သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD စာစောင်သစ်ထုတ်


NLD စာစောင်သစ်ထုတ်
NLD စာစောင်သစ်ထုတ်

Democratic Wave ဒီလှိုင်း ဆိုတဲ့နံမည်နဲ့ ပါတီစာစောင်တစ်ခုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီကနေ့ စတင် ထုတ်ဝေလိုက်ပါတယ်။ လောလောဆယ် နှစ်ပတ် တစ်ကြိမ ်ထုတ်ဝေမယ့် ဒီလှိုင်းစာစောင်ကို စာဖတ်သူတွေ စိတ်ဝင်စားအောင် ဂျာနယ်ပုံစံနဲ့ ထုတ်ဝေ ရောင်းချသွားမယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဒီတော့ ဘယ်လို အကြောင်းအရာတွေကို ဒီလှိုင်းမှာ ဖတ်နိုင်မှာပါလဲ။ ဒီကနေ့မှာ ပထမဆုံး ထုတ်ဝေတဲ့ စာစောင်မှာရော ဘာတွေဖော်ပြထားလဲ ဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က အစီရင်ခံထားပါတယ်။

နိုင်ငံရေးပါတီ စာစောင်ထုတ်ဝေခွင့်အရ NLD ပါတီက ဒီလှိုင်း စာစောင်ကို ဒီနေ့ တနင်္လာနေ့မှာ စတင် ထုတ်ဝေ ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုအစပိုင်းမှာ သီတင်းနှစ်ပတ်ကို တစ်ကြိမ် စောင်ရေ ၁ သိန်း ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ ဒီလှိုင်းထုတ်ဝေရေး တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ မနီမိုလှိုင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ NLD ပါတီက စည်းရုံးမဲဆွယ် နေချိန်မှာ ပထမဆုံး ထုတ်ဝေလိုက်တဲ့ စာစောင်မှာ ဘယ်လိုထူးခြားတဲ့ အကြောင်းအရာတွေ ဖတ်နိုင်မှာပါလဲ။

“အခု ပထမဆုံး ထုတ်ဝေတဲ့ စာစောင်က အန်တီ ကော့မှူး မြို့နယ်က ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့အကြောင်း မျက်နှာဖုံးနဲ့ နိုင်ငံရေး အကျဉ်းသာတွေ လွတ်မြောက်လာတဲ့ သတင်းရယ်၊ နောက်ဆုံး လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမြင်ပေါ့နော်။ လွတ်မြောက်လာသူတွေရဲ့ အမြင်ရယ်။ နောက် ဘဘဦးဝင်းတင်ရဲ့ ဆောင်းပါး ပါတယ်။ အန်တီလည်း ရေးပါတယ်။ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ပါတယ်။ အစ်မတို့ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ ဖြစ်သွားခဲ့တဲ့ ဖျာပုံမြို့နယ်က ကိုသိန်းဆွေနဲ့ အာဏာပိုင်များရဲ့ အနေအထားလေး၊ အစ်မရဲ့ ပြည်သူလူထုကို သိစေချင်တာလေး ရေးထားတဲ့သတင်း ဆောင်းပါးလေး ပါတယ်။ နောက် ကဗျာလေးတွေ ပါတယ်။ နောက် အန်ကယ် ဦးဉာဏ်ဝင်းရဲ့ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ ဆောင်းပါး ပါတယ်။”

တနင်္လာနေ့မနက် အစောပိုင်း ဂျာနယ်တွေ စတင်ရောင်းချိန်ကတည်းက ဒီလှိုင်းစာစောင်ကို စတင် ရောင်းနေတာမှာ ဝယ်ကြသူတွေ များတယ်လို့လည်း ဆိုပါတယ်။

“မနက်အစောကြီးကတည်းက ရောင်းတယ်။ ရောင်းအားကတော့ တော်တော်လေး များတယ် ညီမရေ။ နယ်က တက်လာတဲ့သူတွေလည်း တော်တော်လေး မှာကြတယ်။ တစ်ယောက်တည်း မှာတာကို ၅၀၀ တို့ ဘာတို့ စာရင်းအားဖြင့်တော့ တော်တော်လေး များတယ်။”

NLD ပါတီရဲ့ အာဘော်၊ ပါတီရဲ့ မူဝါဒတွေကို အဓိက ဖော်ပြမယ့် စာစောင်ဖြစ်တာမို့ ရေရှည်မှာ စာဖတ်သူတွေကို စွဲဆောင်ထားနိုင်ဖို့ အတွက်ကရော ဘယ်လိုလုပ်မှာပါလဲ။

“အဓိကကတော့ NLD ရဲ့ အာဘော်၊ NLD ရဲ့ လှုပ်ရှားမှုတွေကို ပြည်သူဆီကို ဂျာနယ်နည်းလမ်းနဲ့ ဖြန့်တာပါ။ ဂျာနယ်ပုံစံနဲ့ သွားနိုင်အောင် ကြိုးစားနေတယ်။ အဓိက က အင်မတန် ညောင်းညာခဲ့တဲ့ သတင်းစာတွေလို မဖြစ်အောင် ကြိုးစားတယ်။ အစိုးရထုတ် သတင်းစာတွေ အများကြီး ဖတ်ခဲ့ရဖူးတယ်လေ။ အခုကတော့ နိုင်ငံရေး ပါတီတစ်ခုရဲ့ အာဘော်နဲ့ နိုင်ငံရေး ပါတီတစ်ခုရဲ့ လှုပ်ရှားမှုတွေကို ဦးစားပေးပြီး သွားမယ်ဆိုတော့ မတော်တဆ သတင်းစာ ဆန်သွားမှာ စိုးတယ်။ အဲတော့ အစ်မတို့က သတင်းစာပုံစံနဲ့ မသွားဘူး။ ပါတီက ထုတ်တာ မှန်တယ်။ ပါတီက နသ နဲ့ တရားဝင်ထုတ်တဲ့စာစောင် ဖြစ်တယ်။ ဒါပေမဲ့ ဂျာနယ် အတိုင်းပဲ သွားမယ်။ ဘာသာရပ်နဲ့ ပတ်သက်ရင် ဥပဒေနဲ့ ပတ်သက်ပြီး ပါမယ်။ နောက်ပြီးတော့ ပြည်သူလူထုကို ပြည်သူလူထုရဲ့ အခွင့်အရေး Right နဲ့ ပတ်သက်ပြီးတော့ ပြန်ယူရမယ့် အခွင့်အရေးတွေ၊ စောင့်ထိန်းယူရမယ့် အခွင့်အရေးတွေ၊ အဲဒီ အခွင့်အရေး တွေကို ပြည်သူလူထု သိအောင်ပေးမယ်။ နောက် ပါတီရဲ့ အာဘော်နဲ့ ပါတီရဲ့ လှုပ်ရှားမှုတွေ ပါမယ်။”

ဒီလှိုင်းစာစောင် ထုတ်ဝေရေးနဲ့ပတ်သက်လို့ တာဝန်ရှိသူတစ်ယောက် ဖြစ်တဲ့ မနီမိုလှိုင် ဖြစ်ပါတယ်။ အယ်ဒီတာအဖွဲ့မှာ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဖျာပုံနီလုံဦး၊ မုံရွာအောင်ရှင် စတဲ့ ဝါရင့် သတင်းစာဆရာ၊ စာရေးဆရာကြီးတွေ ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူရဲ့ဆောင်ပါးတွေ ပုံမှန်ပါနိုင်အောင် ကြိုးစားရေးမယ်လို့ ပြောပါတယ်။

XS
SM
MD
LG