သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးရန်ပုံငွေပွဲ ခွင့်ပြုချက်မရ


ပညာရေးရန်ပုံငွေပွဲ ခွင့်ပြုချက်မရ
ပညာရေးရန်ပုံငွေပွဲ ခွင့်ပြုချက်မရ

လာမယ့် ဒီဇင်ဘာလ ၁၅ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးဆောင်ကျင်းပမယ့် ပြည်ထောင်စု တိုင်းရင်းသားများ ဒေသတွေ အတွက် ပညာရေး ရန်ပုံငွေရှာပွဲကို ကျင်းပခွင့်မပေးနိုင်ဘူးလို့ အာဏာပိုင်တွေက အကြောင်းကြားလာပါတယ်။ ဒီပညာရေး ရန်ပုံငွေရှာဖို့ပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ရန်ကုန် သုဝဏ္ဏအားကစာကွင်းမှာ ကျင်းပဖို့ သဘောတူညီချက်ရပြီးမှ ၁၆ ရက်နေ့မှာ အမျိုးသမီး အားကစားပွဲတစ်ခု ရှိနေတဲ့အတွက် ဒီရက်ကို လုပ်ခွင့်မပေးနိုင်တော့ဘူးလို့ ပြောဆိုလာတာပါ။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားများ ဒေသတွေက ကလေးတွေအတွက် ပညာရေး ရန်ပုံငွေရှာပွဲကို NLD ပါတီရဲ့ ပညာရေးကွန်ယက်က ဦးစီးဦးဆောင် စီစဉ်နေတာ ဖြစ်ပြီး တေးဂီတအဖွဲ့တွေရော အနုပညာရှင်များစွာ ပါဝင်ကူညီဖို့ စီစဉ်ထားတာပါ။

လာမယ့် ဒီဇင်ဘာ ၁၅ ရက် ကြာသပတေးနေ့မှာ ရန်ကုန် သုဝဏ္ဏအားကစာကွင်းတွင်း ဈေးရောင်းပွဲနဲ့အတူ ဂီတဖျော်ဖြေပွဲတွေနဲ့ပါ ပြုလုပ်ဖို့ စီစဉ်ထားပြီးမှ ဒီဇင်ဘာ ၉ ရက်နေ့လည်ပိုင်းမှာ ပွဲကျင်းပခွင့် မပေးတော့ဘူးလို့ သုဝဏ္ဏအားကစာကွင်းရဲ့ တာဝန်ရှိသူက အကြောင်းကြားလာတာဖြစ်တယ်လို့ ဒီရန်ပုံငွေပွဲကို ဦးဆောင်စီစဉ်နေသူထဲက တစ်ဦးဖြစ်တဲ့ Metal Zone စတူဒီယိုပိုင်ရှင် ဦးဇော်ဝင်း က ပြောပါတယ်။ နှစ်ဦးနှစ်ဘက် သဘောတူညီချက်နဲ့ ကွင်းရက်ကို ရထားပြီးကာမှ အခုလို ရက်နီးမှ ပွဲအဖျက်ခံရတဲ့အတွက် အတော်လေးအခက်အခဲနဲ့ အဆင်မပြေတာမျိုးတွေ ကြုံနေရတယ်လို့ ဦးဇော်ဝင်းက အခြေအနေကို ရှင်းပြပါတယ်။

“၁၈ ရက်နေ့တောင်းတာ။ အဲဒါကို ၁၈ ရက်နေ့ သူတို့မအားပါဘူးတဲ့။ ၁၅ ရက်နေ့ကို လွတ်လွတ်ကင်းကင်းနဲ့ လုပ်ပါတဲ့ဆိုတော့ အန်ကယ်တို့က ၁၅ ရက်နေ့ဆိုရင် ကောင်းပြီ။ ၁၅ ရက်နေ့ လုပ်မယ်ဆိုပြီး ၁၅ ရက်နေ့ကို အန်ကယ်တို့က လုပ်တာ။ ဝန်ကြီးချုပ်နဲ့ လူကြီးတွေနဲ့ သူတို့ပြောတဲ့အခါ လူကြီးကလည်း အပေါ်ဆုံးက လူကြီးက ဝန်ကြီးချုပ်ကိုယ်တိုင်ကနေပြီးတော့ သူ့နံမည်ကိုသုံးပြီးတော့ အောက်ကနေ ပတ်ပြီးတင်ပါဆိုတော့ အန်ကယ်တို့က အောက်ကနေပတ်ပြီးတော့ တင်တယ်။ ကွင်းက ရ မရ အရင်တောင်းပါဆိုလို့ အဲဒီကို သွားတောင်းတယ်။ သွားတောင်းတော့ ၁၅ ရက်နေ့ ရပါတယ်ဆိုပြီး သူတို့ကိုယ်တိုင် ပြောလိုက်တာ။ ဒီမှာလည်း သီချင်းတွေလည်း တိုက်ပြီးပြီ။ သီချင်းတွေလည်း အကုန်လုံးရွေးပြီးတော့ လူတွေလည်း ခွဲပြီးတော့ စာနယ်ဇင်းရှင်းတမ်း ပွဲတွေလည်း အကုန်လုပ်ပြီးပြီ။ ဒါက အဓိပ္ပါယ်မရှိဘူးလေ။ တကယ်ပြောရင်တော့ အနှောက်အယှက်ပေးတာပဲ။ လူတွေကို ခြောက်တာပဲ။ အမြဲ လုပ်နေကျအလုပ်ကို လုပ်တာပဲ။”

Metal Zone တေးဂီတအဖွဲ့နဲ့ Metal Zone စတူဒီယိုပိုင်ရှင် ဦးဇော်ဝင်း ဖြစ်ပါတယ်။ ဒီပွဲကိုကျင်းပဖို့အတွက် အာဏာပိုင်တွေနဲ့ ကြိုတင်ညှိနှိုင်းထားပေမဲ့ အခုပွဲခွင့်ပြုချက် ပါမစ်မှာလည်း ကြန့်ကြာတာမျိူးတွေ ကြုံနေရတယ်လို့ ပညာရေးကွန်ယက်အဖွဲ့က ကိုဖြိးမင်းသိန်းက ပြောပါတယ်။

“ပွဲ ပါမစ်ရဖို့အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရုံးကို ကျနော်တို့ တင်ပြရပါတယ်။ အဲဒီလို တင်ပြနိုင်ဖို့ အတွက်လည်း ရပ်ကွက်၊ မြို့နယ် ခရိုင်အဆင့်ဆင့်ကနေ ခွင့်ပြုမိန့်တွေ ယူရတယ်။ ကျနော်တို့ ဒီတဘက်ကလည်း အခွန်ဦးစီးဌာနမှာ အခွန်ထမ်းဆောင်ထားရပါတယ်။ အဲဒီပါမစ်အချက်အလက်တွေနဲ့ ပါမစ်ကိုတင်ပြသော်ငြားလည်း ပါမစ်ကလည်း ဒီနေ့အထိပေါ့နော် မနေ့ကဘုတ်ရဲ့ဆုံးဖြတ်ချက် ဘာလဲဆိုတာကို ကျနော်တို့ကို အကြောင်းပြန်ကြားချက် ခုထိ မသိရသေးပါဘူး။ ဒါကြောင့်မို့ ပွဲဆောင်ရွက်ဖို့ပါ ကျနော်တို့မှာ အခက်အခဲ တစုံတရာဖြစ်နေပါတယ်။”

ဒါပေမဲ့ သုဝဏ္ဏအားကစားကွင်းက ဝန်ထမ်းတစ်ဦးကတော့ နေပြည်တော်က စာရောက်လာပြီးတဲ့နောက် ဒီပွဲကို ဖျက်ဖို့ အကြောင်းကြားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကြားခဲ့တာကတော့ အဲဒါကလည်း အပေါ်ကနေ နေပြည်တော်ကနေ စာလာလို့။ ဖျက်ခိုင်းတဲ့စာ ဖြစ်နိုင်လောက်တယ်။”

အခုနောက်ပိုင်း အနုပညာရှင်တွေဟာ လူမှုရေးနဲ့ နိုင်ငံရေးတွေမှာ ပိုပြီးတက်ကြွမှု ရှိလာခဲ့ပြီး ဒီလို ပွဲဖျက်ရမယ်ဆိုတဲ့ အခြေအနေမျိုးတွေကြောင့် အနုပညာရှင်တွေရဲ့ တက်ကြွမှုတွေကို ခြောက်လှန့်တာမျိုး ဖြစ်တယ်လို့ အဆိုတော် ဆောင်းဦးလှိုင်က ပြောပါတယ်။

“ကျနော်တို့ဆီမှာက အစဉ်အလာလေး ရှိခဲ့တာကိုးဗျ။ ပွဲတစ်ခု ဒီလိုဖြစ်ပြီဆိုရင် တချို့ကလည်း အရင်က ကြောက်စိတ်တွေက ရှိခဲ့တယ်လေဗျာ။ အကြောက်တရားတွေက ရှိခဲ့တာကိုး။ ဆိုတော့ လာကြည့်ဖို့ ပရိသတ်ကလည်း အကြောက်တရားတွေ ဖြစ်ပေါ်လာနိုင်သလို ဝင်ဆိုပေမဲ့ ကျနော်တို့ ဂီတမိတ်ဆွေများ ကလည်း တချို့ပေါ့နော် ကြောက်တတ်တဲ့သူကတော့ အကြောက်တရား ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်ဗျ။ ကျနော်တို့ အနုပညာသမားတွေ အားလုံးက ယုံကြည်စိတ်ချစွာ၊ ပျော်ရွှင်စွာနဲ့ တက်ကြွစွာနဲ့ ပါဝင်တာ။ ဆိုတော့ ဒီ လူမှုရေးလုပ်ငန်းလေး လုပ်ဖို့ အခက်အခဲ ဖြစ်ပေါ်လာပြီဆိုရင် တခြားဗျာ နိုင်ငံရေးတွေ ဘာတွေဆိုတာ ပိုပြီးတော့ တချို့တွေ ကြောက်ရွံ့တုန်လှုပ်တဲ့ အနေအထားမျိုးတွေ ဖြစ်ကုန်ပြီ။”

တိုင်းရင်းသားဒေသတွေက ကလေးငယ်တွေရဲ့ ပညာရေးကို ကူဖို့အတွက် ရန်ပုံငွေရှာတဲ့အဖွဲ့ထဲက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ -

“ပျက်ကို မပျက်သင့်ပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ စစ်ပြေးဒုက္ခသည်တို့ဘာတို့ ကိစ္စမျိုးနဲ့တောင် မပြောချင်ဘူး။ ကျနော် ပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ တကယ်ကို အခက်အခဲတွေ ကြုံနေရတယ်။ ဒါဟာ ကျောင်းသားလူငယ်တွေ အတွက် လုပ်မယ့်ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးမှာတော့ ဘာမှတစုံတရာ အဟန့်အတား ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မယူဆဘူး။ အဲ့လိုဖြစ်တယ်ဆိုရင်တော့လည်း အလွန်ကို စိတ်မကောင်းစရာ ကောင်းတဲ့လုပ်ရပ်ပဲလို့ အဲဒီလိုပဲ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ အခုလို စင်တင်ဖျော်ဖြေပွဲတွေနဲ့ လူမှုရေးနဲ့ပညားရေးဆိုင်ရာ ရန်ပုံငွေတွေရှာဖို့ အနုပညာရှင်တွေ စုပေါင်း ကူညီနေကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးလှုပ်ရှားမှုတွေမှာရော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပတ္တိရုပ်ရှင် ရိုက်ကူးဖို့ တွေမှာပါ ရုပ်ရှင်နဲ့ ဂီတအနုပညာရှင် အများအပြား ကူညီဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG