သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရုံးအဖွဲ့မှူ း အသစ်ခန့်


 ဒေါ်အောင်ဆန်းစုကြည် နဲ့ ရုံးအဖွဲ့မှူး အဖြစ်ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာ ဒေါ်တင်မာအောင် (Photo-NLD Chairperson)
ဒေါ်အောင်ဆန်းစုကြည် နဲ့ ရုံးအဖွဲ့မှူး အဖြစ်ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာ ဒေါ်တင်မာအောင် (Photo-NLD Chairperson)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ရုံးအတွက် ရုံးအဖွဲ့မှူး အသစ်အဖြစ် ဦးမိုးဇော်ဦးကို ခန့်အပ်လိုက်တဲ့ အကြောင်း ပါတီတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်ပိုင်း ရုံးအဖွဲ့မှူး အဖြစ် ဆောင်ရွက်လာတဲ့ ဒေါက်တာ ဒေါ်တင်မာအောင်ရဲ့ နေရာမှာ ဦးမိုးဇော်ဦးကို အစားထိုး ခန့်အပ်လိုက်တဲ့သတင်း ထွက်လာတာပါ။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်လိုက်တဲ့ NLD ကိုယ်စားလှယ် အများစုပါဝင်တဲ့ လွှတ်တော်သစ်တွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့ တနလာၤနေ့ စတင်မယ့် အချိန်မှာဘဲ လက်ရှိ ဒေါက်တာ တင်မာအောင်ရဲ့ ရုံးအဖွဲ့မှူး နေရာမှာ ဦးမိုးဇော်ဦးက အစားထိုးပြီး စတင်တာဝန်ယူမှာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံး ရှိခဲ့ပြီး ရုံးအဖွဲ့မှူးအဖြစ်လည်း တာဝန်ယူခဲ့သူ ဒေါက်တာ တင်မာအောင် က ပါတီ အတွက် ဘယ်လို တာဝန်တွေ ပြောင်းလဲ ထမ်းဆောင်မလဲ ဆိုတာကိုတော့ ပါတီဘက်က ထုတ်ဖော် ပြောဆိုတာမရှိသေးပါဘူး။

လွှတ်တော် ၂ ရပ်စလုံကို ကြီးစိုးပြီး အစိုးရဖွဲ့စည်းနိုင်လောက်တဲ့ အထိ အများစု အနိုင်ရထားတဲ့ NLD ပါတီဘက်က အကူးအပြောင်းကာလ အကဲဆတ်မှုကို အကြောင်းပြပြီး သမ္မတ အမည်စာရင်း၊ အစိုးရ အဖွဲ့ လျာထားချက်နဲ့ ပတ်သက်လို့ မထုတ်ပြန်သေးတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ရုံးအဖွဲ့မှူး အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာ တင်မာအောင် ဘယ်လို တာဝန်မျိုး ယူလာမလဲ ဆိုတာကိုလည်း အများက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒေါက်တာ တင်မာအောင်ရဲ့ နေရာမှာ အစားထိုး ခန့်ထားလိုက်တဲ့ ဦးမိုးဇော်ဦးကတော့ ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွေ နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ဝင်ရောက်ခဲ့သူ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်ကနေ မဟာဝိဇ္ဇာဘွဲ့ ရရှိထားတဲ့ ဦးမိုးဇော်ဦးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလက စလို့ NLD ဥက္ကဌ ရုံးမှာ အလုပ်လုပ်ကိုင် နေသူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG