သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ဥက္ကဌရာထူးတွေအတွက် NLD လျာထား


(ဓာတ်ပုံ - အမျိုးသားလွှတ်တော် Facebook)
(ဓာတ်ပုံ - အမျိုးသားလွှတ်တော် Facebook)

ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ကျင်းပမယ့် လွှတ်တော်သစ် ၂ ရပ်အတွက် တိုင်းရင်းသားလွှတ်တော်အမတ် ၃ ဦး အပါအဝင် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ၄ နေရာအတွက် အမည်စာရင်း တင်သွင်းမယ့်သူတွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိလိုက်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက AFP သတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် NLD ပါတီရဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း တို့ကို အသီးသီး ရွေးချယ်လိုက်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် အမည်တင်သွင်းခံရတဲ့ အသက် ၆၄ နှစ်အရွယ် ဦးဝင်းမြင့်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို ကိုယ်စားပြု အနိုင်ရခဲ့ဖူးသူတဦး ဖြစ်ပါတယ်။ ဦးဝင်းမြင့်ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မဲဆန္ဒနယ်မြေကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာတော့ သူဟာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ကို ကိုယ်စားပြုပြီး ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးဝင်းမြင့်ဟာ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် ၁၉၈၅ ခုနှစ်ကစလို့ တရားလွှတ်တော် ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် အမည်တင်သွင်းခံရသူ ဦးမန်းဝင်းခိုင်သန်း ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် မြဝတီမြို့နယ် မဲဆန္ဒနယ်မြေက NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရာက အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

ဒုတိယ လွှတ်တော်ဥက္ကဋ္ဌတွေအဖြစ် ANP ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တို့ကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

မကြာခင် ပြန်လည် စတင်တော့မယ့် လွှတ်တော်သစ်အတွက် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးတွေကို NLD ပါတီက ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးလောကမှာ တိုင်းရင်းသားတွေကို ဘေးဖယ်ချန်ထားတယ်လို့ ပြောဆိုနေကြတဲ့အချိန်မှာပဲ တိုင်းရင်းသား ကိုယ်စားလှယ် ၃ ဦးကိုပါ ရွေးချယ်လိုက်တာကြောင့် တိုင်းရင်းသားတွေကို အားဖြည့်ပေးရာ ရောက်စေတယ်လို့ ဆိုပါတယ်။

အခုလို အမည်တင်သွင်းခြင်းခံရသူ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးစလုံးဟာ သူတို့ ရာထူးတွေမှာ ခန့်အပ်ခံရဖို့အတွက် လွှတ်တော်က မဲခွဲ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ်နေရာ အများစုကို NLD ပါတီက အနိုင်ရထားတာကြောင့် သူတို့အနေနဲ့ အတည်ပြုချက် အလွယ်တကူ ရနိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

တပ်မတော်ကို ကိုယ်စားပြုပြီး တက်ရောက်ကြမယ့် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးကို စစ်တပ်က ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာပဲ NLD ပါတီက အခုလို လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ အမည်စာရင်းတွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG