သုံးရလွယ်ကူစေသည့် Link များ

အစောပိုင်းရွေးကောက်ပွဲရလာဒ်တွေအရ တိုင်းနဲ့ပြည်နယ် တဝှန်းလုံးမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုမှာ အနိုင်ရ နေတယ်လို့ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲ ပြဿနာအပါအဝင် မဲပေးခွင့်ဆုံးရှုံးမှုတွေနဲ့ အခြားရွေးကောက်ပွဲမသမာမှုတွေ ရှိခဲ့တယ်လို့လည်း NLD နဲ့ ရွေးကောက်ပွဲလေ့လာသူတွေက ထောက်ပြထားကြပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ကို တင်ပြပေးထားပါတယ်။

မဲရုံတွေက မဲအရေအတွက်ရလဒ်တွေနဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေကို အနီးကပ်မှာ ပြောင်းလဲခဲ့တဲ့အတွက် အခက်အခဲတွေ၊ စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် NLD အနေနဲ့ နိုင်ငံတဝှန်းလုံးက နေရာအများစုမှာ အစောပိုင်းထွက်လာတဲ့ရွေးကောက်ပွဲရလဒ်တွေအရ အနိုင်ရနေတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ဗွီအိုအေကိုပြောပါတယ်။

“ဧရာဝတီတိုင်း၊ တနင်္သာရီ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း-အဲဒီနေရာတွေက ရာနှုန်းပြည့်နီးပါးလောက်နိုင်တယ်။ မန္တလေးတိုင်းမှာ သုံးနေရာလောက်ရှုံးတယ်။ နေပြည်တော်မှာတော့ (၅) မြို့နယ်မှာ (၁) မြို့နယ်ရှုံးပြီး (၄) မြို့နယ် ကျနော်တို့နိုင်တယ်။ နောက်တစ်ခုက ပဲခူးတိုင်းမှာ (၂) နေရာပဲရှုံးပြီး ကျန်တဲ့ နေရာတွေမှာ အကုန်နိုင်တယ်ဆိုတော့ တိုင်းကြီး (၇) တိုင်းမှာ ၉၀ % လောက် ကျနော်တို့နိုင်တယ်ဆိုတာ တွက်လို့ရတယ်။ ပြည်နယ်တွေမှာကျတော့ မွန်ပြည်နယ်ကလည်း ၉၀ % လောက်နိုင်တယ်။ ကရင်ပြည်နယ်က စာရင်းအပြည့်အစုံမရသေးသော်လည်း အခု ရသလောက် ၇၀ % လောက် နိုင်လိမ့်မယ်။ ကယားပြည်နယ်ကလည်း (၇) မြို့နယ်မှာ (၄) မြို့နယ်စာရင်းကသိပြီ။ ကျနော်တို့နိုင်တယ်။ ကျန်တဲ့သုံးမြို့နယ်ကတော့ တချို့နိုင်ပြီး တချို့ ရှုံးဖို့များတယ်။ ကချင်မှာတော့ ၆၅ % လောက်နိုင်တယ်သတင်းရပြီ။ ရှမ်းကတော့ မရသေးဘူး။ ရခိုင်မှာတော့ ကျနော်တို့ ၂၅ % လောက်ပဲရတယ်။ ရခိုင်ပါတီတွေနိုင်တယ်ပေါ့။ အဲဒီတော့ total အခုထိပေါင်းမယ်ဆိုလို့ရှိရင် ၈၀ % ကျော်နိုင်တယ်လို့ ကျနော်တို့ ခန့်မှန်းလို့ရပါတယ်ခင်ဗျ။ ”

တနင်္ဂနွေကကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲစာရင်းအမှားအယွင်းတွေ၊ မဲရုံတွေမှာ ပြဿနာတွေကြုံခဲ့ရပေမဲ့ တနိုင်ငံလုံးအတာအတာနဲ့ ပြောပလောက်အောင် မများခဲ့ဘူးလို့ တနင်္လာနေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ပြောပါတယ်။ မဲရုံ ၁,၀၀၀ မှာ ဖြစ်စဉ် ၁ ကြိမ်ပဲရှိတယ်ဆိုတဲ့ သဘောတွေ့ရပြီး ရွေးကောက်ပွဲဟာ အောင်မြင်မှု ရှိခဲ့တယ်လို့ သူကပြောသွားပါတယ်။

ဒါပေမဲ့လည်း မဖြစ်သင့်တဲ့ ရွေးကောက်ပွဲမသမာမှုတွေရှိခဲ့တယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

“ရွေးကောက်ပွဲဟာ အောင်အောင်မြင်မြင်နဲ့ပြီးသွားတာတော့ မှန်တယ်။ ဒါပေမယ့် ဒိထက် ချောချောမွေ့မွေ့ဖြစ်ချင်လို့ရှိရင် မဖြစ်သင့်မဖြစ်ထိုက်တဲ့ အထစ်အငေါ့လေးတွေ တချို့ဟာတွေက တမင်သက်သက် ဖန်တီးတဲ့အထစ်အငေါ့လေးတွေ ရှိတယ်။ ဥပမာဆိုပါတော့ လားရှိုးမှာဖြစ်တဲ့ကိစ္စ၊ ကျနော်တို့ အဖွဲ့ချုပ်က ဦးထွန်းရွှေနဲ့ ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်း-ကိစ္စမှာ ပိုလျှံမဲတွေရောက်လာတယ်။ အဲဒီပိုလျှံမဲတွေက သတ်မှတ်ထားတဲ့အချိန်မဟုတ်ဘဲနဲ့ ရောက်လာတာ၊ သတ်မှတ်ထားတဲ့အချိန်ဆိုတာက ဒီလို၊ ပြည်တွင်းပိုလျှံမဲဆိုရင်း မနက်ခင်း (၆) နာရီကတည်းက မဲရုံဖွင့်တာနဲ့ရောက်ရမယ်။ ပြည်ပက ရောက်လာတဲ့ဟာဆိုလို့ရှိရင် ညနေ ရုံးပိတ်တာနဲ့ရောက်ရမယ်၊ အဲဒီလိုမဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့က ကန့်ကွက်တယ်။ စည်းကမ်းနဲ့မညီတဲ့ အတွက်ကြောင့်ကန့်ကွက်တယ်။ ကန့်ကွက်တဲ့အခါမှာ အဲဒီကော်မရှင်က လက်မခံဘူး၊ ပယ်ပြီး ဆက်ရေတယ်။”

မဲရုံတွေမှာ မဲစာရင်းအရေအတွက် ရှုပ်ထွေးမှုတွေဖြစ်ခဲ့သလို ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေကို အများပြည်သူက သံသယရှိနေဆဲ ဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးစိန်ကျော်လှိုင်ကပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ကိုလည်း လူတွေက သိပ်မယုံကြည်ဘူးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ နဂိုရ်ကတည်းက ဦးတင်အေးက ၃၀ % လောက်ပဲ မဲစာရင်းမှန်ကန်မယ်လို့ အာမခံထားတာရှိတဲ့အတွက် အခုလည်းပဲ ၄ နာရီနောက်ပိုင်း တချို့ဆိုရင် ညဘက်ကျမှရောက်လာတဲ့ ကြိုတင်မဲစာရင်းတွေ ရှိတယ်။ ဘယ်က ရောက်လာမှန်းလည်းမသိဘူး၊ ဘယ်ကအရေအတွက်တွေမှန်းလည်းမသိဘူး။ အဲဒါမျိုးတွေဖြစ်တဲ့အခါမှာ အခုထိ အငြင်းပွားနေတုန်းပဲ ရှိပါတယ်။ ဒီကိစ္စတွေအပေါ်မှာ ရွေးကောက်ပွဲကော်မရှင်က မှန်မှန်ကန်ကန် ဖြေရှင်းပါ့မလားဆိုတာလည်း ဘယ်သူမှ အတိအကျမသိဘူး။ ဒါကြောင့်မို့လို့လည်း လူတွေက စိုးရိမ်မှုတွေ ပိုပြီးတော့ ပြန့်နှံ့နေတာဖြစ်တယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲရလဒ်တွေကို နေ့စဉ် ထုတ်ပြန်သွားမှာဖြစ်ပြီး တနိုင်ငံလုံးရဲ့ရလဒ်အားလုံးကို ၂ ပတ်အတွင်း ကြေညာမှာဖြစ်ပါတယ်။ လက်ရှိ တိုင်းရင်းသားဒေသ နယ်စွန်နယ်ဖျားတွေမှာရှိတဲ့ မဲရုံတွေရဲ့ရလဒ်တွေစောင့်နေရဆဲဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်ရှင်။

XS
SM
MD
LG