သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ လွှတ်တော်တက်ဖို့ ရွှေ့ဆိုင်း


နေပြည်တော်မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ပါတီက မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘဲ လွှတ်တော် တက်နိုင်မယ့် အချိန်ကို စောင့်နေတာဖြစ်တယ်လို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ NLD ရုံးချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ညှိနှိုင်းစရာတွေ ကျန်နေသေးတဲ့အတွက် မနက်ဖြန် ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ ပြန်စမယ့် လွှတ်တော် အစည်းအဝေးတွေကိုတော့ NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မတက်ဖြစ်သေးဘူးလို့လည်း NLD ပါတီကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ခင် ကျမ်းကျိန်စဉ်အတွင်း ရွတ်ဆိုရတဲ့ ပုဒ်မ (၁၂၅) ဇယား (၄) ပါ စာသားအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့အစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ် ပြောင်းလဲရွတ်ဆိုနိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတာ မပြီးပြတ်သေးလို့ လွှတ်တော် မတက်ဖြစ်သေးတာသာ ဖြစ်ပြီး လွှတ်တော် မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် ဥပဒေရေးရာ သင်တန်းအပြီး သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့တာဖြစ်ပါတယ်။

“Boycott လုပ်တာ မဟုတ်ပါဘူး။ သွားနိုင်တဲ့အချိန်ကို စောင့်နေတာပါ။ အဲဒီကိစ္စက မပြီးသေးဘူးလေ။ အမေတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။”

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ NLD ပါတီက အခုကြိုးစားနေတဲ့ စကားရပ်ပြင်ဆင်နိုင်ရေး ကိစ္စကို ဧပြီလ ၁၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတဆီ အကြံပြု မေတ္တာရပ်ခံစာ တစောင်ပေးပိုခဲပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး တာဝန်ရှိသူတွေက ဧပြီလ ၂၀ ရက်မှာ ဒီစကားလုံး အသုံးအနှုန်းပြင်နိုင်ရေး ကိစ္စနဲ့ ပတ်သကိလို့ NLD ပါတီကို ခေါ်ယူရှင်းပြခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်စနေနေ့မှာတော့ NLD ပါတီက နိုင်ငံတော် သမ္မတအပါအဝင် လွှတ်တော်နှစ်ရပ်က အကြီးအကဲတွေဆီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွေဆီကို နောက်ထပ် အကြံပေးစာတွေ ထပ်ပြီးတော့ ပို့ထားပါတယ်။ ဒါကြောင့် ဒီညှိနှိုင်းချက်တွေ မပြီးပြတ်သေးလို့ မနက်ဖြန် ဧပြီလ ၂၃ မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ကိုယ်စားလှယ်တွေ မတက်ဖြစ်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ မနေ့က စာတွေဘာတွေ ပို့ထားတယ်။ စာက ဆိုတာကတော့ ကျနော်တို့ရဲ့ အမြင်ပေါ့နော်။ အခု ဖြစ်နေတဲ့ ဇယားလေးနဲ့ ပတ်သက်တဲ့အမြင်ကို ဘယ်လို ပြုပြင်လို့ရမလဲ ဆိုတဲ့ အကြံပြုချက် ကျနော်တို့ ပေးပို့ထားတယ်။ ဒီနေ့ထိတော့ အဖြေမသိသေးပါဘူး။ အဲဒီတော့ ဒီနေ့ ၂၂ ဆိုတော့ မနက်ဖြန် ၂၃ စမယ့် လွှတ်တော်ကိုတော့ ကျနော်တို့ အဖွဲ့ချုပ်က မတက်ဖြစ်ဘူးလို့ပဲ ပြောရမှာပါ။”

NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD က ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ မနက်ဖြန် လွှတ်တော် မတက်ဖြစ်ဘူး ဆိုပေမဲ့ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) လားရှိုး မြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် အနိုင်ရခဲ့တဲ့ ကျားဖြူပါတီ ခေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က ကိုယ်စားလှယ် စိုင်းစံမင်း ကတော့ ဧပြီလ ၂၃ မှာ စမယ့် အမျိူးသား လွှတ်တော် အစည်းဝေးကို တက်ဖို့ နေပြည်တော်ကို ရောက်နေပါပြီ။

“အမျိုးသားလွှတ်တော်ကို ပေါ့လေနော်.. တက်ဖို့ အစီအစဉ်ကတော့ ကျနော် လွှတ်တော်ရုံးကို ကျနော် အကြောင်းကြားပြီးပါပြီ။ နောက် ကိုယ်စားလှယ် လက်မှတ်လည်း ဒီနေ့ပဲ ကျနော်တို့ကို ထုတ်ပေးလိုက်တယ်။ တကယ်လို့ ကျမ်းကျိန်ရမယ် ဆိုရင်လည်း ကျမ်းကျိန်ပြီးတော့ ကျနော် တခါတည်း တက်ပါမယ်။ ဒီတခေါက်တော့ အရင် စထားတဲ့ လွှတ်တော် အစည်းအဝေးက မပြီးပြတ်သေးတဲ့ အနေအထားမှာ ဖြစ်နေတော့ ဒီတခေါက်တော့ ကျနော် ကျမ်းသစ္စာ ဆိုပြီးရင် ကျနော် လေ့လာသူအဆင့်ပဲ ရှိပါမယ်။ နောက်တခေါက်မှ ကျနော် တင်ပြစရာတွေ ကျနော် ပြုစုပြီးတော့ နောက်တပတ်မှ တင်ပြရမှာ ဖြစ်ပါတယ်။”

ကျားဖြူပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းစံမင်း ဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ ပြန်စမယ့် လွှတ်တော်ဟာ ပထမအကြိမ် တတိယပုံမှန် အစည်းအဝေးတုန်းက မပြီးပြတ်သေးတဲ့ ကိစ္စတွေကို လွှတ်တော် ၂ ရပ်မှာ ဆွေနွေးကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု NLD ပါတီက ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ် ပြင်ဆင်နိုင်ရေး ကိစ္စဟာ လွှတ်တော်ထဲမှာ ကြားဖြတ်အစီအစဉ်တွေနဲ့ ဆွေးနွေးလာနိုင်စရာ အခြေအနေတွေ ရှိတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက သုံးသပ်နေကြပါတယ်။ NLD ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၄ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၂ နေရာနဲ့ အများစုကို အနိုင်ရထားတဲ့ပါတီ ဖြစ်ပါတယ်။

XS
SM
MD
LG