သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD စောင့်ရှောက်ရေးဂေဟာရှိ HIV လူနာများ နေရာရွှေ့ရန် ဆွေးနွေး


NLD စောင့်ရှောက်ရေးဂေဟာရှိ HIV လူနာများ နေရာရွှေ့ရန် ဆွေးနွေး
NLD စောင့်ရှောက်ရေးဂေဟာရှိ HIV လူနာများ နေရာရွှေ့ရန် ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူဖြူသင်း ဦးစီးဆောင်ရွက်နေတဲ့ တောင်ဒဂုံမြို့နယ် အတွင်းက HIV လူနာသည်များ စောင့်ရှောက်ရေး ဂေဟာမှာ လူနာတွေ ထားခွင့်မပေးတော့ဘူးလို့ အာဏာပိုင်တွေက ဖိအားပေး ပြောဆိုပြီးတဲ့နောက် ဒီကနေ့မှာတော့ အဲဒီ တည်းခိုဆောင်မှာ တာဝန်ခံဆောင်ရွက်နေသူ အချို့ကို အစိုးရကျန်းမာရေး ဦးစီးဌာနက ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ လူနာတွေကို အစိုးရက စီစဉ်ထားတဲ့ စောင့်ရှောက်ရေး ဌာနတခုကို လွဲှပြောင်းပေးဖို့ အာဏာပိုင်တွေဘက်က ပြောဆိုဆွေးနွေးတယ်လို့ သိရပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

“ကျနော်တို့ကို ဆေးရုံကိုလာဖို့ဆိုပြီးတော့ ကျနော်တို့ကို ကားနဲ့လာခေါ်သွားတယ်။”

ဘယ်ဆေးရုံလဲခင်ဗျ။ -

“တောင်ဒဂုံက ဆေးရုံ၊ ဆေးရုံကိုသွားပြီးတော့ ကျနော်က မယက ဥက္ကဋ္ဌပဲလား၊ ကျန်းမာရေးဌာနကလူတွေနဲ့ ဥက္ကဋ္ဌနဲ့က အရင် ၂ ခါလာဖူးတယ်ဗျ။ အဲဒီတော့ ကျနော်က တွဲတွေ့ရမယ်ထင်လို့ပေါ့ဗျာ။ သွားလိုက်တော့ အဲဒီမှာ မယက ဥက္ကဋ္ဌမရှိဘဲနဲ့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနကပေါ့ဗျာ။ အကြီးဆုံး တိုင်းကျန်းမာရေးမှူး ဆရာကြီး ဦးလှမြင့် တယောက် တွေ့တယ်ဗျာ။ နောက် NLD က ဒေါက်တာမျိုးသန့်၊ ဝေဘာဂီ ဆေးရုံအုပ် ဦးခင်အောင်စော၊ တိုင်းရင်းဒုဦးစီးမှူး ဒေါ်စန္ဒာဝင်း၊ နောက်ပြီးတော့ တီဘီ တိုက်ဖျက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မြမြဝင်းနဲ့ ဒေါက်တာ ဒေါ်တင်မိမိခိုင် တို့ ၆ ယောက် တွေ့တယ်ဗျာ။ ကျနော်တို့ ဘက်ကတော့ ကျနော်ရယ်။ မဖြူညီမ မမာလာထွန်းရယ်၊ မဥမ္မာရယ်၊ ကိုသိန်းမြင့်ထွန်းရယ် ၄ ယောက်ပေါ့။ သူတို့ကပြောတာကတော့ ယဉ်ယဉ်ကျေးကျေးပါပဲ။ ဒါပေမဲ့လို့ မယက ကပြောသလိုပါပဲ။ အရပ်ထဲမှာ complaint တွေ ရှိနေတယ်။ နောက်ပြီးတော့ ဒီလိုမျိုးကြီးနေတာ မကောင်းဘူး။ တီဘီတွေဘာတွေဆိုလည်း အပြန်အလှန် ကူးစက်တတ်တယ်ပေါ့။ သူတို့ဆီမှာလည်း ဒီလိုမျိုးလုပ်ထားတာ တခုရှိတယ်။ အဲဒီကို ပို့စေချင် တယ်ပေါ့။”

ဘယ်နေရာကို ပို့စေချင်တာလဲ သူတို့က။ -

“သာကေတ က (၇) ရပ်ကွက်ပေါ့နော်။ သာကေတ အဝိုင်းနားလေးမှာရှိတဲ့ ကျနော်တို့ထားတဲ့ဟာ တခု၊ ဒါပေမဲ့ သူတို့ဘက်ကသာတာက ဆရာဝန်တွေဘာတွေ ရှိတယ်ပေါ့ဗျာ။ ဆရာဝန်တွေဘာတွေ ရှိတယ်၊ လိုအပ်တဲ့ ဆေးဝါးကုသမှု ချက်ချင်း ပေးနိုင်တယ်၊ နောက်ပြီး အရေးပေါ်လိုအပ်တယ်ဆိုလဲ ဝေဘာဂီတို့ မင်္ဂလာဒုံတို့ကို တင်နိုင်တယ်ပေါ့ဗျာ။”

အဲဒီတော့ ကိုရာဇာတို့ ဘယ်လိုစဉ်းစားလဲ။ လူနာတွေကို သူတို့ဆီကိုပဲ လွှဲမလား။ ဘယ်လိုလုပ်မလဲ။ -

“ဒီနေ့ တပါတည်း ပြန်ပြောလိုက်တာရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ ကျနော်တို့ သဘောဆန္ဒနဲ့ လူနာတွေကို အတင်းအကျပ် ပြောင်းရွှေ့လို့မရဘူး။ ကျနော်တို့ လူနာတွေရဲ့ သဘောဆန္ဒကိုလည်း မေးရဦးမယ်။ ကျနော်တို့လည်း နားလည်ပါတယ်လို့ ထိုက်သင့်သလောက်။ ကျနော်တို့လဲ လုပ်လာတာ ၈ နှစ် ကျော်နေပြီဆိုတော့။ ဒီလို ရောဂါကူးစက်မှုတွေ၊ အပြန်အလှန်ကူးစက်မှု ရောဂါကိစ္စတွေ ကျနော်တို့လည်း နားလည်ပါတယ်။ ကျနော်တို့လဲ အတတ်နိုင်ဆုံး အဆောက်အဦးတွေ တိုးချဲ့ဖို့လည်း ကြိုးစားနေတယ်။ အဲဒါတွေလုပ်ပြီးရင် ကျနော်တို့ သီးသီးခြားခြားလေး ဖြစ်အောင် လုပ်ပါ့မယ်။ အဲဒီတော့ ကျနော် လာကြည့်မယ်။ ကျနော် တရက်လာကြည့်ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားဦးမယ်။ ကျနော်တို့ ဒီလိုပဲ ပြောထားတယ်။”

ဟုတ်ကဲ့။ လိုက်ကြည့်မယ်ဆိုတာက အဲဒီ တည်းခိုဆောင်ကို ကိုရာဇာတို့က သွားကြည့်မယ်ပေါ့။ -

“ဒီလိုဗျာ။ ဒါက တတိယအကြိမ်တွေ့တာ။ ဒီဆရာဝန်အုပ်စုနဲ့ ကျနော်နဲ့က။ တွေ့ပြီးတော့ အဲဒီလိုပဲ သူတို့ဆီကို ပို့လို့ရပါတယ်။ ကုလို့ရပါတယ်။ နှစ်တိုင်းပဲလာပြောတယ်။ ပြောတော့ ကျနော် သွားပို့တယ်။ တယောက် သွားပို့သေးတယ်။ သွားပို့တဲ့ဟာကို အဲဒီတုန်းက အစောင့်တယောက်က ကျနော်တို့ကို မောင်းထုတ်တယ်ဗျ ကျနော်တို့ကို။ အဲဒါ အဲဒီအခြေအနေကိုလည်း ကျနော်တို့ ပြောပြလိုက်တယ်လေ။ ပြောပြလိုက်တော့ သူတို့က မဟုတ်ပါဘူး၊ မပြုပါဘူး ဆိုပြီးတော့ ပြောတာပဲ။ ဒါပေမဲ့ တခါတရံကျတော့ သူတို့က အောက်မှာ တကယ် ဖြစ်နေတာတွေကို သိချင်မှသိတာဗျ။ အဲဒီလိုမျိုးကလည်း ရှိတယ်။”

လူနာတွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲခင်ဗျ။ -

“လူနာတွေ အကုန်လုံးကို ကျနော် မေးကြည့်တယ်။ သူတို့က ကျနော်တို့နဲ့ ကင်းလွတ်ပြီးတော့ မနေချင်ဘူးပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့နဲ့ပဲ နေမယ်ပြောတယ်။ ဖမ်းချင်လည်း ဖမ်းပါစေတဲ့။ မတတ်နိုင်ဘူးတဲ့။ ဒီမှာနေရာတာ အဆင်ပြေတယ်ပေါ့လေ။”

ဟိုနေရာမှာကျတော့ ဆရာဝန်လည်း ရှိမယ်၊ ဆေးဝါးလည်း နိုင်တဲ့သဘော ပိုမရှိနိုင်ဘူးလားခင်ဗျ။ -

“အဲဒါက ပြောလို့ရှိရင် ဒီမှာဖြစ်နေတဲ့ကိစ္စက အခြား အခြားသော facilities ဆိုတာထက် မေတ္တာတရား ငတ်မွတ်မှုရဲ့ ပြဿနာပဲဗျ။ အဲဒါပဲ။ လူတွေကို တကယ်တမ်း မေတ္တာတရားပေးနိုင်တာက မဖြူလို့ပဲ သူတို့ယုံတယ်။ မဖြူဖြူသင်း လို့ပဲ သူတို့သိထားတယ်။ သူတို့နဲ့တွေ့တဲ့သူတွေက လူတွေ အများကြီး တွေ့ရတာကိုး။ မဖြူ တယောက်တည်းနဲ့ တွေ့ရတာမဟုတ်ဘူး။ ဆေးရုံသွားတွေ့ရတယ်။ ဆေးခန်းတွေ သွားရတယ်။ counseling တွေဝင်ရတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာ မှတ်မှတ်သားသား ရှိနေတာက မဖြူဖြူသင်းပဲဗျ။ အဲဒါကြောင့်မို့ သူတို့က ဒီမှာနေရတာ ပိုအဆင်ပြေတယ်လို့ သတ်မှတ်တာပေါ့။”

ဒီကနေ့ ကိုရာဇာ ကျန်းမာရေး ဦးစီးဌာနကလူတွေနဲ့ တွေ့တဲ့အခါမှာရော တခြား အာဏာပိုင်တွေဘက်က ကမ်းလှမ်းတာကို မလုပ်ရင် တခုခုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့သဘောမျိုးရော ဆောင်လား။ -

“အဲဒီလိုတော့ မပြောဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျန်းဦးစီးကလူ ပြောတဲ့အထဲမှာတော့ အရပ်က complaint ဆိုတဲ့ကိစ္စကဗျာ အရပ်ထဲနဲ့ ကျနော်တို့နဲ့ အဆင်မပြေအောင် သူတို့ လုပ်ချင်ရင် လုပ်လာနိုင်တာပေါ့။ ဒါပေမဲ့ ယဉ်ကျေးပါတယ်။ ဒီနေ ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေက။ နောက်ပြီးတော့ ကျနော်တို့ ဒီလို ခေါ်ပြောတဲ့အတွက်လည်း ကျနော် ကျေနပ်ပါတယ်။”

တာဝန်ခံတဦးဖြစ်တဲ့ ကိုရာဇာကို ကိုသားညွှန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။ NLD ကဖွင့်လှစ်ထားတဲ့ အဲဒီ စောင့်ရှောက်ရေးဂေဟာမှာ HIV လူနာသည် ၈၀ ကျော်ရှိနေတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့တုန်းက အဲဒီဂေဟာကို သွားရောက်ပြီး လူနာတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဒီလူနာတွေကို တခြားနေရာတွေကို ပြောင်းရွှေ့ရမယ်ဆိုပြီး ဖိအားပေးမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG