သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လူမှုစောင့်ရှောက်ရေး ဂေဟာမှာ HIV လူနာများ တည်းခိုခွင့်တားမြစ်ခံရ


NLD လူမှုစောင့်ရှောက်ရေး ဂေဟာမှာ HIV လူနာများ တည်းခိုခွင့်တားမြစ်ခံရ
NLD လူမှုစောင့်ရှောက်ရေး ဂေဟာမှာ HIV လူနာများ တည်းခိုခွင့်တားမြစ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲချုပ် အဖွဲ့ဝင်လူငယ်တွေ ဦးစီး ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က လူမှုစောင့်ရှောက်ရေးဂေဟာမှာ HIV/AIDS ရောဂါနဲ့ ဆေးကုသနေသူတွေကို ဒီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့အတွက် အာဏာပိုင်တွေက မနေ့ ညနေပိုင်းက သတိပေးလိုက်ပါတယ်။ ဒါဟာ အဲဒီဂေဟာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးစကားပြောကြားပြီး နောက်တရက်မှာ သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ HIV/ AIDS အတွက် ဆေးကုသခံနေရသူတွေဟာ နယ်တွေကို ပြန်ရမယ်ဆိုရင် ဆေးကုသမှုကောင်းစွာ မရနိုင်တာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တောင်ဒဂုံမြို့နယ်က လူမှုစောင့်ရှောက်ရေး ဂေဟာကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်က မဖြူဖြူသင်းနဲ့ လူငယ်တွေက HIV/ AIDS ရှိသူတွေကို ကူညီစောင့်ရှောက်ဖို့အတွက် ၂၀၀၅ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ ဒီဂေဟာကို မြန်မာပြည်အနံှ့က HIV/ AIDS ရောဂါရှိသူတွေကို လာရောက် ဆေးကုသမှုခံနေပြီး အဲဒီမှာ ဆေးကုသခံစဉ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဧည့်စာရင်းတိုင်ကြားပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့တွေကို သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။ နောက်တရက်မှာတော့ ဆေးကုသခံနေသူတွေကို အဲဒီဂေဟာမှာ ဆက်လက်နေထိုင်ခွင့် ပေးတော့မှာမဟုတ်ကြောင်း အာဏာပိုင်တွေက ခေါ်ယူပြောဆိုခဲ့တယ်လို့ လူမှုရေးဂေဟာကို တာဝန်ယူဆောင်ရွက်နေတဲ့ ကိုရာဇာက ပြောပါတယ်။

“မနေ့က ခေါ်စာ ရောက်လာတော့ ကိုထင်အောင် ဆိုတဲ့လူကို ခေါ်စာရောက်တယ်။ အကြောင်းအရာက လူမှုရေးကိစ္စ ဆွေးနွေးရန်ဆိုပြီးတော့ ခေါ်တယ်တဲ့။ အဲတော့ မနေ့ည ၈ နာရီက သူသွားတော့ မယက ဥက္ကဌ ရောက်လာပြီးတော့ ဘာပြောလဲဆိုတော့ - ဒီမှာ တိုင်စာတွေ အများကြီး တက်တယ်ပေါ့ဗျာ။ ရပ်ကွက်ထဲကနေ တိုင်စာတွေ အများကြီး တက်တယ်တဲ့။ အဲဒါကြောင့် ကျနော်တို့ ၂၀ ရက်နေ့ပေါ့နော်။ ဒီတပတ် ဧည့်စာရင်းတိုင်တာက ၂၀ ရက်နေ့ ပြည့်တာကိုး။ အဲဒီနေ့ကစပြီး ဧည့်စာရင်း မပေးဘူးပေါ့။ ဒါပေမဲ့ ၂၅ ရက်နေ့ထိတော့ နေခွင့်ပေးမယ်။ ၂၅ ရက်နေ့ နောက်ပိုင်း ဆက်နေမယ် ဆိုရင် တရားစွဲမယ်ဆိုပြီး ပြောတယ်။”

ဒီလူမှုစောင့်ရှောက်ရေး ဂေဟာကို စတင်ဖွင့်လှစ်စဉ်က လူ ၁၀ ယောက် ၁၅ ယောက်လောက်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်အနှံ့က လာရောက် ဆေးကုသူတွေ များလာတာကြောင့် အာဏာပိုင်တွေက ၂ ကြိမ်လောက် ခေါ်ယူမေးမြန်းခဲ့ဖူးပေမဲ့ အခုလို ခြိမ်းခြောက်ပြောဆိုတာတော့ မရှိဘူးလို့ ပြောပါတယ်။ ဒီဂေဟာကနေ ပံ့ပိုးပေးနေတဲ့ လူမှုကူညီ စောင့်ရှောက်မှု လုပ်ငန်းတွေကိုတော့ ကိုရာဇာက အခုလို ဆက်ပြောပါတယ်။

“အဓိကကတော့ သူတို့ ရောက်လာပြီဆိုရင် နေရေးထိုင်ရေးက ပထမအချက်ပါ။ ဒုတိယအချက်ကတော့ သူတို့ရဲ့ အာဟာရပေ့ါ။ အာဟာရဆိုတာ ထမင်း၊ ဟင်း အပါအဝင် အခြားသော လိုအပ်တဲ့ အာဟာရတွေ လုပ်ပေးရတယ်။ နောက်ပြီးတော့ ဆေးဝါးပေါ့။ ARV ဆေးဝါးက သူတို့ တခြား NGO တွေဆီမှာ တန်းစီနေတဲ့အချိန် မရရှိသေးဘူး။ သို့သော်လည်း အထူးကု ကျွမ်းကျင်တဲ့ သမားတော်ကြီးတွေကနေ ဆရာဝန်ကြီးတွေကနေ လိုအပ်တယ်၊ လိုအပ်နေပြီ။ CD4 account နည်းနေပြီ ဆိုတဲ့အချိန်မျိုးမှာ ကျနော်တို့က တိုက်တာမျိုး။ ဒီဝန်ဆောင်မှုတွေ ပေးတာပါ ကျနော်တို့က။”

လောလောဆယ်မှာ အဲဒီဂေဟာမှာ ဆေးကုသခံယူသူနဲ့ ARV ဆေးအထောက်အပံ့ ရရှိဖို့အတွက် လာရောက် စောင့်ဆိုင်းနေသူ ၈၄ ယောက်နဲ့ ကူညီစောင့်ရှောက်သူ ၂ ယောက် နေထိုင်နေတာဖြစ်ပါတယ်။ ဒီလိုဂေဟာမှာ ဆေးကုသမှု ခံယူနေသူတွေကတော့ မိမိတို့ နေရပ်ရင်းကို ပြန်ရမယ်ဆိုရင် ဆေးဝါးကုသမှု ကောင်းကောင်း မရနိုင်တာကြောင့် အသက်ဘေးအတွက်ကို စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။

“ကျမတို့ နယ်မှာဆိုရင်တော့ ဒီလို ဆေးဝါးတွေလည်း မရဘူးလေ။ နောက်ပြီးတော့ ဆေးရုံတွေကလည်း လက်မခံဘူးလေ။ ဒီလို ဆေးဝါးတွေမရှိတော့ နယ်မှာဆိုတော့ အသေပဲခံရမှာပေါ့။ ဒီမှာဆိုတော့ ဆေးဝါးလည်း ရှိတယ်။ ဆေးလည်း တိုးလို့ ရနေပြီလေ။ ဆေးလာတိုးမယ့်သူတွေ အခက်အခဲကြားထဲကနေ လာရတာပေါ့နော်။ ရွာတွေက ခက်ခက်ခဲခဲ လာရတာ။ ဒီလို ပြန်လွှတ်မယ်ဆိုရင် ကျမတို့ လာရကျိုး ဘယ်နပ်တော့မလဲ။”

HIV/ AIDS ရောဂါရှိသူတွေအတွက် လူမှုကူညီရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ မဖြူဖြူသင်းကတော့ ဒီလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန်တန်နေပြီလို့ ပြောဆိုပါတယ်။

“ကျမတို့ လုပ်နေတယ်ဆိုတာက ကျမတို့ တတ်နိုင်တဲ့အားနဲ့ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို ဝိုင်းဝန်း ကူညီပေးတဲ့သဘောပဲ ရှိတယ်။ အမှန်တကယ်လုပ်ရမှာက သူတို့ကိုယ်တိုင် ဦးဆောင်ပြီးလုပ်ရမှာ။ ကျမတို့ အနေနဲ့က ဘယ်လို လူမျိုးနဲ့မဆို၊ ဘယ်လို အဖွဲ့အစည်းနဲ့မဆို ဒီလိုလူမှုရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒလည်း ရှိတယ်။ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒမျိုးပဲ ထားပြီးတော့ အကူအညီပေးပါလို့ပဲ ပြောချင်တယ်။ ဒီလိုမျိုး အနှောက်အယှက်တွေကို ထပ်ပြီးတာ့ မလုပ်စေချင်တော့ပါဘူး။”

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် မြန်မာပြည်မှာ HIV/ AIDS ရောဂါ ဖြစ်နေသူ ၂ သိန်း ၄ သောင်းလောက်ရှိပြီး အဲဒီလူတွေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ၅ သောင်း နီးပါးလောက်သာ ဆေးသောက်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဆေးကိုလည်း ရန်ကုန်နဲ့ နယ်က မြို့ကြီးတချို့မှာသာ အခမဲ့ ရရှိနိုင်တာ ဖြစ်ပါတယ်။

အခုလို ဒဂုံမြို့သစ်တောင်ပိုင်းက NLD လူငယ်တချို့ ဦးစီးဆောင်ရွက်နေတဲ့နေရာမှာ HIV လူနာတွေ ဆက်ပြီး တည်းခိုခွင့် မပေးဖို့ ဖိအားပေးတဲ့ကိစ္စကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတချို့က ကန့်ကွက်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ကြပြီး နောက်ပိုင်းမှာလည်း နိုင်ငံရေးအစုသဘော ရှိလာတဲ့ တသီပုဂ္ဂလ ကိုယ်စားလှယ်များအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ HIV/AIDS ဝေဒနာသည်တွေ မိမိတို့နှစ်သက်တဲ့ နေရာတွေမှာ တည်းခိုခွင့် ရရှိရေးဟာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆိုတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူမှုရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတို့ဟာ ခွဲခြားမရဘူးလို့ ထောက်ပြသလို ဒီဝေဒနာသည်တွေ လွတ်လပ်စွာ ဆက်ပြီး နေထိုင်ခွင့်ရရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လက်တွေ့အလုပ်တခုလို သဘောထား ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB ကလည်း အကူအညီမဲ့နေတဲ့ နေထိုင်စရာမရှိတဲ့ HIV ဝေဒနာသည်တွှေအတွက် ဒီလုပ်ရပ်ဟာ တရားညှာတာမှု ကင်းမဲ့တဲ့ လုပ်ရပ်ဆိုပြီး ဝေဖန်သွားပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု ထောက်ခံမှုတွေ၊ လူထု ကြည်ညိုမှုတွေကို စစ်အစိုးရက စိုးရိမ်ထိတ်လန့်နေတယ်ဆိုတာကို ဖော်ပြတာပဲလို့လည်း USCB က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG