အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ပိုင်ခွင့် အထူးအယူခံကို အပြီးသတ် ပယ်ချလိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အတော်များများကို ဖောက်ဖျက် ကျူးလွန်တယ်ဆိုပြီး ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး ကောင်စီကို တင်ပြ တိုင်ကြားဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD တာဝန်ရှိသူတွေ ဒီကနေ့ တနင်္လာနေ့မှာ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးကြပြီးတဲ့နောက်မှာ အခုလို ဆုံးဖြတ်ချက် ချခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့်အတွက် အထူးအယူခံ လျှောက်ထားခဲ့တာမှာ NLD ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ဖို့ တရားဝင် မှတ်ပုံတင်ရေး ငြင်းဆန်ခဲ့တာကြောင့်ဆိုပြီး နေပြည်တော်မှာ ရုံးထိုင်တဲ့ တရားရုံးချုပ်ကနေ အထူးအယူခံကို ပယ်ချခဲ့ပါတယ်။ အဲဒီလို ပယ်ချတာဟာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အတော်များများကို ဖောက်ဖျက်ကျူးလွန်တာ ဖြစ်တယ်ဆိုပြီး NLD က လူ့အခွင့်အရေးကောင်စီကို တင်ပြ တိုင်ကြားဖို့ ပြင်ဆင်နေတာပါ။
“အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ တိုင်းပြည်မှာ Rule of Law တရားဥပဒေ စိုးမိုးမှု မရှိဘူး၊ ဒီအမှုမှာ ပေါ်လွင်နေတယ် ဆိုတဲ့ဟာကို အဓိကပါ။”
NLD ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
အထူးအယူခံကို ပယ်ချခံရပြီးတဲ့နောက် မြန်မာနိုင်ငံ တရားရေးစနစ်မှာ ဥပဒေလမ်းကြောင်းအရ နောက်ထပ် လုပ်စရာ ဘာမှ မရှိတော့ဘူး၊ လမ်းကုန်သွားပြီဆိုပြီး NLD ဘက်က အရင်က ပြောထားဖူးပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး ကောင်စီကို တင်ပြတာမှာ သူတို့ဘက်ကနေ ခိုင်ခိုင်မာမာ တင်ပြနိုင်မယ်ဆိုရင် လူ့အခွင့်အရေး ကောင်စီကနေ သူတို့ဘက်ကို အလေးသာ ဆုံးဖြတ်ပေးမယ်လို့ NLD က မျှော်လင့်ထားပါတယ်။
အခု NLD ဘက်က ထောက်ပြတဲ့ အချက်ထဲမှာ အဓိကဖြစ်တဲ့ Rule of Law တရားဥပဒေ စိုးမိုးမှုဟာ မြန်မာနိုင်ငံမှာ ပျက်စီးနေခဲ့တာ အတော်ကြာပြီလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ပညာရှင်တွေက မကြာခဏ ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။ အခုအချိန်မှာ သမ္မတလည်းရွေးပြီး လွှတ်တော် အစည်းအဝေးတွေလည်း ကျင်းပနေ၊ အုပ်ချုပ်ရေး ပုံစံတခုကလည်း မကြာခင်မှာ ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေက တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်လာမယ့်ဆီ ရှေးရှုသွားလိမ့်မယ်လို့ ဦးဉာဏ်ဝင်းကတော့ မျှော်လင့်မထားပါဘူး။
“လက်ရှိ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး ပြောရရင် ကျနော်တော့ အကောင်းမမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု အစိုးရဖွဲ့တာတို့၊ သမ္မတရွေးတာတို့ အားလုံးက ဘာမှ အပြောင်းအလဲ မမြင်ဘူး။ ဘာဖြစ်လို့ အပြောင်းအလဲ မမြင်လဲဆိုတော့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ဆိုတာကြီးကို ဆောင်ရွက်ပြီးကာမှ နအဖဆိုတာ ရှိနေတယ်ဗျ၊ ဥပဒေအရ။ အဲဒါကိုက ဘာမှ အပြောင်းအလဲ မရှိဘူးလို့ ကျနော် အဲဒီလိုပဲ ပြောချင်တယ်။”
တရားဥပဒေစိုးမိုးမှု ရှိတယ်ဆိုတာက တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိတာ၊ ဥပဒေရှေ့မှောက်မှာ နိုင်ငံသူ နိုင်ငံသားအားလုံး တန်းတူညီမျှရှိတာ၊ နိုင်ငံသူ နိုင်ငံသားတွေကို အာဏာပိုင်တွေက တရားလက်လွတ် မတရားပြုမူ လုပ်ဆောင်တာမျိုးတွေကနေ အကာအကွယ်ပေးတာ စသည်အားဖြင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ တည်ဆောက်ရေးမှာ တရားဥပဒေ စိုးမိုးမှု ရှိဖို့ရာဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ထောက်ပြပါတယ်။
“အဓိက အကျဆုံးပဲ။ တိုင်းပြည် Rule of Law မရှိဘဲနဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ဆိုတာ မရှိနိုင်ဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီက Rule of Law နဲ့ တတွဲတည်းပဲ ကျနော်တို့ ရှုမြင်ပါတယ်။”
NLD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ခွင့်အတွက် တရားဥပဒေကြောင်းအရ ကြိုးစားနိုင်တဲ့ အခွင့်အလမ်းတွေ ကုန်သွားပြီဖြစ်ပြီး လက်ရှိမှာ တရားဝင် နိုင်ငံရေးပါတီတခု မဟုတ်တော့ပေမဲ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်အရပ်မှာ ဆိုင်းဘုတ်တင် အလံထောင်ထားတဲ့ ပါတီရုံးချုပ် ဆက်ရှိနေသေးသလို လှုပ်ရှားမှုတွေကလည်း ရှိနေဆဲပါ။ အခုချိန်ထိတော့ NLD ပါတီရဲ့ လှုပ်ရှားမှုတွေကို မြန်မာအာဏာပိုင်တွေဘက်က သိသိသာသာ ဟန့်တားတာမျိုး မရှိသေးပါဘူး။