သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး NLD ပြင်ဆင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခရီးစဉ်အတွင်း ကားပေါ်ကထွက်ပြီး လူထုကို မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်နဝါရီလ ၂၉၊ ၂၀၁၂)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခရီးစဉ်အတွင်း ကားပေါ်ကထွက်ပြီး လူထုကို မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်နဝါရီလ ၂၉၊ ၂၀၁၂)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း ခရီးစဉ်ဟာ လူထုတွေရဲ့ အပြည့်အ၀ ထောက်ခံမှု ရရှိခဲ့တဲ့ အောင်မြင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်တယ်လို့ NLD ပါတီက သုံးသပ်ပါတယ်။ ဒါ့အပြင် လာမယ့် စနေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးတိုင်းနဲ့အတူ တခြား နယ်မြို့တွေကိုလည်း သွားဖို့ စီစဉ်ထားသလို ကြားဖြတ် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးမှုတွေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းကစလို့ စတင်စည်းရုံးတော့မယ် လို့လည်း NLD ပါတီက ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ထားဝယ်မြို့ကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တဲ့ ခရီးစဉ်ဟာ NLD ပါတီကို လူထုရဲ့ ထောက်ခံမှုအပြည့်အ၀ ရှိတယ်ဆိုတာကို ပြခဲ့တဲ့ အောင်မြင်တဲ့ ခရီးစဉ်လို့ NLD ပါတီက သုံးသပ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင်တွေ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ယေဘုယျအားဖြင့် ကျနော်တို့ရဲ့ ခရီးစဉ်ဟာ အောင်မြင်တယ်။”

ဒါ့အပြင် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း မဲဆွယ် စည်းရုံးရေးတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့နောက်ပိုင်းမှာ စတင် မဲဆွယ်စည်းရုံး နိုင်ပြီမို့ NLD ပါတီကနေ ဝင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ် စည်းရုံးရေး ကိစ္စတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စတွေကို ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြတာပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးကြမယ့် မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတတွေ ရအောင် ဘယ်လို ကြိုတင်စီစဉ်ကြမယ်၊ NLD ပါတီကို မဲဆန္ဒရှင်တွေ ဘယ်လို ခွဲခြားသိမလဲ ဆိုတာတွေကို ရှင်းပြဖို့ အဓိက သူတို့ ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီဟာ ခမောက်တံဆိပ် ဖြစ်ပေမဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ခွပ်ဒေါင်းတံဆိပ် ဖြစ်တယ်ဆိုတာကို ခွဲခွဲခြားခြား သိအောင် ရှင်းပြဖို့ ပြင်ဆင်ထားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“၁၀ ရက်နေ့မှာ ကျနော်တို့ အောင်နိုင်ရေး အတွက် စပြီးတော့ campaign ဆင်းလို့ရပြီ။ campaign ဆင်းလို့ရပြီ ဆိုတဲ့နေရာမှာ လူထု ဆန္ဒမဲပေးအောင် ဘယ်လို စည်းရုံးမလဲ၊ ဆန္ဒမဲ ပေးတဲ့နေရာမှာ မဲဆန္ဒရှင်တွေကို အဓိက ပညာပေးနိုင်အောင်ပေါ့၊ မဲပေး မမှားအောင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့ပါတီက၊ ဥပမာ အရင်တုန်းက ကျနော်တို့က ခမောက်နဲ့ သင်္ကေတလုပ်ပြီး မဲပေးခဲ့တယ်။ အခုက အခုထက်ထိ တချို့နေရာတွေမှာ ခမောက်ကို NLD လို့ပဲ ထင်ယောင်ထင်မှား ဖြစ်နေသေးတယ်။ အဲဒါတွေကို ကျနော်တို့ ကြားနေရတယ်ပေါ့လို့ ပြောတယ်။ ဆိုတော့ အဲဒါတွေကို ဘယ်လိုလုပ်ကြမလဲ၊ အဲဒါမျိုးတွေ ဆွေးနွေးကြတာ ရှိပါတယ်။ အခု ကျနော်တို့ နယ်ကလာတဲ့ အတွေ့အကြုံတွေအရ လုပ်ရတာတွေ ဘာတွေကတော့ ခုထက်ထိ ဇဝေဇဝါ ဖြစ်နေသေးတယ် ဆိုတဲ့သတင်းတွေ ကျနော်တို့ ရတဲ့အကြောင်း ဆွေးနွေးကြတော့ အဲဒါတွေကို လူထုကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်၊ သိအောင်ပေါ့။ သူတို့လည်း မမှားအောင်ပေါ့လေ အကူအညီပေးရမယ်။ အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်ခင်ဗျ။”

ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲမှာ ရှိမယ့် ကြိုတင်မဲ ကိစ္စတွေမှာ မသာမာမှု မဖြစ်ရအောင် NLD က စောင့်ကြည့်သွားမယ်လို့လည်း ပြောပါတယ်။

“ကြိုတင်မဲကတော့ ကျနော်တို့က နောက်ထပ် ကော်မရှင်မှာ ဖော်ပြထားတဲ့အတိုင်း ကြိုတင်မဲက စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖြစ်ရဲ့လားပေါ့နော်။ အဲဒါ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ ဒီဟာကို မြို့နယ်အလိုက် မြို့နယ်အလိုက် အောင်နိုင်ရေး ကော်မတီတွေကနေ စောင့်ကြည့်ရမှာပေါ့။”

အခု ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း စည်းရုံးရေး မဆင်းခင်မှာ ပါတီ စည်းရုံးရေးအဖြစ် လာမယ့် ဖေဖော်ဝါရီလ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးတိုင်းကို ဒေါ်အောင်ဆန်းစုကြည် သွားဖို့ စီစဉ်ထားသလို တခြား တိုင်းနဲ့ ပြည်နယ်တွေကိုလည်း သွားဖို့ရှိတယ်လို့ ပြောပါတယ်။

“မန္တလေး ဆိုရင် ၄ ရက်နေ့၊ ကျနော်တို့ သွားဖို့ရှိပါတယ်။ နောက်ပြီးတော့ ပုသိမ် ဆိုရင် ၇ ရက်နေ့ သွားဖို့ရှိပါတယ်။ ကျန်တဲ့ရက်တွေကတော့ ကျနော်တို့ အသေးစိတ် သတ်မှတ်ထားတယ်လို့ မရှိသေးပါဘူး။ နောက် ရှမ်းပြည်မြောက်ပိုင်း သွားဖို့ရှိတယ်လို့ ကျနော်တို့ သိပါတယ်။ ကချင်ပြည်နယ်ဘက်လည်း စီစဉ်တော့ စီစဉ်နေပါတယ်။ အဲဒါမျိုးတွေ ရှိပါတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောပြခဲ့တာပါ။ ဒ့ါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းမှာ စည်းရုံးရေးခရီးတွေ ထွက်ဖို့ရှိပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ဝင်ပြိုင်မှာဖြစ်သလို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကြောင်းအတွက် ပြန်လည် ရှင်းပြထားတဲ့ စာအုပ်ငယ်တွေကိုလည်း အများပြည်သူ ဖတ်ရှု လေ့လာနိုင်အောင် NLD ပါတီက မကြာခင် ဖြန့်ဝေမယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG