သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရသစ် နိုင်ကျဉ်းတွေ ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေ တိုက်တွန်း


သာယာဝတီထောင်မှာ ထိမ်းသိမ်းခံထားရတဲ့ ကျောင်းသားများ ရုံးထုတ်လာစဉ်
သာယာဝတီထောင်မှာ ထိမ်းသိမ်းခံထားရတဲ့ ကျောင်းသားများ ရုံးထုတ်လာစဉ်

ဧပြီလဆန်းမှာ တိုင်းပြည်အာဏာကို လွဲပြောင်းရယူတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို ဦးစားပေးလုပ်ဆောင်လိမ့် မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ က ပြောဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက တိုင်းပြည်အာဏာကို လွဲပြောင်းရယူဖို့ သီတင်းပတ် ၃ ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ အဲဒီလို ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ မတ်လ (၃၀) ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ ဧပြီလ ၁ ရက်နေ့မှာ အစိုးရသစ်ရဲ့ လုပ်ငန်းတာဝန်တွေကို စတင်တော့မှာ ဖြစ်တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေးပိုင်းဆိုင်ရာမှာ ဦးစားပေး လုပ်ဆောင်သင့်တဲ့ လုပ်ငန်းရပ်တွေ၊ မျှော်လင့်ချက်တွေကို ထုတ်ဖော် ပြောဆိုလာကြတာ ဖြစ်ပါတယ်။

Amnesty International - နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အရှေ့တောင်အာရှနဲ့ တောင်အာရှရေးရာ ညွန်ကြားရေးမှူး T. Kumar ကတော့ အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ပေးရေး ဦးစားပေး လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ ရှုဒေါင့်ကနေ ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ၊ မိမိရဲ့ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအားလုံး လွတ်ပေးတာကို ကျနော်တို့ မြင်တွေ့လိုပါတယ်။ ဒုတိယအရေးအကြီးဆုံး အချက်အဖြစ် ကျနော်တို့ ယူဆတာကတော့ - နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ထိန်းချုပ်၊ ကန့်သတ်ထားတဲ့ ဥပဒေတွေ ပြန်လည် ရုပ်သိမ်းပေးရေး လုပ်ဆောင်သင့်ပါတယ်။ တတိယအချက်အနေနဲ့ကတော့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ ပြည်တွင်း ရွေ့ပြောင်းနေထိုင်သူတွေကို လုံလောက်တဲ့ အကာကွယ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။”

ဒါ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ထောက်ပြ ပြောဆိုစရာ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေအရေးကိစ္စကိုလည်း NLD အစိုးရအနေနဲ့ ဦးစားပေးလုပ်ငန်းရပ်တခုအဖြစ်နဲ့ လုပ်ဆောင်ပေးသင့်တယ်လို့လည်း T. Kumar က ပြောပါတယ်။

“ရိုဟင်ဂျာတွေ အရေးနဲ့ပတ်သက်လို့လည်း ဦးစားပေး လုပ်ဆောင်ပေးသင့်ပါတယ်။ သူတို့ဟာ ဖိနှိပ်ခံ လူနဲစုတွေ ဖြစ်နေတာကြောင့် သူတို့ကို အထူး အကာကွယ်ပေးမှုတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို အစိုးရသစ်အနေနဲ့ ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။”

ဦးမင်းလွင်ဦးဟာ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေတဦးပါ။ သူက NLD အစိုးရအနေနဲ့ ပထမ ရက် (၁၀၀) အတွင်း နိုင်ငံရေးအကျဉ်းသားနဲ့ မတရား ဖမ်းဆီးခံထားရသူတွေ လွတ်ပေးရေးကို ဦးစားပေး လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ရက် (၁၀၀) အတွင်းမှာလုပ်မယ့် ကိစ္စရပ်တွေမှာတော့ ပထမဦးဆုံးက နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးနိုင်ဖို့ ဆောင်ရွက်ဖို့ ကြိုးစားမယ်လို့ ကျနော်မြင်တယ်။ နောက်ပြီးတော့တခါ မတရားဖမ်းဆီးပြီးတော့ ပုဒ်မအမျိုးမျိုးနဲ့ စွဲဆိုခြင်းခံနေရတဲ့ ကျောင်းသားတွေရဲ့ကိစ္စရပ်တွေကို ဥပဒေနဲ့အညီဖြစ်အောင် စီမံဆောင်ရွက်မယ်လို့ ကျနော်တို့မြင်တယ်။ ဒါက ရက် (၁၀၀) အတွင်းမှာ တက်လာမယ့်အစိုးရအနေနဲ့ လုပ်မယ့်ကိစ္စရပ်တစ်ခု မဖြစ်မနေလုပ်မယ်လို့လည်း ကျနော်တို့က ထင်မြင်ယူဆထားတဲ့ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်ခင်ဗျ။”

ဒါ့အပြင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်ပြောထားဘူးတဲ့အတိုင်း တရားဥပဒေ စိုးမိုးရေးကိစ္စတွေကို ဦးစားပေး လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

“အစိုးရသစ်တက်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့စကားတစ်ခုကို ကျနော်တို့က အမြဲတမ်းမှတ်မိပါတယ်။ အဲဒါကတော့ မြန်မာပြည်အတွင်းမှာ တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ ရအောင်လုပ်မယ်ဆိုတဲ့စကား ပြောထားတာရှိပါတယ်။ ထိုနည်းတူစွာပဲ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို အားလုံး ညီတူညီမျှ ခံစားနိုင်ဖို့အတွက်လည်း ဆောင်ရွက်ပေးမယ်ဆိုတာကို ပြောထားတဲ့စကားတွေ ရှိပါတယ်။ ဒါကြောင့်ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် တက်လာတဲ့အချိန်မှာ ဒါတွေကို ချက်ခြင်း အားလုံး ပြည့်ပြည့်ဝဝ မခံစားရသေးရင်တောင်မှ အသီးအပွင့်အနေနဲ့ တချို့ဥစ္စာတွေ ခံစားနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ အဲဒီလို အခြေခံ အဆောက်အအုံတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ ဒါကတော့ ကျနော်တို့ မျှော်လင့်ချက်ပါ။”

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးကိစ္စမှာတော့ အကျဉ်းဦးစီးဌာနဟာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးမယ့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ ဆက်ရှိနေမှာ ဖြစ်တဲ့အတွက် စစ်တပ်ရဲ့ ဦးစီးကွပ်ကဲမှုအောက်မှာ ရှိနေဦးမှာပါ။ ဒါကြောင့်လည်း NLD အစိုးရနဲ့ စစ်တပ်ရဲ့ ကွပ်ကွဲအုပ်ချုပ်မှုအောက် ရှိနေတဲ့ ပြည်ထဲရေးဌာတို့အကြားက ဆက်ဆံရေး ဘယ်လိုရှိမလဲ၊ အစိုးရက အကျဉ်းသားတွေ လွတ်ပေးချင်ဦးတော့ ဗဟိုအစိုးရရဲ့ ညွန်ကြားချက်ကို ပြည်ထဲရေးဝန်ကြီးဌာနက လိုက်နာပြီး အကောင်အထည် ဖော်ပေးမလားဆိုတာကတော့ မသိရသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ဆုံးအဆင့်အနေနဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သလိုမျိုး နောက်တက်လာမယ့် သမ္မတအသစ်ကလည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြား မတရားဖမ်းဆီးခံထားရသူတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးလို့ ရနိုင်ပါသေးတယ်ခင်ဗျား။

XS
SM
MD
LG