သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးတွေ့ဆုံပွဲတက်သည့် Dr.သိန်းလွင်ကို NLD အရေးယူမည်


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးနေကြသော NNER အဖွဲ့ဝင်များ.(NNER fb)
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးနေကြသော NNER အဖွဲ့ဝင်များ.(NNER fb)

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး ရန်ကုန်မှာပြုလုပ်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအတွင်း တတ်ရောက်ဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ NLD ဗဟို ကော်မတီဝင် ဒေါက်တာသိန်းလွင်ကို NLD ရဲ့ စည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမယ်လို့ NLD ပါတီက ကြေညာချက် ထုတ်ပါတယ်။ NNER မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်နဲ့ ကျောင်းသားတွေဘက်ကလည်း NLD ရဲ့ ဒီသဘောထား ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ သူတို့သဘောထားတွေကိုလည်း အသီးသီးထုတ်ပြန်ပြီး တုံ့ပြန်ကြပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ ရန်ကုန်စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားသပိတ်ခေါင်းဆောင်တွေနဲ့ NNER မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်တို့ လေးပွင့်ဆိုင်ဆွေးနွေးခဲ့ကြပါတယ်။ သပိတ်မှောက်ကျောင်းသားတွေ၊ ပညာရှင်တွေက တဘက် အစိုးရ၊ လွှတ်တော်တာဝန်ရှိသူတွေကြား ‘သမဂ္ဂ’ ဆိုတဲ့ စကားလုံးအသုံးအနှုန်းကနေစလို့ မူဘောင် ဆွေးနွေးချက်တွေမှာ အခြေ အတင် အငြင်းပွားမှုနဲ့ ဆုံးဖြတ်ချက် မတင်မကျဖြစ်နေဆဲအနေအထားမှာ အခုလို NNER ဘက်က ဦးဆောင်ဆွေးနွေးသူ ဒေါက်တာ သိန်းလွင်နဲ့ ပတ်သက်လ့ို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ဟာ အဖွဲ့ချုပ်ရဲ့ ကြိုတင်သဘောတူညီချက်မရဘဲ ဦးဆောင်ပါဝင် ဆောင်ရွက်တာဟာ အဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်တာ ဖြစ်တယ်ဆိုပြီး အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“မနေ့ကဆွေးနွေးပွဲမှာ သွားတက်တာက သူက အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး တက်ရောက်တာမဟုတ်ဘူး၊ ဗဟိုအလုပ်အမှုဆောင်ကလည်း သူ့ကို အဲဒီကို သွားတက်ဖို့ တာဝန်ပေးထားတာမဟုတ်ဘူး၊ ဒါကြောင့် စည်းမျဉ်းစည်းကမ်းနဲ့မညီလို့ ကြေညာချက်ထုတ်တာ၊ NNER အနေနဲ့သွားတက်တာကဟုတ်တယ်။ ဒါပေမယ့် အဖွဲ့ချုပ်ရဲ့ CC လေ၊ အဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်က အဲဒီလိုသွားတက်မယ်ဆိုရင်တော့ အဖွဲ့ချုပ်ရဲ့တာဝန်ပေးချက်အရသာ သွားတက်ရမှာကိုး၊ ဒါက နဂိုရ်ကတည်းက ဟိုတုန်းကတည်းက ရှိနေပြီးသား စည်းမျဉ်းစည်းကမ်းကို။”

မေး။ ။ ဒီလိုမျိုး စည်းကမ်းဖောက်ဖျက်တယ်ဆိုရင် ပါတီရဲ့ စည်းမျဉ်းစည်းကမ်းအရ ဘယ်လောက်အထိများ အရေးယူ ဆောင်ရွက်နိုင်ပါလဲရှင့်။

ဖြေ။ ။ ပုံမှန်သတ်မှတ်တာ မရှိဘူး။ ဒါပေမယ့် စည်းကမ်းထဲမှာတော့ ရှိတာပေါ့။ ယာယီရပ်ဆိုင်းတာတို့၊ တာဝန်က ထုတ်ပယ်တာတို့ စသဖြင့်တော့ ဒါတွေကတော့ အမျိုးမျိုး အစားစားတော့ ရှိတာပေါ့။ ဒါပေမယ့် ဒါက နောက်ပိုင်း စည်းကမ်းထိန်းသိမ်းရေးရဲ့ တွေ့ရှိချက် အပေါ်မှာပဲ မူတည်တယ်။

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးကွန်ယက်လည်း အဲဒီအဖွဲ့ထဲမှာ ပါပါတယ်။ ဆိုတဲ့အခါကျတော့ ဒေါက်တာသိန်းလွင်က NLD အမျိုးသားကွန်ယက်ကို ကိုယ်စားပြုပြီး တက်ရောက်တာရော မဖြစ်နိုင်ဘူးလားရှင့်။

ဖြေ။ ။ အဲလို သွားမယ်၊ တက်မယ်ဆိုရင် အခုနက အဲဒါကြောင့် ပြောတာပေါ့။ အဖွဲ့ချုပ်ရဲ့တာဝန်ပေးချက်အရပဲ ဖြစ်ရမယ်လေ။ စည်းကမ်းက ဒါကိုပြောတာ။

ဒေါက်တာသိန်းလွင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပညာရေးဆိုင်ရာကော်မတီက ပညာရေးကွန်ယက် တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သလို ဒီ ပညာရေးကွန်ယက်ဟာ NNER မှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတာလည်းဖြစ်ပါတယ်။

အခုလို ဒေါက်တာသိန်းလွင်အပေါ် NLD ရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် “NLD ဟာ ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကို သဘောမတူပါသလော” ဆိုပြီး အိတ်ဖွင့်ပေးစာတစ်စောင်နဲ့ ဘက်ကလည်း Facebook လူမှုကွန်ယက်စာမျက်နှာကနေ မေးခွန်းထုတ်ပါတယ်။ ကျောင်းသားတွေရဲ့ အခုလို ဒီမိုကရေစီပညာရေး လှုပ်ရှားမှု၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ပညာရေးကိစ္စဖြစ်လို့ ဒေါက်တာသိန်းလွင်ဘက်က ကူညီဆောင်ရွက်တာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရေးယူမယ်လို့ ကြေညာချက် (၈/ဝ၂/၂ဝ၁၅)ကို ဘာကြောင့် ထုတ်ပြန်ရပါသလဲဆိုတာ NNER အနေနဲ့ နားမလည်နိုင်ဖြစ်ရတဲ့အတွက် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ဖြေရှင်းပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ထားတာဖြစ်ပါတယ်။

NNER က ဦးအာကာမိုးသူကို ဆက်သွယ်မေးမြန်းရာမှာတော့-

“NNER က အားလုံးကို ကိုယ်စားပြုတဲ့ reference ရှိတယ်။ နောက်ပြီးတော့ NNER ထဲမပါတဲ့ဟာတွေက အကုန်လုံးကို ကိုယ်စားပြုပြီးတော့ ထုတ်တယ်။ …အခုလောလောဆယ် အစည်းအဝေး လုပ်နေတုန်းပဲ ရှိသေးတယ်။”

လေးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲမှာ ကျောင်းသားတွေအနေနဲ့ ဒေါက်တာသိန်းလွင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အနေနဲ့ ဖိတ်ကြားခဲ့တာမဟုတ်ကြောင်းနဲ့ ကျောင်းသားတွေ လေးစားယုံကြည်တဲ့ ပညာရှင်အနေနဲ့ဖိတ်ခဲ့တာဖြစ်တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကလည်း သဘောထားထုတ်ပြန်ပါတယ်။

ကျောင်းသားထု အရေးတကြီးတောင်းဆိုနေတဲ့အချိန် NLD ဘက်က ဒီမိုကရေစီပညာရေးသပိတ်ကို ကန့်ကွက်တဲ့သဘော၊ လေးပွင့်ဆိုင် ညှိနှိုင်းရေးကို နှောင့်နှေးစေတဲ့သဘော သွယ်ဝိုက် သက်ရောက်စေတဲ့အတွက် ဒီကြေညာချက်ကို အချိန်ကိုက် မထုတ်သင့်ဘူးလို့လည်း ကျောင်းသားတွေရဲ့ ဦးဆောင်ကော်မတီကပြောဆိုပါတယ်။

သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသီဟဝင်းတင်ပြောတာကတော့

“ဆရာဒေါက်တာသိန်းလွင်ကို ကျနော်တို့ အနေနဲ့က NLD ပါတီဝင်ဆိုတာထက် NNER က ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျောင်းသားတွေကို ကူညီတဲ့ပညာရှင်တယောက်အနေနဲ့ အကယ်ဒမစ်တယောက်အနေနဲ့ သတ်မှတ်ထားပါတယ်။ ကျောင်းသားတွေအတွက် အရေးဆိုနေတဲ့ ပညာရှင်တယောက်လို့လည်း ကျနော်တို့အားလုံးက လက်ခံထားပါတယ်။”

လွှတ်တော်မှာပြဌာန်းပြီး သမ္မတအတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားတွေရဲ့ မန္တလေးကနေ ရန်ကုန်အထိ သပိတ်စစ်ကြောင်းတွေနဲ့ ခရီးရှည်ချီတက်ဆန္ဒပြမှုတွေမှာ အာာဏာပိုင်တွေရဲ့ ပုဒ်မ ၁၈ အကြောင်းပြ ပိတ်ဆို့တဲ့ကြားက ဖြတ်သန်းရာမြို့တွေရွာတွေက ဒေသခံပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေကပါ တခဲနက်ထောက်ခံမှုတွေနဲ့ သပိတ်အင်အားများလာချိန် လေးပွင့်ဆိုင်ဆွေးနွေးမှုလုပ်ဖို့ ဖြစ်လာခဲ့တာပါ။

ဒေါက်တာသိန်းလွင်နဲ့ပတ်သက်လို့ NLD က မူလထုတ်ပြန်ထားတဲ့ကြေညာချက်ကို ပြန်လည် ပြင်ဆင်ပြီးတော့ ထုတ်ပြန်လိုက်ပါတယ်။ ဒေါက်တာသိန်းလွင်ဟာ NLD ရဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်တာကြောင့် တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်တာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပ်နှင်းထားတဲ့တာဝန်အရသာ ဆောင်ရွက်ခွင့်ရှိတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် ဒေါက်တာသိန်းလွင်ဟာ NLD ကို ကိုယ်စားပြုပြီးတော့ ဒီဆွေးနွေးပွဲကို တက်ရောက်တာမဟုတ်တာကြောင့် NLD ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ထပ်မံပြီးတော့ ထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG