သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD မှတ်ပုံတင်ဖို့ဆုံးဖြတ်ချက် ပြည်ပတိုင်းရင်းသားကောင်စီ ထောက်ခံ


NLD မှတ်ပုံတင်ဖို့ဆုံးဖြတ်ချက် ပြည်ပတိုင်းရင်းသားကောင်စီ ထောက်ခံ
NLD မှတ်ပုံတင်ဖို့ဆုံးဖြတ်ချက် ပြည်ပတိုင်းရင်းသားကောင်စီ ထောက်ခံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တရားဝင်ပါတီအဖြစ် ပြန်မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ပြည်ပရောက် တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) က ကြိုဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်တွင်း ဝင်ရောက်ပြီး လုပ်ပိုင်ခွင့် ရယူဆောင်ရွက်မှသာ တနိုင်ငံလုံးလိုလားတဲ့ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ENC ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆလိုင်းလျှံမုန်းက ပြောပါတယ်။ ဒေါက်တာ လျှံမုန်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ENC အနေနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ လိုလားတာကြောင့်ဖြစ်တယ်လို့ အခုလို ဖြေကြားသွားပါတယ်။

“ကျနော်တို့ တိုင်းရင်းသားလူမျိုးများကောင်စီအနေနဲ့ ပြည်ထောင်စုရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။ အဲဒီအတွက်ကြောင့်ပဲ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးချင်း နောက်တစ်ရက်မှာပေါ့နော် ကျနော်တို့ တိုင်းရင်းသားလူမျိုးများ ကောင်စီကနေပြီးတော့ အလားတူ ကြေညာချက်တစ်ခုထုတ်ပြီးတော့ ကြိုဆိုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုပါမှ ကျနော်တို့ ပြည်ထောင်စု ပြဿနာကို ဖြေရှင်းလို့ရမယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။”

ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုပဲ ပြန်ပြီးမှတ်ပုံ မတင်တဲ့ တိုင်းရင်းသားပါတီတွေ ရှိပါတယ်။ အထူးသဖြင့် SNLD (ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ရခိုင်တိုင်းရင်းသားပါတို့ပါ၊ UNA ရဲ့ သဘောထားထဲမှာတော့ UNA က ယတိပြတ် ထောက်ခံတယ်ဆိုတာတော့ ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ သိရသလောက်တော့ တချို့ ခေါင်းဆောင်ပိုင်းက မကြိုက်တဲ့သဘောလက္ခဏာ တွေ့ရပါတယ်။ အထူးသဖြင့် သူတို့ပါတီခေါင်းဆောင်တွေ၊ ဥပမာ ဦးခွန်ထွန်းဦးတို့ ဆိုရင် ထောင်ထဲမှာပဲ ရှိပါသေးတယ်။ အဲဒီတော့ ENC ရဲ့သဘောထားနဲ့ အထဲမှာ တိုင်းရင်းသားပါတီတွေရဲ့သဘောကကော ဒီမှာ နည်းနည်း သဘောကွာဟနေတဲ့သဘော မရှိဘူးလား။ -

“ပြည်ထောင်စုရဲ့ ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက်ဆိုရင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ နိုင်ငံရေးမှတ်ပုံတင်ပြီးတော့မှ လှုပ်ရှားတာပိုကောင်းတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ပြီးတော့ ပြည်ပမှာရောက်နေတဲ့ ကျနော်တို့ အဖွဲ့အစည်းတွေကလည်းပဲ အခု သမ္မတဦးသိန်းစိန် အစိုးရနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့လိုတယ် ဆိုပြီးတော့ ကျနော်တို့ သုံးသပ်ပါတယ်။”

အခုအနေအထားကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအာဏာပိုင်တွေနဲ့ မကြာခဏ တွေ့ဆုံတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေ တောက်လျှောက်တောင်းဆိုလာတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ မျှော်လင့်စရာရှိသေးလဲခင်ဗျ။ -

“သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲလို့ ကျနော်တို့ပြောတဲ့အခါမှာ လူအတော်များများက နားလည်မှုလွဲပါတယ်။ ဟိုတုန်းက ပင်လုံညီလာခံကဲ့သို့ ညီလာခံကြီးကိုခေါ်ပြီးတော့ အဲဒီမှာ အဖွဲ့သုံးဖွဲ့ လာတွေ့ဆုံ ဆွေးနွေးမယ် ဆိုတဲ့ပုံစံမျိုး မြင်ယောင်ပြီးတော့ လူတွေက အမျိုးမျိုး စိတ်ကူးယဉ်နေတာဖြစ်တယ်။ ကျနော်တို့ ပြောနေတဲ့ သုံးပွင်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆိုတာ ကျနော်တို့ပြည်ထောင်စုရဲ့ အဓိက ပြဿနာသုံးရပ်ကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။ စောစောက ကျနော်ပြောတဲ့ တိုင်းရင်းသားပြဿနာ၊ ဒုတိယက စောစောကကျနော်ပြောတဲ့ ဒီမိုကရေစီပြဿနာ၊ နောက် တတိယပြဿနာတစ်ခုက စစ်အာဏာရှင် ပြဿနာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သုံးပွင့်ဆိုင်လို့ ကျနော်တို့ ပြောနေတဲ့ ပြည်ထောင်စုပြဿနာ သုံးရပ်ဖြေရှင်းဖို့ဆိုတာ လုံးဝကို လိုအပ်ပါတယ်။ ကျနော်တို့ မရမနေကြိုးစားပြီးတော့ ကျနော်တို့ ဖြေရှင်းဖို့ လိုအပ်ပါတယ်လို့ ဆိုပြီးတော့ ကျနော် ပြောချင်ပါတယ်။”

အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်တဲ့ကိစ္စပေါ့နော်၊ အခုလက်ရှိအားဖြင့်တော့ တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွေထဲမှာရှိပါသေးတယ်။ တချို့နေရာတွေမှာ ဆိုရင်လည်း တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်။ ဒီလိုအခြေအနေအောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်တာ စောတယ် ဆိုပြီးတော့ ဝေဖန်သံတွေ ကျနော်တို့လည်း ကြားထားပါတယ်။ အဲဒီတော့ ENC ရဲ့အမြင်ကရော ဘယ်လိုရှိပါသလဲခင်ဗျ။ -

“NLD အနေနဲ့ ခွင်ထဲကိုဝင်ပြီးတော့ စင်မြင့်ပေါ်တက်ပြီးတော့ ဒိုင်လုတဲ့ပွဲထဲမှာ ဝင်သင့်တယ်လို့ ကျနော်တို့ မြင်မိပါတယ်။ အခု ကျနော်တို့ ပြည်ထောင်စုရဲ့ နိုင်ငံရေးစင် ဒိုင်လုရမယ့်စင်က လွှတ်တော်ဖြစ်နေပါတယ်။ အပြင်မှာရှိနေပြီး အော်နေတာထက် အထဲကနေပြီးတော့မှ NLD အနေနဲ့ ဝင်ပြီးတော့ အခုန ကျနော်တို့ ပြောနေတဲ့ ဒီမိုကရေစီပြဿနာ၊ တိုင်းရင်းသားပြဿနာ၊ အခုတိုက်ပွဲတွေဖြစ်နေတဲ့ အစိုးရထဲမှာ သော်လည်းကောင်၊ တပ်မတော်ထဲမှာသော်လည်းကောင်း hardliner တွေ အများကြီးရှိနေတယ်။ ဆိုတော့ ဒီလူတွေကို ကျနော်တို counter လုပ်ဖို့က အပြင်ကနေ အော်နေတာထက်စာရင် NLD အနေနဲ့ လွှတ်တော်ထဲမှာ လွှတ်တော်ကနေပြီးတော့ ဝင်ကစားရင် ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်တို့ သုံးသပ်မိပါတယ်။

“ကျနော်တို့ ညီနောင်တိုင်းရင်းသား ပါတီတွေပေါ့နော်၊ UNLD၊ UNA မှာလည်း ကျနော် အတွင်းရေးမှူး လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ အဲဒီအတွက်ကြောင့် ကျနော့်ရဲ့ ပါတီဟောင်းဖြစ်တဲ့ UNLD အဖွဲ့ဝင်အားလုံး ကလည်းပဲ ပြန်လည် မှတ်ပုံတင်ပြီးတော့မှ တဖြည်းဖြည်းနဲ့ ရွေ့ရင်း မြန်မြန်သွားနိုင်ဖို့ပဲ ကျနော်တို့ အားလုံး ကြိုးစားကြရအောင်လို့ ကျနော် တိုက်တွန်းချင်ပါတယ်။”

တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလျှံမုန်းကို ကိုသားညွန့်ဦး ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG