သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD HIV စင်တာ ရန်ပုံငွေအခက်ကြုံ


NLD HIV/AIDS ကူညီ စောင့်ရှောက် ရေးဂေဟာ NAC
NLD HIV/AIDS ကူညီ စောင့်ရှောက် ရေးဂေဟာ NAC

မြန်မာနိုင်ငံက HIV/AIDS ဝေဒနာသည် အသက်အရွယ်စုံကို ကူညီစောင့်ရှောက်ပေး နေတဲ့ NLD HIV/AIDS ကူညီ စောင့်ရှောက် ရေးဂေဟာ NAC ဟာ ရန်ပုံငွေ လုံလောက်မှုမရှိတဲ့ အခြေအနေအောက်မှာပဲ မိဘမဲ့ကလေးတွေနဲ့ ဝေဒနာသည်တွေကို ဆက်ပြီး အကူအညီပေး ပြုစု စောင့်ရှောက်နေပါတယ်။ ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်ထဲမှာရှိတဲ့ ဂေဟာအတွက် အကူအညီတွေ လိုအပ်နေပြီး လက်ရှိ အစိုးရနဲ့ အာဏာရပါတီ ဆီကနေ ကူညီထောက်ပံ့မှု မရဖူးလို့ ဂေဟာ တာဝန်ရှိသူတဦးကပြောပါတယ်။ ဒီအကြောင်း VOA မြန်မာပိုင်းသတင်းထောက် ကိုကောင်းစံဟိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

NLD AIDS Center လို့ခေါ်တဲ့ ခုခံအားကျဆင်းမှုရောဂါ ကာကွယ်ရေးနဲ့ ပြုစုစောင့်ရှောက်ရေးဂေဟာကို ၂၀၀၂ ခုနှစ်ကတည်းက စတင် လုပ်ဆောင်လာတာပါ။ လက်ရှိ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်ပြီး စတင်ဖွဲ့စည်း လုပ်ဆောင်လာတာဖြစ်ပြီးတော့ လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်က အမျိုးမျိုး ဖိအားပေးတာတွေနဲ့ ရင်ဆိုင်ခဲ့ရဖူး ပါတယ်။ အစိုးရသစ်လက်ထက်မှာတော့ အရင်တုန်းကလို ဖိအားပေးခံရတာတွေ မရှိတော့ပေမယ့်လည်း လက်ရှိ အာဏာရပါတီနဲ့ အစိုးရဆီက ကူညီထောက်ပံ့မှုတွေ မရရှိသလောက်ပဲလို့ NAC ဂေဟာရဲ့ ဒုတိယတာဝန်ခံ ဦးစိုးရာဇာထွန်းက အခုလို ရှင်းပြပါတယ်။

"၂၀၁၅ မှာ အထွေထွေ ရွေးကောက်ပွဲမှာ NLDကနိုင်တယ်။ကျနော်တို့က NACဆိုတာက NLD AIDS Centre ဆိုပြီးပေးထားတာ NLDခေါင်းစဉ်အောက်မှာ နေတာ ပေါ့ဗျာ။ ဆိုလိုတာက ကျနေ်ာတို့က နိုင်ငံရေးအရပါ ပါနေတဲ့ လူမှုရေး လုပ်ငန်းဖြစ်နေတာကို။ ဒါပေမဲ့ ခက်သွားတာက ၂၀၁၅ရွေးကောက်ပွဲပြီးတယ်။NLD အစိုးရအဖွဲ့ ဖွဲ့တယ်။NLDပတီနဲ့ NLDအစိုးရက ကျနော်တို့ကို လှည့်မကြည့်ဖူးဗျ။အဲ့ဒါက ကျနော်တို့အတွက် အကြီးဆုံးသော အံ့အားသင့်ရတဲ့ကိစ္စဘဲ။"

ဂေဟာမှာ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ပတ်သက်လို့လည်း ဦးစိုးရာဇာထွန်းက အခုလိုပြောပါတယ်။

"ကျနော်တို့ အဓိက လိုအပ်ချက်လို့ပြောလို့ရတာကတော့ ရန်ပုံငွေဘဲ။ကျနေ်ာတို့ ရန်ပုံငွေမရှိဖူး။အခြားသော NGOတွေလိုမျိုး ကျနော်တို့က Projectတို့ proposalတို့ မရှိဖူး။အဲ့တော့ ကျနေ်ာတို့က ပြည်တွင်းမှာရှိတဲ့ တစ်ပိုင်တစ်နိုင် အလှူရှင်တွေကို မှီခိုပြီးတော့ လုပ်နေရတာပေါ့။ဒါက ၁အချက်အခက်အခဲပေါ့။ဒုတိယအချက်က ကျနော်တို့က Fund ရဲ့နောက်ကွယ်မှာဖြစ်လာတဲ့ ပြသနာဘဲဗျ ကျနော်တို့မှာ Smart Admin မရှိဖူး။စနစ်တကျ မွေးမြူထားတဲ့ ဝန်ထမ်းတွေ မရှိဖူး။မရှိတဲ့ အခါကျတော့ တချို့ဟာလေးတွေမှာ စီမံခန့်ခွဲရတာ အခက်အခဲလေးတွေ ရှိတာပေါ့နော်။နောက်အချက်က ကလေးတွေ ပညာရေးတို့ ၊ကျန်းမာရေးတို့ကျတော့ ကျနော်တို့က အများကြီး ရုန်းကန်ရတာပေါ့နော်၊တကယ်လို့ ခုနလိုသာပြည့်ပြည့်၀၀ ရန်ပုံငွေသာရှိမယ်ဆိုရင် သူတို့ကို ကျနော်တို့ လုပ်ပေးလို့ရနိုင်တာတွေ အများကြီး လုပ်ပေးလို့ရတာပေါ့။"

ဒီ NAC ဂေဟာမှာတော့ မိဘမဲ့ကလေးတွေအပါအဝင် HIV/AIDS ရောဂါပိုး ကူးစက်ခံထားရတဲ့ အသက်အရွယ်စုံက ရောဂါသည် ၁၅၀ လောက်ကို ပြုစုစောင့်ရှောက်ထားတာပါ။

ဒီဂေဟာမှာရောက်နေတာ သုံးနှစ်နီးပါးရှိပြီဖြစ်တဲ့ ရောဂါပိုး ကူးစက်ခံထားရသူ အသက်၂၉ နှစ်အရွယ် အမျိုးသမီးကတော့ ဒီဂေဟာမှာ နေထိုင်ရတဲ့ သူ့ရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

"ဒီကိုရောက်လာတဲ့ အခြေအနေက ကိုယ် ဟိုမှာနေခဲ့ရတာနဲ့ဘာမှ မတူဖူးလေ။ဒီမှာက အကုန်လုံးကလည်း မိသားစုတွေလိုဘဲမေတ္တာဆို အကုန်လုံးကထားပေးတယ်။ကိုယ့်နေရာမှာလို မဟုတ်ဖူး။ကိုယ့်နေရာမှာကျတော့ ဒီလိုမျိုးဖြစ်ပြီးတော့ ကိုယ့်ကိုခွဲခြားမှုတွေ အများကြီးရှိတယ်။ဒီမှာကတော့ နေရထိုင်ရတာ၊စားရသောက်ရတာ၊ အလုပ်အကိုင်ကအစ အကုန်အဆင်ပြေတယ်။"

လက်ရှိအားဖြင့် ဒီဂေဟာမှာ အငယ်ဆုံး အသက် ၁၁ လသားအရွယ်ကနေ အကြီးဆုံး အသက် ၈၀ အရွယ်ထိ ရှိတယ်လို့ ဦးစိုးရာဇာထွန်းက ပြောပြပါတယ်။ ကျောင်းတက်နိုင်တဲ့ ကျောင်းနေအရွယ်ကလေးတွေ အနီးအနားက ကျောင်းအသီးသီးမှာ တက်ရောက် ပညာသင်ယူနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒီဂေဟာမှာ ငယ်စဉ်ကတည်းကနေထိုင်လာပြီး အခုဆိုရင် တက္ကသိုလ်တက်နေပြီဖြစ်တဲ့ ကျောင်းသူတဦးကိုလည်း တွေ့ခဲ့ရပါတယ်။

ဂေဟာမှာရှိသူတွေအတွက် တစ်နေ့ကုန်ကျစရိတ်ဟာ ပျမ်းမျှ ကျပ် ၂ သိန်းခွဲလောက်ရှိပြီး ကလေးတွေရဲ့ နေ့စဉ် အာဟာရ၊ ကျန်းမာရေး၊ ပညာရေး စတာတွေအတွက် လိုအပ်ချက်တွေ အများအပြား ရှိနေဆဲဖြစ်တယ်လို့ ဦးစိုးရာဇာထွန်းက ပြောပါတယ်။

NLD HIV စင်တာ ရန်ပုံငွေအခက်ကြုံ
please wait

No media source currently available

0:00 0:03:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG