သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမှန်ရေးနဲ့ ဘက်မလိုက်ဖို့ ဒေါ်စု တိုက်တွန်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်တွင် ဖွင့်လှစ်သည့် သတင်းစာပညာသင်တန်း ဖွင့်ပွဲတွင် အမှာစကား ပြောကြားနေစဉ်။ မေ ၁၆၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်တွင် ဖွင့်လှစ်သည့် သတင်းစာပညာသင်တန်း ဖွင့်ပွဲတွင် အမှာစကား ပြောကြားနေစဉ်။ မေ ၁၆၊ ၂၀၁၁။

မြန်မာနိုင်ငံမှာ သတင်းသမားတွေ အနေနဲ့ ဘက်မလိုက်ဘဲ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကိုပဲ ပြည်သူတွေကို တင်ပြနိုင်ဖို့ အရေးကြီးတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီနေ့ တနင်္လာနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှာ ဖွင့်လှစ်တဲ့ သတင်းစာပညာသင်တန်း အပတ်စဉ် ၁ ဖွင့်ပွဲ နှုတ်ခွန်းဆက် အမှာစကားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်ပြီး လွတ်မြောက်လာတဲ့ နောက်ပိုင်း လူငယ်တွေအတွက် အရည်အချင်း မြှင့်တင်ရေး ပို့ချမှုတွေကို အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ တနင်္လာနေ့ကတော့ လူငယ် ပညာပေးရေး အစီအစဉ်အရ ဖွင့်လှစ်တဲ့ သတင်းစာပညာသင်တန်း အပတ်စဉ် ၁ ကို အဖွဲ့ချုပ် ဗဟိုအစည်းအဝေး ခန်းမမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။

သတင်းသမားတယောက် အနေနဲ့ ကိုယ့်သတင်းတပုဒ်အတွက် သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် ဖြစ်နေဖို့က အရေးကြီးတယ်လို့ သင်တန်းအဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လူတိုင်း လူတိုင်းမှာ မိမိရဲ့ အမြင်လေးတွေ၊ မိမိရဲ့ ကြိုက်တာလေးတွေ မကြိုက်တာလေးတွေတော့ ရှိတာပေါ့။ သတင်းစာဆရာမို့လို့၊ သတင်းလောကက လူမို့လို့၊ သူတို့အမြင်လည်း ရှိတယ်။ အဲတော့ ကျမအနေနဲ့ ဘယ်လိုမြင်ပါလဲ ဆိုတော့ အရေးကြီးတာက သတင်းအချက်အလက်က မှန်ရမယ်။ ဒါကတော့ အရေးကြီးတယ်။ ကိုယ် ဘယ်ဘက်ကိုပဲ ထောက်ခံနေ၊ ထောက်ခံနေ သတင်းအချက်အလက်က မှန်ရမယ်။ ဟိုဘက်ကို မကြိုက်လို့ ဟိုဘက်က လူတွေအကြောင်း အပုပ်ချ မပြောရဘူး။ ဒီဘက်ကို ကြိုက်လို့ ဒီဘက်လူတွေအကြောင်း မဟုတ်တဲ့ ကောင်းကြောင်းတွေလည်း မပြောဘူး။”

ဒီသင်တန်းအတွက် ပြည်နယ်၊ တိုင်း အသီးသီးက အဖွဲ့ချုပ် ပြန်ကြားရေးဆိုင်ရာ လုပ်ငန်းတွေမှာ တာဝန်ယူ လုပ်ကိုင်နေတဲ့ လူငယ်သင်တန်းသား ၅၂ ဦးက ပထမအသုတ် အဖြစ်နဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီသင်တန်းအတွက် တာဝန်ယူ ပို့ချမယ့်သူက သတင်းစာဆရာကြီး ဦးဝင်းတင်ဖြစ်ပြီး တပတ်ကြာ သင်တန်းတခု ဖြစ်တယ်လို့ သင်တန်းပို့ချမယ့်သူ တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“သင်တန်းပို့ချမှု အားလုံးကို ကြီးကြပ် လမ်းညွှန်သွားမှာကတော့ ဆရာ ဦးဝင်းတင်ပါပဲ၊ ဟံသာဝတီ ဦးဝင်းတင်ပါ။ ပို့ချပေးမယ့် ပုဂ္ဂိုလ်တွေကတော့ ဦးမိုးသူ စာရေးဆရာ မောင်မိုးသူပါ၊ သူက ဂျာနယ်အကြောင်း ပို့ချပါမယ်၊ နောက် ဦးသာဘန်း၊ ဦးသာဘန်းက ဘာသာပြန်ဗေဒ ပို့ချမှာ ဖြစ်ပါတယ်။ နောက် ကျနော်၊ မီဒီယာ အကြောင်းနဲ့ သတင်းရေးနည်း၊ သတင်းလိုက်နည်းပေါ့ဗျာ၊ အဲဒါတွေ ပို့ချပါမယ်။

“နောက် ဖျာပုံ နီလုံဦး၊ အယ်ဒီတာနဲ့ မဂ္ဂဇင်းလောက အကြောင်း ပို့ချမှာ ဖြစ်ပါတယ်။ မုံရွာအောင်ရှင်၊ ဦးအောင်ရှင်ကတော့ စာပေလွတ်လပ်ခွင့် ပို့ချမှာ ဖြစ်ပါတယ်။ ကျနော်ကပဲ နောက် စာနယ်ဇင်း ကျင့်ဝတ် ပို့ချပါမယ်။ နောက် လူငယ် ကိုဇော်မျိုးအောင်၊ သူကတော့ ကွန်ပျူတာ ပညာရှင်ပါ၊ သူက Citizen Journalist အရပ်သား သတင်းစာဆရာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့ချမှာ ဖြစ်ပါတယ်။ ပို့ချမှု အားလုံးက ရက်သတ္တတပတ် ကြာပါမယ်။”

အခုခေတ်ဟာ သတင်းတွေကို မျက်ခြည်မပြတ် ရှိနေဖို့ လိုအပ်နေတဲ့ ပြန်ကြားရေး ခေတ်တခေတ် ဖြစ်တာမို့ NLD လူငယ်တွေကြား သတင်းနဲ့ ပတ်သက်ပြီး ခေတ်နောက်မကျစေဖို့ အခုလို သင်တန်းတွေကို ပေးနေတယ်လို့ ဆိုပါတယ်။

“အထွေထွေ အတွင်းရေးမှူးပြောတဲ့ မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ ကျနော်တို့ဟာ ဒီနေ့ IT ခေတ်မှာ ဒီခေတ်က Age of Information လို့ ခေါ်လောက်အောင် ပြန်ကြားရေးခေတ်၊ သတင်းတွေ သိနေဖို့၊ သတင်းတွေကို ထုတ်ဝေနေဖို့၊ ပြည်သူကြားမှာ သတင်းတွေနဲ့ ဆက်သွယ်နေဖို့ အလွန် အရေးတကြီး လိုအပ်တဲ့ ခေတ်ကို ရောက်နေပါပြီ။

“အဲဒီအခါမှာ ကျနော်တို့ နိုင်ငံရေး လုပ်နေတဲ့ လူငယ်တွေ၊ ဒီမိုကရေစီရေးအတွက် လုပ်နေတဲ့ လူငယ်တွေကိုလည်း မီဒီယာကို ကိုင်တွယ်တတ်အောင်၊ မီဒီယာနဲ့ ထိတွေ့ ဆက်ဆံတတ်အောင်၊ မီဒီယာကို ရင်ဆိုင်တတ်အောင် သတင်းစာပညာကို သင်ထားပေးဖို့ ဖြစ်ပါတယ်။ ဒီထဲကနေပြီးတော့ မီဒီယာပညာကို မှန်မှန်ကန်ကန် သုံးတတ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆောင်ရွက်ဖို့၊ တိုင်းပြုပြည်ပြု လုပ်ငန်းတွေ လူငယ်တွေ ပိုပြီး တိုးတက်အောင် ဆောင်ရွက်သွားနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါပါတယ်။”

NLD အနေနဲ့ သတင်းဂျာနယ် ထုတ်ဝေဖို့အထိ ရည်ရွယ်ထားတာမို့ NLD လူငယ်တွေ သတင်းပညာတတ်အောင် သင်ထားဖို့ အခုလို သင်တန်းမျိုးကို ဖွင့်လှစ် သင်ကြားပေးတာလို့ ဆိုပါတယ်။

XS
SM
MD
LG