ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ရှမ်းပြည်နယ်မြစ်ချောင်းများ ဆိုင်ရာ အဖွဲ့နဲ့ ရှမ်းအင်န်ဂျီအို အဖွဲ့ ၂၆ ဖွဲ့ လက်မှတ်ရေးထိုးပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆီကို အိပ်ဖွင့်ပေးစာ တစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။ စာထဲမှာ မြန်မာအစိုးရအနေနဲ့ လျှပ်စစ်စွမ်းအား ရဖို့အတွက် ရေအားလျှပ်စစ် စီမံကိန်းတွေကို မဖြစ်မနေ အကောင်အထည် ဖော်ရမယ်၊ အဲဒီ အထဲမှာ သံလွင်မြစ်ပေါ် ရေကာတာတွေ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့် စီမံကိန်းတွေလည်း ပါဝင်တယ် ဆိုပြီး လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန တာဝန်ရှိသူတွေ ထုတ်ဖော်ပြောဆိုခဲ့တာကို စိုးရိမ်ပူပန်ပြီး ရေးသားခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ အစိုးရက အကောင်အထည် ဖော်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒေသခံနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ချက် တစ်ခုပါ။ အလားတူ အခုရက်ပိုင်းမှာကိုပဲ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူမယ့် စီမံကိန်းတွေကိုလည်း ကန့်ကွက်မှုတွေ ရှိနေပြန်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံက မိသားစု ၁၀ သန်းကျော်ထဲမှာ လျှပ်စစ်မီး သုံးစွဲနိုင်တဲ့ မိသားစုဟာ ၃ သန်းတောင် မပြည့်သေးပါဘူး။ အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အများကြီး ဖြည့်ဆည်းပေးရပါဦးမယ်။ မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးရေးနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်နေရသလဲ၊ ကျော်လွှားနိုင်မယ့် လမ်းကြောင်းရော ရှိပါရဲ့လား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က အစိုးရရဲ့ ရက်၁၀၀ သတင်းစာရှင်းလင်းပွဲတစ်ခု နေပြည်တော်မှာ လုပ်ပါတယ်။ အဲဒီ ရှင်းလင်းပွဲအတွင်း လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးထိန်လွင်က မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အများကြီး ရှိနေတဲ့အကြောင်း၊ တစ်နှစ်ထက် တစ်နှစ်လဲ လိုအပ်ချက် ပိုမို တိုးတက်လာနေပြီး လာမယ့် ၂၀၂၀ လောက်ရောက်ရင် လျှပ်စစ်လိုအပ်ချက် မဂ္ဂါဝပ် ၅၀၀၀ လောက် လိုလာမယ် ဖြစ်တဲ့အကြောင်း၊ ဒါတွေဖြည့်ဆည်းပေးဖို့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ ဆောက်တော့ ပြည်သူတွေက ကန့်ကွက်ကြတဲ့ အကြောင်း၊ သဘာ၀ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံတွေ ဆောက်မယ် ဆိုရင်လည်း ဓာတ်ငွေ့က မရှိ၊ ဈေးနှုန်းကလည်း ကြီးမြင့်တဲ့အကြောင်း၊ လျှပ်စစ်ဓာတ်အား များများစားစား ထွက်မယ့် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ဆိုရင်လည်း ပြည်သူလူထုက ဆန့်ကျင်လို့ ရပ်ဆိုင်းထားရကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ်အတွက် ရေအားကနေ ထုတ်ယူဖို့ မဖြစ်မနေ လုပ်ကိုင်ရမှာဖြစ်ပြီး တကယ်လို့ သံလွင်မြစ်ပေါ်မှာ ရေကာတာတွေ ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရင် မြန်မာနိုင်ငံ လိုအပ်ချက် ဖူလုံနိုင်ကြောင်း၊ ဒါကြောင့် အဲလို ရေအားလျှပ်စစ် စီမံကိန်းမျိုးကို ပြည်သူလူထုက အားပေးစေလိုကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီ ပြောဆိုမှုကို အခြေခံပြီး ရှမ်း အင်န်ဂျီအို အဖွဲ့တွေရဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ အိပ်ဖွင့်ပေးစာ ပေါ်ပေါက်လာတာပါ။ ရှမ်းအင်န်ဂျီအို အဖွဲ့တွေရဲ့ စာမှာ ဖော်ပြထားတာတွေကတော့ တကယ်လို့ သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် စက်ရုံတွေ တည်ဆောက်ခွင့် ပေးလိုက်ရင် တပ်မတော်ဟာ အဲဒီ စီမံကိန်း နယ်မြေတွေဆီကို အင်အားတိုးမြှင့်ချထားမှာဖြစ်ပြီး ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်လာနိုင်ကြောင်း၊ နောက် လက်ရှိ လျာထားတဲ့ စီမံကိန်းတွေမှာဆိုရင်လည်း ထွက်လာမယ့် လျှပ်စစ်ဓာတ်အား ပမာဏ အများအပြား တရုတ်ပြည်ဘက် ပို့ရမှာကြောင့် မြန်မာနိုင်ငံအတွက်လည်း သိပ် အကျိုးမရှိလို့ စီမံကိန်းအားလုံး ရပ်ဆိုင်းစေလိုကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။
အလားတူ သြဂုတ်လ ၁၆ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ကျိုက်မရော ဆုတောင်းပြည့် စေတီထဲမှာ ဒေသခံ ပြည်သူတစ်ချို့ ပျားတောင်ဒေသ ကျောက်မီးသွေး ကင်းစင်ရေး ဆုတောင်းပွဲ တစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆုတောင်းပွဲနဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ကျိုက်မရောမြို့နယ် ထဲက MCL ဘိလပ်မြေ စက်ရုံအနေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ပြီး လုပ်ငန်း လုပ်ကိုင်နေတဲ့အပေါ် ကန့်ကွက်ခဲ့ကြသလို၊ စက်ရုံ လည်ပတ်နေတာကို ရပ်တန့်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
အဲဒီတစ်နေ့ထဲမှာပဲ တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးဗျောကျေးရွာ အုပ်စုကိုရောက်လာတဲ့ ထိုင်းမီဒီယာ အဖွဲ့ကို ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အလိုမရှိတဲ့အကြောင်း ဒေသခံတွေက ဆန္ဒပြခဲ့ကြပါသေးတယ်။ ထိုင်းနိုင်ငံ အနေနဲ့ မြိတ်ခရိုင် တနင်္သာရီ မြစ်၀ နဲ့ နေရာ တစ်ချို့မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ ဆောက်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒါကို ဒေသခံ ပြည်သူတွေ လက်ခံ၊ မခံ ဘန်ကောက် အခြေစိုက် ဘန်ကောက်ပို့စ်၊ TBS အပါအဝင် ထိုင်းမီဒီယာ တစ်ချို့က သတင်းသမားတွေ လာရောက်လေ့လာရာမှာ မြိတ် ဒေသခံတွေ ခုလို ဆန္ဒ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ အလားတူ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ဆောက်ဖို့ စီစဉ်တာကို ဆန္ဒပြတာတွေ၊ ရေအားကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ စီစဉ်တာကို ဆန္ဒပြတာတွေ အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်ပွားခဲ့ပြီး အခု အင်န်အယ်လ်ဒီ အစိုးရ လက်ထက်မှာလည်း ဆက်ဖြစ်ပွားနေဆဲ ဖြစ်တာ တွေ့မြင်နေရပါတယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းက ဧရာဝတီ မြစ်ဆုံနဲ့ မြစ်ညှာမြစ်ဝှမ်းဒေသမှာ မဂ္ဂါဝပ် ၂၁၆၀၀ လောက်ထွက်မယ့် ရေအားလျှပ်စစ် စီမံကိန်း (၇) ခု တည်ဆောက်ဖို့ တရုတ်အစိုးရနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ အတွက်ဆို ဒါဟာ အလွန့်အလွန်ကြီးမားတဲ့ ပမာဏပါ။ ဒါပေမယ့် စီမံကိန်း စတင်ပြီး သိပ်မကြာခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ရောက်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်းကန့်ကွက်ကြလို့ သူ့အစိုးရလက်ထက်မှာတော့ အကောင်အထည် ဖော်မှာ မဟုတ်ဘူး ဆိုပြီး ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။ အခု အဲဒီ ဧရာဝတီ မြစ်ဆုံနဲ့ မြစ်ညှာမြစ်ဝှမ်းဒေသက ရေအားလျှပ်စစ် ဓာတ်အား ထုတ်ယူမယ့် စီမံကိန်းပြသနာ ဒေါ်အောင်ဆန်းစုကြည် လက်ထဲရောက်လာပြီး ကိုင်တွယ်ဖြေရှင်းနေရပါပြီ။ သိပ်မကြာသေးခင်တုန်းကပဲ နိုင်ငံတော် သမ္မတ ဟာ အဲဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘက်စုံဒေါင့်စုံကနေ လေ့လာအစီရင်ခံစာ တင်ဖို့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးလိုက်ပါသေးတယ်။ ပြောရရင် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်ယူရေးကိစ္စ အဖက်ဖက်မှာ အကြပ်အတည်းကြုံနေရတာ တွေ့မြင်နိုင်ပါတယ်။
အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က လျှပ်စစ်ဝန်ကြီးဌာန အတွက် မူဝါဒနဲ့ နှစ်ရှည် စီမံကိန်းကြီးတွေ ချမှတ်ပေးသွားခဲ့ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ရရှိဖို့ အတွက် အဓိက ဦးစားပေး အနေနဲ့ ရေအားလျှပ်စစ်၊ ဒုတိယ ကျောက်မီးသွေး၊ တတိယ သဘာ၀ ဓာတ်ငွေ့နဲ့ ကျန် နေအား၊ လေအား စတာတွေကိုတော့ ဦးစားပေး နောက်ဆုံး အဆင့်ဆိုပြီး သတ်မှတ်သွားခဲ့တာပါ။ ဘယ်နှစ်ရောက်ရင် လျှပ်စစ်ဓာတ်အား ဘယ်လောက် ထုတ်လုပ်မယ် ဆိုပြီး ရည်မှန်းချက်တွေ ချမှတ်သွားခဲ့ပေမယ့် အခုလို အကြပ်အတည်း ကြုံပုံမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအား လိုအပ်ချက် ပြည့်မီအောင် ဆောင်ရွက်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။
ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရသစ်ဟာ လျှပ်စစ်စွမ်းအား ပြည့်မီရေး မူဝါဒသစ် တစ်ရပ် ချမှတ်ပြီး၊ အဲဒီ မူဝါဒကို တိုင်းရင်းသား ပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ နားလည် လက်ခံလာအောင် ဆောင်ရွက်ရပါလိမ့်မယ်။ အကောင်အထည် ဖော်မယ့် စီမံကိန်းတွေကိုလည်း ပြည်သူလူထု သိရှိအောင် ပွင့်ပွင့်လင်းလင်း ချပြပြီး ဘာကြောင့် အဲလို စီမံကိန်းကို အကောင်အထည် ဖော်ရတယ်၊ သဘာ၀ ဘေးအန္တရာယ် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လို စီမံထားတယ်၊ တိုင်းပြည်အတွက် အကျိုးအမြတ် ရှိအောင် ဘယ်လို ဆောင်ရွက်ထားတယ် စသဖြင့် ရှင်းလင်းစည်းရုံးရပါလိမ့်မယ်။ ဒါ့အပြင် မြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းထဲမှာ အိမ်နီးချင်း နိုင်ငံတွေလောက်မကပဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာအောင် ကြိုးစားဆွဲဆောင်ဖို့လည်း လိုပါတယ်။ ဒါမှသာ တိုင်းပြည် စီးပွားရေးနဲ့ တိုင်းရင်းသား ပြည်သူလူထု လူမှုဘ၀ တိုးတက်မြင့်မားရေး အတွက် အရေးတကြီး လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို အခုထက် ပိုပြီး ထုတ်လုပ်သုံးစွဲနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။