သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လူထုလှုပ်ရှားမှု NLD ဆက်လုပ်မည်


၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲများမှ မြင်ကွင်းတခု။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲများမှ မြင်ကွင်းတခု။
အခြေအတင် ဖြစ်နေရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့် လာနေတဲ့ ဆောင်ရွက်လာနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ကော်မရှင်က သတိပေးထားပေမဲ့ အစီအစဉ်အတိုင်း ဆက်လုပ်မှာ ဖြစ်တဲ့အကြောင်း (NLD) ပါတီက ပြောပါတယ်။ စစ်တပ်ကို ထိပါးတဲ့ အသုံးအနှုန်းတွေ ပါဝင်နေတယ်လို့ NLD ပါတီကို သတိပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ လိုအပ်ရင် ဆက်လက် အရေးယူဖို့ စဉ်းစားမှာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေက ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲအတွင်း တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး ပြောဆိုချက်တွေဟာ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်လွန်ရာ ရောက်နေတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က သတိပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ မိမိကိုယ်တိုင် ကတိသစ္စာပြုထားတာကို လေးစားလိုက်နာဖို့ သတိပေးခဲ့ရတာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောမှုတွေဟာ အခြေခံဥပဒေဘောင် အတွင်းကသာဖြစ်တာကြောင့် နောက်ထပ်လည်း လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ဟာက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို လွန်တယ်လို့ မယူဆဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကနေ သတ်မှတ်ထားတဲ့ ဘောင်ထဲကနေ ပြောတယ်လို့ပဲ ယူဆတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုကိုလည်း ဆော်သြတယ်။ အဲဒီ ပြည်သူလူထုထဲမှာလည်း တပ်မတော်သားတွေလည်း ပါတာပဲ။ အဲဒီ တပ်မတော်သားတွေ ပါအောင်လို့ လှုံ့ဆော်တဲ့ကိစ္စဟာ ဘာမှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ --- အန်ကယ်တို့ လုပ်မယ့်အစီအစဉ်တွေကို အရင်အတိုင်းပဲ ဆက်လုပ်မှာပဲ။ နက်ဖြန်ကစပြီး တနိုင်ငံလုံးမှာ လက်မှတ်ထိုးပွဲတွေ ကျင်းပဖို့အတွက် စပြီး လုပ်တော့မယ်။ နောက်ပြီးတော့မှ ၈၈ မျိုးဆက်သစ်နဲ့ ကျနော်တို့ NLD က ပထမ ၂ နှစ်ပြီးတဲ့အခါမှာ တိုင်းနဲ့ပြည်နယ် မြို့ကြီးတွေကို ဦးစားပေးပြီးတော့ သွားမယ်။ ပြီးတော့မှ အချိန်ရရင် ရသလို မြို့ကြီးမြို့ငယ်တွေမှာ ဟောပြောပွဲတွေ လုပ်မယ်၊ စည်းရုံးလှုံ့ဆော်ပွဲတွေ လုပ်မယ်။ လက်မှတ်ထိုးပွဲတွေ လုပ်မယ်။ ဒါတွေက ဘယ်လိုနည်းနဲ့မှ ရပ်တန့်သွားစရာ အကြောင်း မရှိပါဘူး။”

ရွေးကောက်ပွဲကော်မရှင်ဘက်က နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပြည်ထောင်စုလွှတ်တော်တရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အပါအဝင် တိုင်းဒေသကြီးက နိုင်ငံရေးပါတီအားလုံးကိုပါ NLD ကို ပေးပို့တဲ့ အကြောင်းကြားစာကို ဖြန့်ဝေထားတာပါ။

ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပေးပို့ထားတဲ့ တရားဝင်အကြောင်းကြားစာကို NLD ဘက်က တစုံတရာ မတုန့်ပြန်လာသေးသလို၊ နောက်ထပ် လှုပ်ရှားမှုတွေမှာ တည်ဆဲဥပဒေကို ချိုးဖောက်မှုတွေ တွေ့ရရင် အရေးယူဖို့ စဉ်းစားသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ပုဒ်မ (၆) ထဲမှာ ဘာတွေ ဘာတွေကို လိုက်နာ စောင့်ထိန်းရမယ်ဆိုတာ ရှိပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပုဒ်မ ၂၄ (က) မှာ ဆိုထားပါတယ်။ ပါတီတစ်ခုသည်၊ တည်ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပိနနည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်များ၊ ပြဌာန်းချက် တရပ်ရပ် သို့မဟုတ် တည်ဆဲဥပဒေပါ ပြဌာန်းချက်တရပ်ရပ်ကို လိုက်နာခြင်း မရှိကြောင်း ကော်မရှင်က တွေ့ရှိလျှင် ကော်မရှင်သည် ထိုပါတီအား လိုအပ်သည်များ လိုက်နာဆောင်ရွက်ရန် အချိန်ကာလ သတ်မှတ်၍ လိုအပ်သည်များ လိုက်နာဆောင်ရွက်မှု ညွှန်ကြားနိုင်ပါတယ်။”

NLD ပါတီကတော့ လွှတ်တော်မှာ စစ်တပ်က ၂၅% နေရာယူထားတဲ့ ကိစ္စအပါအဝင် အဓိကပြင်ဆင်ဖို့ လိုအပ်ချက်တွေကို ရှေ့နှစ် ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာပါ။ ဒါပေမဲ့လည်း ကော်မရှင်ဘက်က တုံ့ပြန်မှုတွေဟာ ကြားဖြတ်ရွေးကောက်ပွဲတွေအပါအဝင် ၂၀၁၅ရွေးကောက်ပွဲနီးကပ်လာချိန် ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးပမ်းမှုအဖြစ်နဲ့လည်း NLD က မြင်ပါတယ်။

“အခု ကော်မရှင်က ကန့်သတ်မှုတွေ စပြီး လုပ်တဲ့ဟာက ကျနော်တို့ NLD ကို ၂၀၁၅ မတိုင်ခင် ပြဿနာရှာဖို့ ခြေလှမ်းတွေလို့ ကျနော်တို့ ယူဆတယ်။ နောက်တခု- နှိုင်းရမယ်ဆိုလို့ရှိရင်တော့ ချစ်တီးခေါင်း သန်းရှာတယ်။ မရှိတာကို အရှိဖြဲရှာတယ်။ အဲဒီတော့ ကော်မရှင်ရဲ့လုပ်ရပ်တွေဟာ ကြားနေပြီးတော့ free and fair election လုပ်ဖို့အတွက် ပါတီတွေ၊ အထူးသဖြင့် NLD ပါတီကို ပုဂ္ဂိုလ်စွဲနဲ့ နှိပ်ကွပ်ဖို့ ကြိုးစားတယ်လို့ ယူဆတယ်။ နောက်တချက်- ပြီးခဲ့တဲ့လထဲတုန်းက ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရန်ကုန်မှာ ပါတီခေါင်းဆောင်တွေ စုပြီးတော့မှ ပြောသွားတဲ့ ကိစ္စထဲမှာ ဘာပါလဲဆိုတော့ သူဟာ သမ္မတကြီး ဦးသိန်းစိန်နဲ့ လွှတ်တော်အပတ်စဉ် တစ်ခုတည်း ကျောင်းဆင်းခဲ့တာ၊ အင်မတန် ရင်းနှီးတယ်၊ လုပ်စရာ ကိုင်စရာရှိရင် သူနဲ့တိုင်ပင်ပြီးလုပ်တယ်ဆိုတာ စကားတစ်ခွန်း ပါလာတယ်။ ဆိုတော့ အခု ဦးတင်အေးလုပ်မယ့်ဟာတွေက သမ္မတကြီး ဦးသိန်းစိန်ရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ လုပ်နေတာလားလို့ ကျနော် မေးခွန်းထုတ်ချင်တယ်။”

စစ်အစိုးရလက်ထက်မှာ ရေးဆွဲပြီး အငြင်းပွားစရာ အခြေအနေအောက်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုတော့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းမှာသာမက နိုင်ငံတကာက တိုက်တွန်းမှုတွေလည်း ထွက်ပေါ်နေတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကလည်း စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ ပေါ်ပေါက်ဖို့ဆိုရင် အခြေခံဥပဒေကို မပြင်မဖြစ် ပြင်ဖို့လိုတဲ့အကြောင်း ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG