နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အပါအဝင် HIV/AIDS ဝေဒနာရှင်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲ ကျင်းပနေတာမှာ ဒီကနေ့ ဒုတိယနေ့မှာ လာရောက် ဈေးဝယ်ကြသူတွေ မနေ့ကထက် ပိုများတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်ပေါင်း ရောင်းရငွေဟာ သိန်း ၁၀၀ နီးပါးရှိပြီး ဝယ်သူတွေ များလွန်းတာကြောင့် တချို့ပစ္စည်းတွေ အစောပိုင်းကတည်းက ကုန်သွားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေနဲ့ HIV/AIDS ဝေဒနာရှင်တွေကို လူမှုရေး အထောက်အပံ့တွေ တိုးမြှင့် လုပ်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့အကြို ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲကို လာရောက် အားပေးသူတွေဟာ မနေ့က ပထမနေ့ထက်စာရင် ဒီကနေ့မှာ ပိုများတဲ့အကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
“ဒီနေ့က မနေ့ကထက်တောင် ဈေးရောင်းရတာ ပိုစည်ကားတယ်။ ပိုလည်း ရောင်းရတယ်။”
မနေ့က ရောင်းရတာ တော်တော်လေး ပိုက်ဆံရတယ် ပြောပါတယ်။ ဒီနေ့ရော ရတယ်ဆိုတော့ ဘယ်လောက်လောက် ရှိသွားပြီလဲ အန်ကယ်။
“မနေ့ကထက် ပိုပါတယ်။ ဒီနေ့ ၅၀ ဝန်းကျင်လောက်တော့ ရှိမယ်။ စာရင်းတော့ လုပ်တုန်းပဲ။ လူလည်း အတော်စည်ပါတယ်။”
၅၀ ဆိုတာ သိန်း ၅၀ ကို ပြောတာလား အန်ကယ်။
“ဟုတ်ပါတယ်။”
မနေ့ကရတာ သိန်း ၃၀ လောက်လို့ ပြောပါတယ်၊ ဟုတ်ပါသလား အန်ကယ်။
“မနေ့က သိန်း ၄၀ ကျော်တယ်။”
မနက်ဖြန်လည်း ဆက်မယ်ပေါ့၊ ဈေးရောင်းပွဲက။
“မနက်ဖြန်ကတော့ အခမ်းအနားရှိတော့ ဈေးရောင်းပွဲတော့ မလုပ်နိုင်တော့ဘူး။ ကျနော်တို့ နေရာ အခက်အခဲကြောင့်။ ဒါပေမဲ့ ကျနော်တို့ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးက တဆိုင် နှစ်ဆိုင်တော့ သူတို့ထွက်မယ်။ ဒီနေ့လိုမျိုး ဆိုင်အများကြီးတော့ မထွက်နိုင်ဘူး။ နေရာ အခက်အခဲကြောင့်။”
အခု ကျနော်တို့ကြားတာ ဆိုင်က ပစ္စည်းတော်တော်များများက နေ့လယ်ကတည်းက ကုန်သွားတယ် ပြောတယ်။ ဟုတ်ပါသလား။ ဘာပစ္စည်းတွေပါလဲ။
“ဟုတ်ပါတယ်၊ အဖွဲ့ချုပ် တံဆိပ်နဲ့ ဒေါ်စုပုံတွေနဲ့၊ နေ့ခင်းက ကုန်ကိုသွားတယ်။”
နောက်တခုက အထဲမှာ နေရာကကျဉ်းပြီး လူတွေနဲ့များပြီး ပြွတ်သိပ်နေလို့ အပြင်ကို ဆိုင်ခန်းတချို့ ထွက်ပြီး ရောင်းရတယ် ကြားပါတယ်။ အဲဒါရော အဆင်ပြေပါသလားခင်ဗျ။
“ပြေပါတယ်။ အပြင်ကို အပြည့်ကြီး မဟုတ်ပါဘူး။ ရုံးခန်းအဝတင်ပါ။ ဒီ့ပြင်နေရာတော့ ကျနော်တို့လည်း မတင်ပါဘူး။”
အာဏာပိုင်တွေဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပြောဘူးပေါ့နော်။ တားဆီးမှု မရှိဘူးပေါ့။
“မရှိပါဘူး။ ကျနော်တို့ကလည်း လူမှုရန်ပုံငွေပါ။”
ဒီငွေတွေက ၂ ရက်ပေါင်းဆိုရင် သိန်း ၉၀ လောက် ဖြစ်သွားပြီပေါ့။
“သိန်း ၁၀၀ ဝန်းကျင်တော့ ဖြစ်သွားပြီပေါ့။”
အဲဒီငွေတွေကို အန်ကယ်တို့ ပထမတုန်းက ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသား ကူညီဖို့ ကိစ္စတွေပဲ ဆက်လုပ်မှာလား၊ နည်းနည်း ပြောပြပါဦးခင်ဗျ။
“ဒီဥစ္စာကတော့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ ထောက်ပံ့ရေးလေ။ လူမှုလုပ်ငန်းတွေ၊ HIV/AIDS အဲဒါတွေကိုပဲ လှူဖို့ပါ။”
အခု ကျနော်တို့ ကြားနေတာက နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေက ဒီရက်ပိုင်းမှာ တော်တော် ဆိုးနေတယ် ကြားပါတယ်။ အထူးသဖြင့်တော့ ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ရောက်နေကြတဲ့ သူတွေက ရာသီဥတု အခြေအနေကြောင့်ရော တော်တော်လေး အခြေအနေ ဆိုးနေတယ်လို့ ကြားပါတယ်။
“ဟုတ်တယ်၊ ကျနော်တို့လည်း သတင်းတွေရတယ်။ သက်ဆိုင်ရာတွေကို တင်ပြနိုင်ဖို့လည်း ကျနော်တို့ ညွှန်ကြားပေးပါတယ်။ သူတို့က ဆေးကုသခွင့် ရရင်တော့ အပြင်မှာ ဆေးကုခြင်းနဲ့ ပတ်သက်ရင်လည်း ကျနော်တို့ ကူမှာပါ။ မိသားစုတွေကလည်း ကြိုးစားနေကြပါတယ်။”
အဓိကကတော့ အခုလို ကျန်းမာရေး ချို့တဲ့နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဦးစားပေး ကူညီမှာလားခင်ဗျ။
“ဟုတ်ပါတယ်၊ အဲဒါ ဦးစားပေးပါ။”
NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဈေးရောင်းပွဲမှာ ရောင်းတဲ့ ပစ္စည်းတွေ ဝယ်ဖို့ သွားခဲ့တဲ့ တောင်ဥက္ကလာ မြို့ခံတဦးကတော့ သူတို့ရောက်သွားတာ နည်းနည်းနောက်ကျတဲ့အတွက် သူရောက်သွားတဲ့ အချိန်မှာ တချို့ဆိုင်တွေက ပစ္စည်းတွေ ကုန်လို့ သိမ်းကုန်ကြတဲ့အတွက် ရှိတဲ့ပစ္စည်းကိုပဲ ဝယ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ရောက်တော့ လူတောင် နည်းနည်းပါးသွားပြီ။ ပစ္စည်းကတော့ ကီးချိန်းလေးတွေပဲ ဝယ်ခဲ့တယ်။ ဈေးဆိုင်တွေလည်း သိမ်းသွားပြီ၊ တော်တော်များများ သိမ်းသွားပြီ။ ပစ္စည်းကုန်တော့ ဆိုင်တွေ စောစော သိမ်းသွားတာပေါ့။ တောင်ဥက္ကလာက ဝယ်နိုင်ခြမ်းနိုင်တဲ့ လူတွေကို စုပြီး ကျနော် ပို့ပေးနေတာ။”
NLD ရုံးချုပ်မှာ ကျင်းပတဲ့ ရန်ပုံငွေ ဈေးရောင်းပွဲကို သွားခဲ့တဲ့ တောင်ဥက္ကလာ မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မနက်ဖြန် လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေးနေ့ အခမ်းအနားကို ရွှေဂုံတိုင်မှာရှိတဲ့ ရုံးချုပ်မှာ ကျင်းပဖို့ စီစဉ်နေပြီး နိုင်ငံရေး ကြေညာစာတမ်း တစောင်ကိုလည်း ထုတ်ပြန်မယ်လို့ NLD တာဝန်ရှိသူတွေက ပြောပါတယ်။