သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်မှာ NLD လူနည်းစုသာ ပါမည်


 ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ၊ ဒေါက်တာဇော်မြင့်မောင် နဲ့ ဒေါက်တာမျိုးအောင် ပြည်သူ့ လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ် ။ (မတ် ၁၊ ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ၊ ဒေါက်တာဇော်မြင့်မောင် နဲ့ ဒေါက်တာမျိုးအောင် ပြည်သူ့ လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ် ။ (မတ် ၁၊ ၂၀၁၆)

NLD အစိုးရအဖွဲ့ ကို ပြင်ပပုဂ္ဂိုလ် အများစုနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး လက်ရှိ ဝန်ကြီးဌာနတွေ အနက် (၁၀) ခု ကျော်ကိုလည်း ဖျက်သိမ်းမှာဖြစ်တယ်လို့ ပါတီ ထိပ်တန်းခေါင်းဆောင်တဦးက မနေ့ကပြောဆိုလိုက်ပါတယ်။ NLD အနေနဲ့ သမ္မတရွေးချယ်မယ့်ကိစ္စ အပါအဝင် ပြည်ထောင်စုအစိုးရ၊ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့တွေမှာ ပါဝင်မယ့် ပုဂ္ဂိုလ်စာရင်းတွေကို မတ်လ (၆)ရက်နေ့မှာ အပြီးသတ် ကြေညာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင် ဖွဲ့စည်းမယ့် ပြည်ထောင်စုအစိုးရ အပါအဝင် ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့တွေနဲ့ ပတ်သက်လို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင် တချို့ နေပြည်တော်က နှင်းဆီစံအိမ်မှာ မနေ့ သောကြာနေ့က ဆွေးနွေးခဲ့ကြတာပါ။

အစိုးရအဖွဲ့မှာ NLD ပါတီဝင် နည်းနည်းပဲရှိမှာဖြစ်ပြီး အများစုက ပညာရှင်တွေနဲ့ အခြား ပါတီဝင်တချို့လည်း ပါဝင်မှာဖြစ်တယ်လို့ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင် လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာပြောသွားပါတယ်။ ဒါပေမဲ့ ဝန်ကြီးတွေရဲ့ အမည်စာရင်း အပြီးသတ်ကိုတော့ မတ်လ (၆)ရက်နေ့ ပြုလုပ်မယ့် NLD ဗဟို အလုပ် အမှုဆောင်ဆွေးနွေးပွဲမှာ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။

" ကျနော်တို့အခု ပြည်ထောင်စုအဆင့်မှာ ပါမယ့်ဝန်ကြီးတွေရဲ့ ဖွဲ့စည်းပုံမှာ ကျနော်တို့ NLD က ပုဂ္ဂိုလ်တွေလည်း ပါမယ်။ ပညာရှင်တွေလည်းပါမယ်။ တခြားပါတီတွေလည်း ပါမယ်။ ဆိုတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်ထောင်စုအဆင့်က လူနည်းစုတောင် ဖြစ်နိုင်တယ်။ ၃၀% နဲ့ ၄၀% ကြားလောက်ပဲပါမယ်။ ဒါပေမဲ့ ကျနော်တို့ အဲ့ဒီ့အရေအတွက်ကိုတော့ ၆ရက်နေ့မှ သတ်မှတ်ပြီးတော့ ကြေညာနိုင် ပါမယ်။"

ဒါ့အပြင် ဝန်ကြီးဌာနတွေကိုလည်း ပြန်လည် ဖွဲ့စည်းမှာဖြစ်တာကြောင့် အရင် ဝန်ကြီး ဌာနပေါင်း (၃၆)ခုထဲကနေ (၁၀) ခုကျော်လောက်ကို ဖြုတ်ဖို့ စီစဉ်ထားကြောင်း ဦးဝင်းထိန်ကဆိုပါတယ်။

" သမ္မတရုံးမှာ ဝန်ကြီး ခြောက်ခုရှိတယ် အဲ့ခြောက်ခုက ဝန်ကြီးဌာနက တခုတည်းဖြစ် သွားလိမ့်မယ်။ ၃၀ရှိတယ်။ ၃၀က ၂၀လောက်ကျန်မယ်။ တူတာ တူတာ ပေါင်းမယ် ဥပမာဆိုပါတော့ဗျာ ရထားပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ၊ လေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ဒါတွေက ကျနော်တို့ တဖွဲ့တည်း လုပ်လို့ရတယ်။ အဲ့သလိုလုပ်နိုင်အောင်လည်း ကျနော်တို့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရွေးထားပြီးပြီ။ အဲ့ဒီ့တော့ ဝန်ကြီးဌာနက ၂၁၊ ၂၂ အဲ့သလောက်ပဲ ရှိတော့မယ်။ အရင်တုန်းကလို ၃၆ခုတော့ ရှိမှာမဟုတ်တော့ဘူး။ သို့သော် အဲ့သလို ဝန်ကြီးဌာနတွေ ပေါင်းလိုက်လို့မို့လို့ ပိုလာတဲ့ဝန်ထမ်းတွေရှိမယ်။ သို့သော် အဲ့ဒီ့ဝန်ထမ်းတွေဟာ သူတို့ရဲ့ နေရာအတွက် ပူစရာမလိုဘူး။ သူတို့အတွက် ဘယ်နေရာချထားမယ်ဆိုတာ နဂိုကတည်းက စဉ်းစားထားပြီးသား။ ချထားစရာနေရာတွေလည်း ရှိတယ်။ "

တခါ အများစိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွေအတွက် ဝန်ကြီးချုပ် ဘယ်သူက ခန့်အပ်မလဲဆိုတဲ့အပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ NLD အမတ် ဦးညီပုကို ဝန်ကြီးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်ထားတယ် လို့ ဦးဝင်းထိန်ကဆိုပါတယ်။

" ဆိုတော့ တိုင်းနဲ့ပြည်နယ်အစိုးရကို ဝန်ကြီးချုပ် ကျနော်တို့က ခန့်မယ်။ NLD က ခန့်မယ်။ သို့သော်လည်းပဲ ရှမ်းလို ရခိုင်လို နေရာတွေမှာ ရှမ်းပါတီကလူတွေကိုလည်း ပဲ ဝန်ကြီးနေရာတွေ ပေးပြီးတော့ ခန့်မယ်။ ရခိုင်ဝန်ကြီးချုပ်ကို ဦးညီပု ရာ ထားတယ် ဆိုတာ နဂိုကတည်းက ကျနော်တို့ အနိုင်ရပါတီကလည်းဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံနဲ့လည်း ညီတယ်။ ဒါကြောင့်မို့လို့ ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ပြီးပြီ။ သို့သော် အဲ့ဒီ့မှာ တခြားပါတီတွေရှိတယ်။ တခြားပါတီက ပုဂ္ဂိုလ်တွေကိုရော အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုရော ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့မှာ သူတို့ကို ထည့်ပြီး စဉ်းစားထားတာရှိပါတယ်။"

NLD က တင်မြှောက်မယ့် သမ္မတ ဘယ်သူဖြစ်လာမလဲဆိုတာနဲ့ပတ်သက်လို့တော့ အများကခန့်မှန်းထားတဲ့ အမည်စာရင်းတွေထဲမှာ NLD နာယက သူရဦးတင်ဦးက မဖြစ်နိုင်ဘူးလို့ ဦးဝင်းထိန်က သတင်းဌာနတခုကို အခိုင်အမာပြောကြားခဲ့ပါတယ်။

မတ်လ (၁၀)ရက်နေ့ လွှတ်တော်မှာ NLD က တင်သွင်းမယ့် ဒုသမ္မတလောင်း အမည်စာရင်းတွေထဲမှာ လက်ရှိ ထိပ်ဆုံးက ခန့်မှန်းခံထားရသူတွေကတော့ ဦးထင်ကျော်နဲ့ ဒေါက်တာ မျိုးအောင်တို့နှစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံး ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားသူတွေအဖြစ် လူအများက ယူဆထားပါတယ်။

XS
SM
MD
LG