သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ရပ်တည်ခွင့်အမှု နေပြည်တော်မှာ နိုဝင်ဘာ ၁၈ ရက် ကြားနာမည်


NLD ပါတီ ရပ်တည်ခွင့်အမှု နေပြည်တော်မှာ နိုဝင်ဘာ ၁၈ ရက် ကြားနာမည်
NLD ပါတီ ရပ်တည်ခွင့်အမှု နေပြည်တော်မှာ နိုဝင်ဘာ ၁၈ ရက် ကြားနာမည်

ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားသူ အနေနဲ့ စွဲဆိုထားတဲ့ NLD ပါတီ ဆက်လက်ရပ်တည်ခွင့် အမှုကို လာမယ့် နိုဝင်ဘာ ၁၈ ရက် ကြာသပတေးနေ့မှာ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာမှာ ဖြစ်ပါတယ်။ အမှုကို လက်ခံသင့်၊ မသင့် ကြားနာမယ်လို့ အကြောင်းကြားတာဟာ ဥပဒေကြောင်းအရ လွဲချော်နေတယ်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက ထောက်ပြပါတယ်။ ဒီအမှု အခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ကျရင် နေပြည်တော် တရားရုံးချုပ်မှာ NLD ပါတီ ဆက်လက်ရပ်တည်ခွင့် အတွက် စွဲဆိုထားတဲ့အမှု ကြားနာမှာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့ ဦးကျော်ဟိုးတို့ ၃ ဦးဟာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီအထဲမှာ အားလုံး သုံးသပ်တာက ခေါ်စာရင်းထဲမှာ အမှုကို လက်ခံသင့်၊ မသင့် ကြားနာမယ်လို့ အကြောင်းကြားထားတာဟာ ဥပဒေကြောင်းအရ အသုံးအနှုန်းတွေ လွဲချော်နေတယ်လို့ ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့ စွဲဆိုထားတဲ့ အမှုဟာ တရားမ အထွေထွေအမှု စာရင်းထဲမှာ ပါဝင်နေတဲ့ မူလမှုသာ ဖြစ်ပြီးတော့ လက်ခံသင့်၊ မသင့်ဆိုတဲ့ စကားရပ်ကို သုံးထားတဲ့ ပြင်ဆင်မှု မဟုတ်ဘူးလို့ ရှေ့နေကြီး ဦးကြည်ဝင်းက ထောက်ပြပါတယ်။

“အမှုခေါ်စာရင်းမှာက အမှုကို လက်ခံသင့်၊ မသင့် ဆိုပြီးတော့ အဲဒီလို ပါတယ်။ အဲဒါ မမှန်ဘူး။ ကျနော်တို့စွဲတဲ့ အမှုက မူလမှုဗျ။ တရားမ အထွေထွေ။ အထွေထွေ ဆိုပေမဲ့ ဒါ မူလမှု။ မူလမှုဆိုရင် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁၄၁ မှာ ဘယ်လို ပြဋ္ဌာန်းထားလဲဆိုတော့ မ ထွေတို့ ဘာတို့ မ သေးတို့ အဲဒါတွေ စစ်ဆေးတဲ့အခါမှာ တရားမကြီးမှု စစ်ဆေးတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အနီးစပ်ဆုံး ဖြစ်နိုင်အောင် အဲဒီအတိုင်း ဆောင်ရွက် စစ်ဆေးသွားမယ်။ ဆိုတော့ ခုနပြောတဲ့ လက်ခံသင့်၊ မသင့်ဆိုတဲ့ ကြားနာဖို့ အကြောင်းကိစ္စ မပေါ်ဘူး။”

အခု စွဲဆိုထားတဲ့ NLD ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ ၁၉၇၃ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေးထဲက ပုဒ်မ ၁၄ ဥပဒေနဲ့ တရားဝင် ဖြစ်နေပြီး နောက်တကြိမ် ထပ်ပြီး မှတ်ပုံတင်ဖို့ ဆိုတာဟာ မမှန်ကန်ဘူးလို့လည်း ပြောပါတယ်။

“ပုဒ်မ ၁၄ မှာ ဖတ်ကြည့်လိုက်ရင် က၊ ခ၊ ဂ၊ ဃ ဆိုပြီးတော့ အပိုဒ်ခွဲ ၄ ခုရှိတယ်။ တိုတိုနဲ့ လိုရင်းပြောရင် နောက်ဥပဒေ ပြဋ္ဌာန်းပြီးတော့ ရှေ့က ဟိုတုန်းက ပြဋ္ဌာန်းတဲ့ ဥပဒေကို ပယ်ဖျက်လိုက်စေကာမူ ဟိုအရင်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ လုပ်ခဲ့တဲ့၊ ကောင်းကောင်း လုပ်ဆောင်ပြီး ရရှိထားတဲ့ အချက်အလက်တွေ၊ ပိုင်ခွင့်တွေ စသည်ဖြင့်၊ အဲဒါ Rights တွေ။ အဲဒါတွေကို ဥပဒေ ဖျက်သိမ်းလိုက်သော်လည်း မထိခိုက်စေရဘူးတဲ့။

“တနည်းအားဖြင့် NLD ဟာ ၂၂ နှစ် ကောင်းကောင်းမွန်မွန် နိုင်ငံရေး အဖွဲ့အစည်း အနေနဲ့ ရပ်တည်လာတယ်။ အခုမှ ထပ်ပြီး မှတ်ပုံတင်ရမယ် ဆိုတဲ့ သဘောဟာ မမှန်ဘူး။ ခပ်ရှင်းရှင်းပြောရင် ပုဒ်မ ၁၄ နဲ့ ငြိစွန်းနေတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို ကြားနာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ NLD ရဲ့ ရှေ့နေ ၂ ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးကျော်ဟိုးတို့ ၂ ဦးဟာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က ကြားနာမယ့် အမှုကို ကိုယ်တိုင် လိုက်မလိုက် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

XS
SM
MD
LG