သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွတ်လပ်ရေးနေ့အခမ်းအနား တပ်ချုပ်သဝဏ်လွှာပို့


(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အဖွဲ့ချုပ်ရုံး၌ကျင်းပ( crd - NLD )
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အဖွဲ့ချုပ်ရုံး၌ကျင်းပ( crd - NLD )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးစီးကျင်းပတဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံး အကြိမ် သဝဏ်လွှာပေးပို့ခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အရင်နှစ်တွေက လွတ်လပ်ရေးနေ့တွေမှာတော့ အထိမ်းအမှတ်အနေနဲ့ ပို့စကတ်တွေကိုပဲ နိုင်ငံရေးပါတီတွေဆီကို ပေးပို့ခဲ့ရာကနေ ဒီတခေါက်မှာတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေ လူကိုယ်တိုင် သဝဏ်လွှာ လာရောက်ပေးပို့ခဲ့တာဖြစ်တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

အရင်နှစ်တွေတုန်းက လွတ်လပ်ရေးနဲ့ ပို့စ်ကတ်ကိုပဲ ပေးပို့ခဲ့ရာကနေ ဒီနှစ်မှာတော့ သဝဏ်လွှာ ပုံစံ ဖြစ်တဲ့အပြင် လူကိုယ်တိုင် လာပေးတာဖြစ်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ဒီလိုပါ၊ အရင်နှစ်က ပို့စကတ်သဘော စာတိုက်ကနေလာတာပါ။ ဒီတခါကကျတော့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကိုယ်တိုင်လာပြီးပေးတယ်။ ပုံစံကလည်းသဝဏ်လွှာသဘောမျိုး ဆန်တယ်ပေါ့ဗျာ။ အဲဒါ ကြောင့် ဒါကပထမဆုံးလို့ပြောလိုက်တာပါ။ ပို့စကတ်သဘောပို့တာကတော့ အရင်ရှိခဲ့ဖူးတယ်”

၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တာပါ။ သဝဏ်လွှာမှာပါဝင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ဒေါက်တာမျိုးညွှန့်က -

“လွတ်လပ်ရေးနေ့မှာ နှုတ်ခွန်းဆက်လိုက်တဲ့ စကားလေးတခွန်းပဲ ပေးပို့ထားတာပါ။ သူ လွတ်လပ်ရေး နေ့ကို နှုတ်ခွန်းဆက်တယ်ဆိုတဲ့ အကြောင်းလေးပါဘဲဗျ။ ”

ဒီလို ပေးပို့တာနဲ့ပတ်သတ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က အကောင်းမြင် သုံးသပ် ပြောဆိုပါတယ်။

“ဒါကတော့ လက်ရှိအာဏာရပါတီရယ်၊ တပ်မတော်က နိုင်ငံတော်မှာ အရေးပါတဲ့အဖွဲ့ဖြစ်လို့ ဒီအဖွဲ့ နှစ်ခုကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကို အကောင်းမြင်ပါတယ်။ နိုင်ငံအတွက် အပြုသဘော ဆောင် တဲ့ အရွှေ့လေးတခုလို့မြင်ပါတယ်။”

မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီလိုသဝဏ်လွှာ ပေးပို့တဲ့အပေါ် သိပ်ထူးခြားလှတဲ့ကိစ္စရပ်တခုအဖြစ် မမြင်ပါဘူး။

“လက်ရှိ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီပြောင်းလဲရေးအတွက် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးပိုပြီးတော့ ကောင်းလာဖို့ကတော့ အရေးကြီးတယ်လို့ မြင်တယ်။ သို့သော်လည်းပဲ ၇၁ ကြိမ်မြောက်မှာ တပ်ဘက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ပါတီ အချို့နဲ့ တိုင်းရင်းသားပါတီအချို့ကို သဝဏ်လွှာပေးပို့တာကတော့ လုပ်ရိုးလုပ်စဉ်တခုလို့သာ မြင်တယ်။ သိသာမြင်သာတဲ့ အပြောင်းအလဲတခုမဟုတ်ဘူးလို့ မြင်တယ်။”

NLD ပါတီကကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို အန်အယ်လ်ဒီပါတီဝင်တွေ၊ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံတကာသံတမန်တွေ တက်ရောက်ခဲ့ကြပြီး သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ ဒီကနေ့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တခြားနိုင်ငံရေးပါတီတွေဆီကိုပါ သဝဏ်လွှာ ပေးပို့ခဲ့တာပါ။ ဗွီအိုအေက အတည်ပြုနိုင်သလောက်မှာတော့ NLD ပါတီအပြင် လူ့ဘောင်သစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီတို့ ပါဝင်သလို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦး ခင်မောင်ဆွေကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်က လူကိုယ်တိုင် လာရောက်ပေးပို့တာကို လက်ခံ ရရှိခဲ့ကြောင်း အတည်ပြု ပြောဆိုပါတယ်။

XS
SM
MD
LG