သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရလဒ်


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အနိုင်ရမှုအတွက် ဝမ်းသာကြည်နူးနေကြသည့် ရန်ကုန်မြို့က NLD ပါတီ ထောက်ခံသူတချို့။ (ဧပြီလ ၁၊ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အနိုင်ရမှုအတွက် ဝမ်းသာကြည်နူးနေကြသည့် ရန်ကုန်မြို့က NLD ပါတီ ထောက်ခံသူတချို့။ (ဧပြီလ ၁၊ ၂၀၁၂)

အခုနောက်ဆုံးရထားတဲ့ မဲရလဒ်အခြေအနေကို ကြားဖြတ်ရွေးကောက်ပွဲရဲ့ မဲ အနိုင်အရှုံးကို တောက်လျှောက်စောင့်ပြီး သတင်းယူနေတဲ့ ကိုကျော်ကျော်သိန်းကို ဒေါ်မေငြိမ်းက မေးမြန်းထားပါတယ်။

အခုနောက်ဆုံး မဲအနိုင်အရှုံးရဲ့ အခြေအနေကို ပြောပါဦးရှင်။ -

“ဟုတ်ကဲ့။ အခုနောက်ဆုံး ကျနော် ဒီအသံမလွှင့်ခင် အချိန်လေးအထိကိုပေါ့လေ။ ကြေညာထားတာတွေ၊ ရေတွက်ထားတာတွေ အရကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက ကြားဖြတ် ရွေးကောက်ပွဲနေရာ ၂၀ ထက်မနည်းမှာ အနိုင်ရနေတဲ့သဘောမျိုး ကျနော် တွေ့ထားရပါတယ် ခင်ဗျ။ အခုလောလောဆယ်မှာတော့ မန္တလေးတိုင်း၊ မဟာအောင်မြင် မြို့နယ်က အနိုင်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်ကို မြို့နယ်ကော်မရှင်က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အတည်ပြုလိုက်တယ် ဆိုတဲ့အကြောင်းနဲ့ တခြား မြို့နယ်တစ်ခုဖြစ်တဲ့ ဝါးခယ်မ မှာအနိုင်ရတာကိုလည်း မြို့နယ်ကော်မရှင်က အတည်ပြုလိုက်ပြီဆိုတဲ့ အကြောင်းတွေကို NLD ကနေပြီးတော့ ခုနတုန်းကလိုပဲ LCD screen ကြီးနဲ့ တီဗွီဖန်သားပြင်မှာ ကြေညာထားတာ ကျနော် တွေ့ရပါတယ်။ နေပြည်တော်မှာဆိုရင်တော့ ဒီနေ့ ဥတ္တရသီရိ နဲ့ ဇဗ္ဗူသီရိ မဲဆန္ဒနယ်တွေမှာ အနိုင်ရထားပြီးတော့ အရင်တုန်းက အဆိုတော်ဖြစ်တဲ့ ကိုဇေယျာသော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပုပ္ပသီရိ မဲဆန္ဒနယ်ကတော့ ခုချိန်ထိ မဲစာရင်းရလဒ် ထွက်မလာသေးပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ကော့မှူးမြို့နယ်ထဲက မဲရုံ ၁၂၉ ရုံမှာ ၁၂၈ ရုံကို အနိုင်ရပြီးတော့ မဲရုံတစ်ရုံမှာတော့ ရှုံးနိမ့်တယ်ဆိုတာ ကျနော်တို့ သိထားရပါတယ်။”

နောက်ထပ် ထူးခြားတာတွေရော ဘာများရှိသေးလဲရှင့်။ -

“နောက်ထပ် ထူးခြားချက်တစ်ခုကတော့ သိပ်မကြာခင် အချိန်ပိုင်းလေးတွင်းကပဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အထူးသဖြင့်တော့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေပေါ့လေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာပါ အကြောင်းအရာကတော့ အဓိကအားဖြင့် လူထုထောက်ခံမှုကြောင့် အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရတဲ့သတင်းကို သူ ကြားရပါတယ်တဲ့။ ဒီ ထောက်ခံမှုကြောင့် အဖွဲ့ချုပ်ဝင်တွေအနေနဲ့ ဝမ်းသာတာဟာ သဘာဝကျပါတယ်၊ ဒါပေမဲ့ တဘက် ပုဂ္ဂိုလ် အဖွဲ့အစည်းတွေ စိတ်မကောင်းဖြစ်စေနိုင်တဲ့ ပြောဆိုမှု အပြုအမူတွေကို ရှောင်ရှားပါ၊ ပြည်သူလူထုရဲ့ အောင်မြင်မှုကို သိက္ခာရှိတဲ့အောင်မြင်မှု ဖြစ်စေဖို့ သတိပြုပါ ဆိုပြီးတော့ သတိပြုစေလိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါကတော့ ဒီကနေ့ ပြီးခဲ့တဲ့အချိန်ပိုင်းကပဲ ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်ထဲက စာသားတချို့ပါ မမေငြိမ်းရေ။”

ဟုတ်ကဲ့ အခုတော့ လူတွေက အများကြီးပဲလား။ -

“လူတွေက လျော့မသွားတဲ့အပြင် တိုးကိုတိုးလာနေပါတယ်ခင်ဗျ။ လမ်းမမှာလည်း ကားတွေပိတ်ပြီးတော့ လူအုပ်က လမ်းတဘက်တချက်ပေါ့လေ၊ အဖွဲ့ချုပ်ရုံးတဘက်မှာ၊ နောက် တဘက် ကားလမ်းမှာ အပြည့်ပါပဲ လူအုပ်က။ အော်သံတွေ၊ သီချင်းဆိုသံတွေ၊ ကခုန်သံတွေ၊ ကြွေးကြော်သံတွေ စသည်အားဖြင့် အများအပြားကို တွေ့နေရဆဲပါ။ လူထုက လျော့မသွားတဲ့အပြင် တိုးလာနေပါတယ်။”

လူတွေက အများကြီးဆိုတော့ လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိလဲရှင့်။ -

“လုံခြုံရေး အခြေအနေကတော့ တာဝန်ရှိသူတွေက ထွေထွေထူးထူး စီစဉ်ပေးထားတာမျိုး ဝတ်စုံဝတ် ယူနီဖောင်းပေါ့လေ ရဲတပ်ဖွဲ့ဝင်တွေလိုမျိုး စသည်အားဖြင့် ကျနော် မတွေ့ရပါဘူး။ ကားတွေ သွားလာမှု လွယ်ကူ အဆင်ပြေစေဖို့အတွက် အဖွဲ့ချုပ် အဖွဲ့ဝင်တွေကိုယ်တိုင်က ကားတွေကို သူတို့ မေတ္တာရပ်ခံပြီးတော့ ဖြေရှင်းပေးနေတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ နေ့လည်ပိုင်းကတည်းက လူအုပ်က တဖြည်းဖြည်းများလာ ရှိလာတယ်ဆိုပေမဲ့လည်း အခုချိန်ထိ ဘာမှ ပြဿနာ တစုံတရာ မတွေ့ရပါဘူး။ ဖြတ်သွားဖြတ်လာကားတွေ ကိုယ်တိုင်ကလည်း လက်တွေ့ဝှေ့ယမ်းတာ အော်ဟစ်တာ၊ အလံတွေ ဝှေ့ယမ်းသွားတာတွေ ရှိသလို တဘက်နဲ့တဘက် သည်းခံပြီးတော့ တစီးနဲ့တစီး သည်းခံပြီးတော့ သွားလာနေကြပါတယ်။ လူတွေကိုယ်တိုင်ကလည်း အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဒီလို စုဝေးပြီးနေကြတာ တွေ့ရပါတယ်။”

XS
SM
MD
LG