါတယ်။”

ဒေါက်တာစင်သီယာမောင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကခေါင်းဆောင်နဲ့ ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ဘက်ဆွေးနွေးမူတွေ တိုင်ပင်ဆွေးနွေးနိုင်ခဲ့တာဟာ ရှေ့ဆက်ရမဲ့လုပ်ငန်းတွေအတွက် တန်ဖိုးကြီးတဲ့ ခြေလှမ်းတွေ အဖြစ် ရှုမြင်တယ်လို့ ဆိုပါတယ်။

“ပထမဦးဆုံးအကြိမ် တွေ့ဆုံပြီးတော့ အချက်အလက်ဖလှယ်ရတာက ကျမတို့အတွက် အင်မတန်မှ တန်ဖိုးရှိတဲ့အချိန်လည်း ဖြစ်ပါတယ်။”
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးတင်ဦးဟာ မြန်မာပြည်အတွင်းက မျိုးဆက်သစ်လူငယ်တွေရဲ့ နိမ့်ကျနေတဲ့ ဘဝအခြေအနေတွေကိုလည်း ပြောပြသွားခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော်အတွင်း တိုင်းပြည်ရဲ့အခြေအနေ နာလံမထူနိုင်ဖြစ်နေရတဲ့အပေါ် သူတို့မှာလည်း တာဝန်မကင်းဘူးလို့ ပြောသွားခဲ့ပါတယ်။

“သားတို့၊ သမီးတို့ အရွယ်တွေပဲ လက်ဖက်ရည်ဆိုင်တွေမှာ လက်ဖက်ရည်ရောင်းပြီးတော့ အမှိုက်ပုံကြားထဲမှာ အမှိုက်ကောက်ပြီးတော့ ရတဲ့ဟာလေးကို ကောင်းနိုးရာရာလေးရောင်းပြီးတော့ အသက်မွေးဝမ်းကြောင်းပြုရတာ ဒီနေ့အထိ ရှိနေပါသေးတယ်။ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရလာတာ နှစ်ပေါင်း ၆၀ ရှိတယ်။ သယံဇာတလည်း ပေါများပါတယ်၊ ဘာတယ်၊ စသဖြင့် ဘယ်လောက်ပဲပြောပြော၊ ဒီနေ့ခေါင်းဆောင်ကြီးများ ရှေ့ကနေယူသွားပေးတဲ့ လွတ်လပ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ တိုးတက်ရေးကိစ္စတွေမှာ အားနည်းချက်တွေ ရှိနေတာ ဖိုးဖိုးတို့လည်း အပြစ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို ၆၀ ကျော်၊ နှစ်ပေါင်း ၇၀ အတွင်းမှာ မွေးဖွားလာတဲ့ သားသမီးများဟာ အညွန့်တလူလူနဲ့ ကိုယ့်နိုင်ငံမှာ ပညာတွေ ပြည့်စုံပြီးတော့ အခြားအခြားသောနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီး ပညာတတ်မျိုးတွေ ဖြစ်စေချင်ပါတယ်။
သို့သော် ဒီအခြေအနေကို အင်မတန်မှ နိုင်ငံရဲ့ ကံကြမ္မာကြောင့် မရောက်ခဲ့ပါဘူး။”

ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းရဲ့ ဆေးခန်းအဆောင်သစ်တွေ တိုးချဲ့ထားရာမှာ စု-ဖောင်ဒေးရှင်း အပါအဝင် နိုင်ငံတကာက ပေးတဲ့ အကူအညီတွေ ရခဲ့တယ်လို့ ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

“ကျမတို့ ဒီဆေးခန်းအဆောက်အဦးအတွက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပါအဝင် ဒီ ဖောင်ဒေးရှင်းတွေပေါ့။ ပုဂ္ဂလိက ဖောင်ဒေးရှင်းတွေ ကနေပြီးတော့လည်း ကူညီပံ့ပိုးပေးထားတာတွေ အများကြီးရှိပါတယ်။ အဲဒီမှာတော့ ဒေါ်စုဖောင်ဒေးရှင်းကနေပြီးတော့ လှူဒါန်းထားတဲ့ ရန်ပုံငွေတွေပေါ့နော်၊ ပါရှိပါတယ်။”

ပြီးခဲ့တဲ့နှစ်တွေတုန်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို လာရောက်ကြည့်ရှုခဲ့ချိန်မှာ မယ်တော်ဆေးခန်းကို သွားဖို့ ကြိုးစားခဲ့ပေမယ့် ခရီးစဉ်အတွက် ထိုင်းဘက်က လုံခြုံရေးတာဝန်ယူပေးဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် မယ်တော်ဆေးခန်းကို လေ့လာလည်ပတ်မယ့် အစီအစဉ်ကို ဖျက်ခဲ့ရပါတယ်။

မယ်တော်ဆေးခန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီး နယ်စပ်ရောက်လာတဲ့ ကျောင်းသားတွေနဲ့အတူ ဖွဲ့စည်းတည်ထောင်ထားတဲ့ ဆေးခန်းဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့အတူကျောင်းသားတွေဟာ မယ်တော်ဆေးခန်းကို စတင် တည်ထောင်ခဲ့ပါတယ်။ မယ်တော်ဆေးခန်း စတင်တည်ထောင်စက ကုတင် ၄ လုံးနဲ့စတင်ခဲ့ပြီး အခုအချိန်ထိဆိုရင်လူနာပေါင်း ၁ သိန်း၊ ၄သောင်းကျော်ကို ကုသပေးခဲ့တာပါ။
ကလေးငယ်ပေါင်း ၃,၀၀၀ ကျော်ကို မယ်တော်ဆေးခန်းမှာပဲ မွေးဖွားနိုင်ခဲ့ပြီး ကျောင်းသား ၁ ထောင်ကျော် စာသင်နေတဲ့ ကလေးဖ့ွံဖြိုး တိုးတက်မှု စင်တာလို့ နာမည်ပေးထားတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းကိုလည်း ထူထောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဆေးဘက်ဆိုင်ရာ သင်တန်းပေါင်းများစွာကို ပ့ိုချနိုင်ခဲ့ပြီးဒေါက်တာစင်သီယာမောင်ကတော့ အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျာမဏီနဲ့ စပိန်နိုင်ငံတွေက ပေးအပ်တဲ့ ဆုတွေအပြင် မကြာသေးခင်ကပဲ သြစတြေးလျနိုင်ငံက ပေးတဲ့ ဆစ်ဒနီငြိမ်းချမ်းရေးဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။
XS
SM
MD
LG