သုံးရလွယ်ကူစေသည့် Link များ

တောင်ဒဂုံက HIV ဝေဒနာရှင်များ ဧည့်စာရင်း တိုင်ခွင့်ရ


တောင်ဒဂုံက HIV ဝေဒနာရှင်များ ဧည့်စာရင်း တိုင်ခွင့်ရ
တောင်ဒဂုံက HIV ဝေဒနာရှင်များ ဧည့်စာရင်း တိုင်ခွင့်ရ

တောင်ဒဂုံမြို့နယ်မှာ ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာမှာ ဆေးကုသမှု ခံယူနေကြတဲ့ လူနာ ၉၀ ကျော်ကို ဒီနေ့ညနေပိုင်းမှာ ရပ်ကွက် အာဏာပိုင်တွေက ဧည့်စာရင်း ထပ်ပြီး ထုတ်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့တပတ်က ဒီဂေဟာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ အားပေးပြီးတဲ့နောက်မှာ အာဏာပိုင်တွေက ဧည့်စာရင်း တိုင်ကြားတာကို လက်မခံဘဲ လူနာတွေကို အဲဒီနေရာကနေ ပြောင်းရွှေ့ဖို့ စေခိုင်းခဲ့တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုလတ်တလောမှာတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားတယ်ဆိုတဲ့ အနေအထားမှာ ရှိနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်း ဦးဆောင် ဖွင့်လှစ်ထားတဲ့ HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာရဲ့ နောက်ဆုံး အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်းနဲ့ လူငယ်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာကို ဒီလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးစကား ပြောကြားပြီးတဲ့နောက် အာဏာပိုင်တွေဘက်က အဲဒီမှာရှိတဲ့ လူနာတွေကို ဧည့်စာရင်း ထပ်မံ ထုတ်မပေးတော့ဘဲ အဲဒီနေရာကနေ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးလာခဲ့ပါတယ်။

ဒီလ ၂၀ ရက်နေ့မှာတော့ တပတ်တခါ ထုတ်ပေးတဲ့ ဧည့်စာရင်းကို ထပ်မံ တိုးမပေးတော့ဘဲ အဲဒီဂေဟာမှာ ဒီလ ၂၅ ရက်နေ့အထိ ဆက်လက် နေထိုင်မယ်ဆိုရင် အရေးယူသွားမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေဘက်က ပြောကြားခဲ့ပါတယ်။ နောက်ရက်တွေမှာတော့ ကျန်းမာရေးဌာနက အရာရှိတွေက လူမှုစောင့်ရှောက်ရေး ဂေဟာက တာဝန်ရှိသူတွေကို ခေါ်ယူပြီး လူနာတွေကို အစိုးရက ဖွင့်လှစ်ထားတဲ့ သာကေတ ဆေးရုံကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့သလို အစိုးရ သတင်းစာတွေမှာလည်း ဒီလို နေအိမ်တခုတည်းမှာ ဝေဒနာရှင်တွေ စုဝေး နေထိုင်တာကြောင့် ပတ်ဝန်းကျင်ကိုပါ ရောဂါကူးစက်နိုင်တယ် ဆိုတာမျိုး ဖော်ပြခဲ့ပါတယ်။

ဒီနေ့မှာတော့ ရပ်ကွက် အာဏာပိုင်တွေက ဂေဟာမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူ ၉၀ ကျော်ကို ဧည့်စာရင်း ပြန်လည် ထုတ်ပေးလိုက်တယ်လို့ ဧည့်စာရင်း တိုင်ကြားရာမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ကိုကျော်သီဟက အခုလို ပြောပါတယ်။

“ဧည့်စာရင်းက ပြန်ပေးလိုက်ပြီ။ သူတို့ ညှိနှိုင်းပြီးတော့ ၇ ရက်စာ ပေးလိုက်တယ်။ အရင်ကလည်း တပတ်စာပဲ ပေးတာလေ။ အခု အဲဒါ ၁ ရက်နေ့အထိပေါ့။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ အကုန်လုံး ဝမ်းသာနေတာပေါ့၊ လူနာတွေ အကုန်လုံး၊ ကျနော်တို့ရော အကုန်လုံးပေါ့။ အားလုံး ၉၀ ကျော်ပေါ့။”

လတ်တလော အခြေအနေမှာတော့ ဒီဂေဟာမှာ ဆေးကုသ ခံယူနေသူတွေဟာ တပတ် ဆက်လက်နေထိုင်ခွင့် ရကြမှာ ဖြစ်ပါတယ်။ အခုလို အာဏာပိုင်တွေဘက်က လိုက်လျောလာတဲ့ အပေါ်မှာ ဒီဂေဟာကို ဦးဆောင်ဖွင့်လှစ်သူ မဖြူဖြူသင်းက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒါဟာ အာဏာပိုင်တွေနဲ့ သူတို့အကြားမှာ အပြည့်အ၀ နားလည်မှု ရရှိတာ ဟုတ်မဟုတ် ဆိုတာတော့ မသေချာဘူးလို့ ဆိုပါတယ်။

“အခုလို လိုက်လျောလိုက်တဲ့ အပေါ်မှာတော့ ကျမတို့ အနေနဲ့ ကြိုဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ အခုဆို တော်တော်များများတော့ စိတ်သက်သာရာ ရတာပေါ့။ အရင်တုန်းကဆိုရင် ကျမတို့အားလုံး ပြည်သူလူထုတွေရော စိုးရိမ်နေကြတယ်။ ဝိုင်းပြီး အားလုံးက စိုးရိမ်နေကြတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစကတည်းကလည်း ကျမအနေနဲ့ မြင်တာတော့ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူနာတွေဆိုတာ နဂိုကတည်းကမှ အားနည်းနေတယ်။ ဒီလို ပြဿနာမျိုး၊ ဒီလိုဒုက္ခမျိုး ကြုံတယ်ဆိုရင် သူတို့မှာ ခံနိုင်ရည် မရှိပါဘူး။ အခုဖြစ်တဲ့ ကိစ္စကတော့ သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ပေါ့၊ အောက်ခြေဝန်ထမ်း အဆင့်ဆင့်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုပေါ့၊ အားလုံးနဲ့ ပြေလည်မှု ရသလားဆိုတော့ ကျမတို့ အနေနဲ့ ပြောလို့မရသေးပါဘူး။”

မဖြူဖြူသင်းကတော့ HIV/AIDS လူမှုစောင့်ရှောက်ရေး လုပ်ငန်းကို ဒီ့ထက် တိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒီရောဂါ ကူးစက် ပြန့်ပွားနေတာဟာ အမျိုးသားရေး ပြဿနာတရပ် ဖြစ်နေတာကြောင့် ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အခု ပြောင်းရွှေ့ခိုင်းနေတဲ့ တောင်ဒဂုံမြို့နယ်က HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာဟာ ၂၀၀၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီဂေဟာကို မြန်မာပြည်အနှံ့က HIV/AIDS ဝေဒနာရှင်တွေ လာရောက် ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။ သူတို့တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေချိန်မှာ ရပ်ကွက် အာဏာပိုင်တွေဆီကနေ ဧည့်စာရင်း တိုင်ကြားပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG