အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီး ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ကွင်းပြည့် လူတွေ လာရောက် အားပေးခဲ့ကြပါတယ်။ အစောပိုင်းတုန်းကလည်း ရန်ပုံငွေဈေးရောင်းပွဲ လုပ်ခဲ့တာမှာ တော်တော်များများ လာပြီး အားပေးကြတယ်လို့ ပွဲစီစဉ်သူတွေက ပြောကြပါတယ်။ ဂီတအသိုင်းအဝိုင်းထဲက နာမည်ကြီး တေးဂီတဝိုင်းတွေ အဆိုတော်တွေ ကူညီ တီးခတ်သီဆိုပေးကြတဲ့ ပွဲအကြောင်းကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး ပထမဆုံးကျင်းပတဲ့ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Convention Center MCC မှာ ကျင်းပနေတာမှာ လူတွေ တော်တော်လေး လာပြီးအားပေးနေကြတယ်လို့ ပွဲသွားကြည့်သူတွေက ပြောပါတယ်။ ဂီတဖျော်ဖြေပွဲကို ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းပြောခဲ့တာမှာ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးမှုရှိဖို့ ငြိမ်းချမ်းရေးနဲ့ စည်းလုံး ညီညွတ်ရေးဟာ အရေးကြီးတယ်လို့ ပြောသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နာမည်ကြီးနေတဲ့ ဂီတတီးဝိုင်းတွေ၊ အဆိုတော်တွေ တော်တော်များများ ပါဝင်တီးခတ်သီဆိုကြတဲ့ပွဲကို သွားရေးလာရေး သိပ်မလွယ်လှတဲ့ MCC မှာကျင်းပတာဖြစ်ပေမဲ့ လာကြည့်သူတွေကတော့ ဖြစ်အောင်လာပြီး အားပေးခဲ့ကြပါတယ်။
ပွဲလာကြည့်သူတစ်ဦး။ ။ “ဒီကရတဲ့ရန်ပုံငွေတွေက ကျမတို့ ပြည်ထောင်စု တိုင်းရင်းသားတွေရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို လှူန်ဒါန်းမယ်၊ ပြီးတော့ ပညာရေးကွန်ယက်ကို ချဲ့ထွင်ပြီးလုပ်မယ့်အတွက်ကြောင့် ကျမတို့ လာရောက် အားပေးရတာပါရှင့်။”
ပွဲလာကြည့်သူတစ်ဦး။ ။ “ကျနော်တို့ ပညာရေး ရန်ပုံငွေပေါ့နော်။ ကျနော်တို့ တိုင်းရင်းသား ပညာရေးရန်ပုံငွေအတွက် ကျနော်တို့ကနေပြီးတော့ တဖက်တလမ်းက ကူညီတဲ့အနေနဲ့ လာကြည့်တာပါ။”
မစုမြတ်မွန်။ ။ ဒီပွဲမှာ အဆိုတော်တွေလည်း အများကြီး တွေ့ရမယ်ဆိုတော့ အန်ကယ်က ဘယ်သူ့ကို ကြည့်ချင်ပါသလဲ။ -
ပွဲလာကြည့်သူ။ “ကျနော်တို့ ကြည့်ချင်တာကတော့ ဆောင်းဦးလှိုင်ပေါ့။ ဦးစီးဦးဆောင်လုပ်တော့ သူတို့ကို အရမ်းကြည့်ချင်လို့။”
Emperor ၊ Metal Zone စတဲ့ နာမည်ကြီးတီးဝိုင်းတွေနဲ့အတူ ကိုရဲလွင်၊ ကိုနေဝင်း၊ ဇော်ဝင်းထွဋ်၊ ဂျေညီညီ၊ ဂျေမောင်မောင်၊ တူးတူး၊ နွဲ့ယဉ်ဝင်း၊ ကော်နီ စတဲ့ ဝါရင့် အဆိုတော်တွေအပြင် ဆောင်ဦးလှိုင်၊ မျိုးကျော့မြိုင်၊ R ဇာနည်၊ ဝိုင်းစုခိုင်သိန်း၊ L ဆိုင်းဇီ စတဲ့ တခြားနာမည်ကြီးအဆိုတော်တွေ၊ လူငယ်ကြိူက် Hip Hop အဆိုတော်တွေ အများအပြား ရန်ပုံငွေပွဲမှာ သီဆိုဖျော်ဖြေကြပါတယ်။ ဂီတဖျော်ဖြေပွဲ မစခင် နေ့လည်ပိုင်းလောက်ကစပြီး ရန်ပုံငွေရှာ ဈေးရောင်းပွဲကို လုပ်ခဲ့တာမှာ အားပေးကြသူတွေ များပါတယ်လို့ ပွဲဖြစ်မြောက်ရေးမှာ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ဈေးပွဲတော်မှာ ဆိုင် ၁၀၀ လောက်ရှိပါတယ်။ လက်ဆောင်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ အစားအသောက်တွေ၊ အမှတ်တရပစ္စည်းတွေ အတော်များများ ရောင်းပါတယ်။ လူလည်း တော်တော်လေး လာပါတယ်။”
ဆိုင်ခန်းတွေ အများကြီး ဖွင့်လှစ်ရောင်းနေတာမှာ တနေကုန်နီးပါး ရောင်းနေရတယ်လို့ ဆိုင်ခန်းတစ်ခုကို ကူရောင်းပေးနေတဲ့ မဖြူဖြူသင်းကလည်း ပြောပါတယ်။
“အခုချိန်ထိ ရောင်းနေရတုန်းပဲ။ မနက် ၉ နာရီလောက်ကတည်းကလေ။ မနက် ၉ နာရီလောက်ကစပြီးတော့ တနေကုန်ပဲ။ မိုးချုပ်တော့ လူ ပိုများလာတယ်။ အခုချိန်ထိ လူတွေ မစဲသေးဘူး။ အဆိုတော်တွေကတော့ တော်တော်လေးကို တက်ကြွကြတယ်။ အကုန်လုံးကလေ။ အန်တီ့ကို ဆုတောင်းကြတာနဲ့ နောက်ပြီးတော့ ဆိုတဲ့သီချင်းတွေလည်း တော်တော်ကောင်းတယ်။ ဒီမှာ ကြည့်တဲ့ပရိသတ်တွေကလည်း တော်တော်လေးကို အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့လေ။ ငြိမ်ငြိမ်ဆိမ်ဆိမ်လေးရှိတယ်။ အဆိုတော်တွေလည်း အများကြီးပဲ။ အယောက် ၈၀ ကျော်တယ်။ အန်တီလာတော့လည်း တော်တော်လေးကို အားပေးကြတယ်။ တော်တော်လေးကို ရုတ်ရုတ်သဲသဲတောင် ဖြစ်သွားတယ်။”
တကယ်တော့ တိုင်းရင်းသား ဒေသတွေအတွက် ပညာရေး ရန်ပုံငွေရှာပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးစီးပြီးလုပ်ဖို့ ပထမ စီစဉ်ခဲ့တာက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လုပ်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲလုပ်ဖို့ ရည်ရွယ်ထားတဲ့ သုဝဏ္ဏအားကစားကွင်းမှာ ပွဲလုပ်ခွင့် မရတာကြောင့် အခု ဒီဇင်ဘာလ ၃၀ ရက်နေ့ MCC ကွင်းပြင်မှာ လုပ်ရတာဖြစ်ပါတယ်။ အခုရက်ပိုင်း ရန်ကုန်မြို့တွင်း ဗုံးကွဲမှုတွေ၊ ပေါက်ကွဲမှုတွေ ရှိနေချိန်မှာ ကျင်းပတဲ့ပွဲမို့ တချို့ကလည်း စိုးရိမ်ကြပါတယ်။ ဒါပေမဲ့ ပွဲအတွက် လုံခြုံရေးအစီအမံတွေ လုပ်ထားပါတယ်လို့ NLD ခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။ သက်ဆိုင်ရာဆီမှာ ပွဲမိန့်တောင်းကတည်းက ပုဂ္ဂလိက လုံခြုံရေးအဖွဲ့ကို ငှားမယ်လို့ အာမခံရတာဖြစ်ပါတယ်။
“သူတို့သတ်မှတ်ထားတဲ့ လုံခြုံရေးတာဝန်ယူတဲ့ အဖွဲ့ရှိတယ်။ အဲဒါကတော့ သူတို့က အရင်ရဲဘက်က ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်မယ်။ တချို့ လုံခြုံရေးကို တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်မယ်။ ကုမ္ပဏီသဘောမျိုးပေါ့နော်။ စီးပွားရေးဆန်ဆန်လုပ်တဲ့ ကုမ္ပဏီမျိုးပေါ့။ သူတို့ကို ပွဲလမ်း လုပ်တဲ့အခါတိုင်း လုံခြုံရေးသဘောအရ ငှားရမ်းရတယ်ခင်ဗျ။ အဲဒီကနေပဲ ငှားရမ်းမှုလုပ်ပြီးတော့မှ အဲဒီငှားရမ်းတဲ့အပေါ်မှာ ခံဝန်ချက်ပြုပြီးတော့မှ ပွဲလမ်းသဘင် လုပ်ရတဲ့သဘော ရှိတယ်ခင်ဗျ။ အဲဒါတစ်ခု။ နောက်တစ်ခုကလည်းပဲ သက်ဆိုင်ရာ လုံခြုံမှုနဲ့ပတ်သက်လို့ လုပ်ကိုင်ထားတာတွေလည်း တော်တော်များများကတော့ ဖိဖိစီးစီး လုပ်ထားတာတော့ ရှိတယ်။ နောက်ပြီးတော့ အပေါ်ကနေပြီးတော့ screening ပေါ့။ စောင့်ကြည့်တဲ့ ကိရိယာတန်ဆာပလာတွေကို လမ်းတလျှောက်ကစပြီးတော့ ဝင်လာတာပြုလာတာ၊ နေရာစစ်ဆေးတာ စသဖြင့်ပေါ့။ အဲဒါတွေကိုလည်း ကျနော်တို့ ငှားရမ်းတယ်ဆိုကတည်းက အဲဒီဟာတွေ အစီအစဉ်တွေထဲမှာ ပါတယ်ခင်ဗျ။”
NLD ကဦးစီးပြီး ပထမဆုံးလုပ်တဲ့ ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲမှာ ပုဂ္ဂလိက အလှူရှင်တချို့ကလည်း တိုင်းရင်းသားဒေသ ပညာရေးရန်ပုံငွေအတွက် အလှူတွေ လာရောက် ပေးခဲ့ကြပါတယ်။