သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကြေညာချက် NLD ကြိုဆို


မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် ၂၁ အောက်တိုဘာ ၂၀၁၄။
မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် ၂၁ အောက်တိုဘာ ၂၀၁၄။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမယ့် ၂၀၁၅ နိုဝင်ဘာလအတွင်း ကျင်းပပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေငြာချက်ကို ကြိုဆိုပေမဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအတွင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဝေဖန်စရာတွေ ရှိခဲ့တာကြောင့် လာမယ့် ရွေးကောက်ပွဲမှာတော့ လွတ်လပ် တရားမျှတမှုရှိစေဖို့ စောင့်ကြည့်သွားမယ်လို့ အတိုက်အခံပါတီတွေက ပြောဆိုပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံကြပြီးတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်ချက်တွေကို အကြိုညှိနှိုင်းခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က မဲသမာမှုတွေ၊ မဲစာရင်းလိမ်လည်မှုတွေ ရှိခဲ့တယ်လို့ ဝေဖန်ခံခဲ့ရတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ သတိထားစောင့်ကြည့်သွားဖို့ လိုအပ်မယ်လို့ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုလိုက်တာပါ။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဖြစ်ခဲ့သလို မဲမသမာမှု ဖြစ်စဉ်တွေတော့ လျော့နည်းသွားနိုင်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“အန်ကယ်လ်တို့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကြည့်လိုက်တဲ့အခါမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒါ ကော်မရှင်က တော်တော်လေး နာမည်ပျက်တာပေါ့။ အခု ၂၀၁၅ ပေါ့ အဲ့ဒီအချိန်နဲ့ ဒီအချိန်နဲ့ ကွာခြားချက်က ၂၀၁၀ ခုနှစ်တုန်းကတော့ အန်ကယ်လ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ပြီး အရွေးခံခဲ့တာ မရှိပါဘူး။ ၂၀၁၅ မှာတော့ အန်ကယ်လ်တို့က တိတိကျကျကြီးကို ဝင်ပြီးတော့ အရွေးခံမှာပါ။ မဲဆန္ဒနယ်တိုင်းလိုလိုကို ဝင်ပြီးတော့ အရွေးခံမှာပါ။ အန်ကယ်လ်တို့ ဝင်အရွေးခံတဲ့အခါမှာ အန်ကယ်လ်တို့မှာတော့ အန်ကယ်လ်တို့အဖွဲ့ဝင်အင်အားပေါ့လေ တခြားနိုင်ငံရေးပါတီတွေထက်စာရင် အဖွဲ့ဝင်အင်အား အန်ကယ်လ်တို့က အများကြီး တောင့်တင်းပါတယ်။ အများကြီးတောင့်တင်းတဲ့အတွက်ကြောင့် မဲရုံတိုင်းကို အန်ကယ်လ်တို့က အန်ကယ်လ်တို့ မဲရုံကိုယ်စားလှယ်တွေ စေလွှတ်နိုင်မယ်။ စောင့်ကြည့်တဲ့အဖွဲ့တွေ အန်ကယ်လ်တို့ စေလွှတ်နိုင်မယ်။”

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တာပါ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပသွားမယ်လို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုခဲ့ပါတယ်။

"ကျနော်လုပ်ထားတာများ လိုနေသေးရင်၊ ခင်ဗျားတို့ အကြံပြုချင်တာများ ရှိနေသေးရင် အကြံပြုလို့ရပါတယ်။ ကျနော့်ဘက်ကတော့ ဟုတ်လား လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ကိုဖြစ်မယ်။ ကျနော် ဒိုင်အနေနဲ့ နေမယ်။ ခင်ဗျားတို့ အချင်းချင်း Check and Balance ပြောမယ်။ တိုင်လာရင်ဥပဒေနဲ့ ငြိစွန်းတာပဲ။ open court လုပ်မယ်။ ခင်ဗျားတို့ တက်နားထောင်လို့ရတယ်။ ခင်ဗျားတို့ လျှောက်လဲလို့ရတယ်။ ခင်ဗျားတို့ ရှေ့နေခေါ်လို့ရတယ်။ ဒီအတိုင်း ကျနော်က ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ အောက်တိုဘာလ မိန့်ခွန်းထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေတွေကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နှောင့်နှေးနိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတရုံ၊ လွတ်လပ်ရုံသာမက အချိန်မီ လုပ်ကိုလုပ်ရမယ်လို့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ထုတ်ပြန်ခဲ့တာကြောင့် NLD အနေနဲ့ ကြိုဆိုကြောင်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“ဒီကော်မရှင်ဥက္ကဌကြီးပြောတာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ညီတယ်လို့ သူတို့ပြောတယ်။ သမ္မတကြီးပြောတဲ့ဥစ္စာကတော့ ရွေးကောက်ပွဲက postpone ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်လို့ ပြောတာပါ။ အဲ့ဒီအပေါ်မှာတော့ အန်ကယ်လ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ယုံကြည်တာကတော့ ရွေးကောက်ပွဲဆိုတာ အချိန်မှန်မှန် လုပ်ရမယ့် ရွေးကောက်ပွဲပါ။ postpone လုပ်တယ်ဆိုတာ ဒါက နည်းလမ်းမကျဘူး။ တနည်းအားဖြင့်ပြောရင် ဒါက constitution နဲ့ မညီဘူးလို့ အန်ကယ်လ်တို့က ဒီလိုပဲ ပြောရမယ်။”

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းမှားယွင်းမှု မရှိရလေအောင် လာမယ့် ၂၀၁၄ နိုဝင်ဘာလအတွင်း စတင်ပြီး မဲစာရင်းကောက်ယူမှုတွေကို လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မဲစာရင်းတွေကို ကွန်ပြူတာ data စနစ်ကို အသုံးပြုပြီး ၂၀၁၅ နောက်ပိုင်း ရွေးကောက်ပွဲတွေမှာပါ အသုံးပြုနိုင်အောင် စီစဉ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ အဲ့ဒါအပြင် လာမယ့်ရွေးကောက်ပွဲအတွင်း မဲစာရင်းတိကျစေဖို့၊ လွတ်လပ်စွာ လေ့လာစောင့်ကြည့်နိုင်ဖို့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ထံကို အကြံပြုချက်တွေ တိုင်ကြားချက်တွေ ပေးပို့နိုင်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ အာဏာရ ပြည်ခိုင်ဖြိုးပါတီကို ယှဉ်ပြိင်နိုင်ဖို့အရေး အဓိက အတိုက်အခံပါတီ NLD အပြင် နိုင်ငံရေးပါတီတွေအနေနဲ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး လိုလားနေကြတာပါ။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ မနေ့က အောက်တိုဘာလ ၂၀ ရက်နေ့မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ပါတယ်။ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေအနေနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး ပူးပေါင်းပါဝင်ဖို့နဲ့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG