သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ရပ်တည်မှု လူ့အခွင့်အရေးကောင်စီထံ တင်မည်


NLD ပါတီ ရပ်တည်မှု လူ့အခွင့်အရေးကောင်စီထံ တင်မည်
NLD ပါတီ ရပ်တည်မှု လူ့အခွင့်အရေးကောင်စီထံ တင်မည်

၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံမတင်ခဲ့လို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ကြောင်း အစိုးရရဲ့ တဖက်သတ် ကြေညာခြင်း ခံထားရတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တရားဝင် ရပ်တည်ပိုင်ခွင့်အတွက် ရန်ကုန် ကုလသမဂ္ဂ ရုံးကတဆင့် ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ NLD ဘက်က အယူခံတွေကို လျှောက်ထားခဲ့ပေမဲ့ အဆင့်ဆင့် ပယ်ချခံခဲ့ရပြီးနောက် အခုလို လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) တရားဝင် ရပ်တည်နေကြောင်းနဲ့ ပါတီရဲ့ နိုင်ငံရေးသမိုင်း တလျှောက် အဖိနှိပ်ခံရမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ဒီသီတင်းပတ်ထဲမှာပဲ တင်သွင်းသွားဖို့ ရှိတယ်လို့ အဖွဲ့ချုပ် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်မှာ။ ကျနော်တို့ ဒီအပတ်ထဲ ကြိုးစားနေတယ်။ ပြီးပြီးချင်း တင်ပါ့မယ်။ ပါတီရပ်တည်ခွင့် ကိစ္စတွေ၊ ပါတီရဲ့ နိုင်ငံရေးသမိုင်းတလျှောက် ဖိနှိပ်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ဒီအခြေအနေတွေ အားလုံးကို သိရှိအောင် ကြိုးစားပြီးတော့ ဖော်ပြနေတာ။ အချက်အလက်တွေအရ မှန်တယ်ဆိုတာကို နိုင်ငံရေး အဓိပ္ပာယ်အရ လိုချင်တယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကိစ္စကို အမြဲတမ်း ညှိနှိုင်းပြီး ဆောင်ရွက်နေတာ ကြာပါပြီ။ တလ နှစ်လလောက် ရှိပြီ။ ဒါက ဥပဒေအရ ဆောင်ရွက်သင့်တဲ့ ဟာတွေကို ဆောင်ရွက်တဲ့ သဘောပါပဲ။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးပါတီတွေရဲ့ အနေအထား၊ အဖိနှိပ်ခံရမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိသလို လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာလည်း ထည့်သွင်း ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

“ဒီကိစ္စဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ကျနော့်အတွက် အထူးစိုးရိမ်ရတဲ့ အချက်ပါ။ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် NLD ပါတီရဲ့ အခြေအနေတွေ စိုးရိမ်ရတဲ့အကြောင်း အစီရင်ခံစာထဲမှာပါ ကျနော် ထည့်သွင်း ရေးသားခဲ့တာပါ။ အခုတော့ အစိုးရသစ်အဖွဲ့ တက်လာပြီမို့ အရင်တုန်းက ချမှတ်ထားတဲ့ မူဝါဒတွေကို ပြောင်းလဲပစ်ဖို့အတွက် တောင်းဆိုနေတာပါ။” လို့ ပြောသွားပါတယ်။

ဒါ့အပြင် မကြာခင်ကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အဖွဲ့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တာ တွေ့ရတာမို့ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေကနေ နောင်မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် မျှော်လင့်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

၂၀၁၀ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီ တရားဝင် ရပ်တည်နေမှု ပျက်ပြယ်ကြောင်း ကြေညာခဲ့ပါတယ်။ NLD ပါတီဘက်က တရားစွဲဆိုပြီး အယူခံ အဆင့်ဆင့် လျှောက်ထားခဲ့ပေမဲ့ အထူးအယူခံကို နေပြည်တော် ဗဟိုတရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ NLD ပါတီဟာ လူထုရဲ့ ထောက်ခံမှုနဲ့ ဆက်လက် ရပ်တည်နေခဲ့တာမို့ လက်ရှိ အစိုးရသစ်အဖွဲ့ရဲ့ ပြည်ထဲရေးဝန်ကြီးက မကြာခင်ကမှ NLD ပါတီရဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးစာ ပေးပို့ခဲ့ပါတယ်။ NLD ပါတီက တရားဝင်အဖြစ် ဆက်လက် ရပ်တည်နေကြောင်း မကြာခင်မှာပဲ ကုလသမဂ္ဂကို တင်ပြဖို့ ရှိသလို အစိုးရသစ်အဖွဲ့က ပေးပို့တဲ့ စာနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့လည်း စောင့်မျှော်နေတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီးက စာပို့ကတည်းက ကျနော်တို့ အကြောင်းပြန်တယ်။ အကြောင်းပြန်တဲ့ စာထဲမှာ ဥပဒေ အချက်အလက်တွေ ပြောထားတယ်။ အဲဒီအချက်မှာ အဓိက ပြောရရင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်ပြီး နောက်ပိုင်းမှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေအရ ကျနော်တို့ပါတီကို တရားမဝင်ဘူးလို့ ပြောတာ။ အဲဒီလို ပြဋ္ဌာန်းတဲ့ ဥပဒေများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘဲနဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက် စကတည်းက ပျက်ပြယ်တယ်။ ဒီဥပဒေတွေဟာ တရားမဝင်ဘူးဆိုတဲ့ အချက်အပေါ်မှာ အဓိက တင်ပြထားတာ။ အဲဒါ ကျနော်တို့ရဲ့ ဥပဒေဆိုင်ရာ ရပ်တည်ချက်ပါ။

“အစိုးရဘက်ကတော့ အခုထိ လက်မခံသေးလို့ ပြည်ထဲရေးက အကြောင်းကြားတာ။ သို့သော် ပြည်ထဲရေးကို ပြောတဲ့အထဲမှာလည်း ကိုယ်မှန်တယ်၊ သူမှန်တယ်ကို အခြေခံပြောနေတာ မဟုတ်ဘူး၊ ကျနော်တို့နဲ့ အစိုးရအဖွဲ့ အမြင်နဲ့ မတူဘူး။ မတူတဲ့ ဥပဒေ အချက်အလက်တွေကို လိုအပ်သလို နားလည်မှုရအောင် ဆွေးနွေးကြစို့လို့ ဒါပြောတာပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG