မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီထောက်ပံ့ရေး၊ HIV/AIDS ဝေဒနာရှင်တွေနဲ့ တခြား လိုအပ်နေသူတွေကို အကူအညီ ပေးနိုင်ရေးအတွက် ဈေးရောင်းပွဲတခုကို ရန်ကုန်မြို့မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တနင်္ဂနွေနေ့က စတင်ပြုလုပ်နေပါတယ်။
၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့အကြို ရန်ပုံငွေရှာ ဈေးရောင်းပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဆိုင်ခန်းပေါင်း ၁၇ ခန်း ရောင်းချတဲ့ ဈေးရောင်းပွဲမှာ အနယ်နယ် အရပ်ရပ်က NLD အဖွဲ့ဝင်တွေ ယူလာကြတဲ့ ဒေသထွက် ပစ္စည်းတွေ၊ အစားအသောက်တွေအပြင် အမှတ်တရ ပစ္စည်းတွေနဲ့ စာအုပ်တွေကိုလည်း ခင်းကျင်း ရောင်းချနေပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်မှာ ကွန်ပျူတာနဲ့ ဆွဲထားတဲ့ ပန်းချီ ပို့စ်ကတ် (Postcard) တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လှူတဲ့ ပစ္စည်းတွေကိုလည်း ရန်ပုံငွေအတွက် ရောင်းပါတယ်။
ဈေးရောင်းပွဲ ဖွင့်လှစ်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ စာအုပ်တွေ ဝယ်ယူ အားပေးခဲ့တယ်လို့ ဈေးရောင်းပွဲမှာ ရှိနေတဲ့ NLD အဖွဲ့ဝင်တွေက ပြောပါတယ်။ ဈေးရောင်းပွဲကို NLD အဖွဲ့ဝင်တွေသာမက တခြား စိတ်ဝင်စားသူတွေလည်း လာရောက် အားပေးကြတယ်လို့ သိရပါတယ်။