သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD တိုင်းနဲ့ပြည်နယ် ရှေ့နေကွန်ယက်ဖွဲ့


A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.
A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တွေဟာ တိုင်းနဲ့ပြည်နယ်တွေမှာ ရှေ့နေကွန်ယက်တွေ တည်ဆောက်နိုင်ဖို့အတွက် နယ်လှည့်ပြီး စိတ်ဝင်စားတဲ့သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်။ ခရီးစဉ်ရဲ့အစ မန္တလေးမြို့မှာတော့ ဒီရှေ့နေကွန်ယက်အပေါ် လူငယ်တွေက ပိုပြီး စိတ်ဝင်စားတာကို တွေ့ရတယ်လို့ NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တခြား မတရား ပြုလုပ်ခံနေရသူတွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ NLD က လက်ရှိ ဖွဲ့စည်းထားတဲ့ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့အပြင် ပြည်နယ်၊ တိုင်းတွေမှာ ရှေ့နေကွန်ယက် ဖွဲ့စည်းနိုင်ရေးအတွက် စီစဉ်တာ ဖြစ်တဲ့အကြောင်း NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးအောင်သိန်းက ပြောပြပါတယ်။

“ကျနော်တို့ အခု မန္တလေးကို တက်လာတယ်။ မန္တလေးမှာ မနေ့က ရှေ့နေ လူငယ်တွေနဲ့ တွေ့တာပေါ့။ ရှေ့နေလူငယ်တွေနဲ့ တွေ့တဲ့ကိစ္စမှာ ကျနော်တို့ ဒီဘက်တွေမှာ Activists အမှုတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အမှု ပေါ်ပေါက်လာလို့ရှိရင် လိုက်ပါ ဆောင်ရွက်ပေးကြဖို့ ကွန်ရက်ဆိုတဲ့ သဘောမျိုး ကျနော်တို့ တွေ့ဆုံဆွေးနွေးကြတာပါ။

“အဓိက မတရား ပြုလုပ်ခံရတဲ့ သူတွေပေါ့၊ တဘက်စောင်းနင်းနိုင်စွာ ဆောင်ရွက် ပြုလုပ်ခံရတဲ့၊ ဥပဒေအရ မတရား ပြုလုပ်ခံရတဲ့သူတွေ ရှိနိုင်သလိုပဲ တချို့နေရာတွေမှာလည်း Activists ဆိုတဲ့ တက်ကြွသူတွေရဲ့ လုပ်ငန်းတွေ၊ အဲဒီလူတွေရဲ့ အမှုအခင်းတွေဟာ အခါမလပ် ပေါ်ပေါက်လာနိုင်တယ်ပေါ့။ ပေါ်ပေါက်လာရင် ဘယ်သူမဆို၊ မည်သူ့ကိုမဆို ကျနော်တို့က ရှေ့နေတယောက် အနေနဲ့ ရပ်တည် ကူညီဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့်လည်း ဒီလို ရှေ့နေ ကွန်ယက်တွေကို ကျနော်တို့ စုပေါင်းဆောင်ရွက်ကြဖို့ ဥပဒေသမားတွေ အချင်းချင်း တွေ့ဆုံတဲ့ လုပ်ငန်းတခုပါပဲ။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်း လူငယ်ကွန်ရက် ဖွဲ့စည်းဖို့ လုပ်ဆောင်နေတာနဲ့ သဘော သဘာဝချင်း တူသလို ဒီရှေ့နေကွန်ရက်ဟာ ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ ပတ်သက်ခြင်း မရှိတာရယ်၊ နောက် ခေတ်နဲ့လျော်ညီတဲ့ အနေအထားမျိုးလည်း ဖြစ်တာရယ်ကြောင့် လူငယ်တွေ ပိုပြီး စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

“သူတို့ဘက်ကလည်း ဒီဟာဟာ ပါတီဝင်စရာ မလိုဘူး၊ နိုင်ငံရေးအရ သူတို့ ဆောင်ရွက်တာ မဟုတ်ဘူး၊ သို့သော်လည်း သူတို့ဟာ လွတ်လပ်တဲ့ သဘောတူညီချက်နဲ့ သူတို့ ဒီလို အမှုအခင်းတွေ ပေါ်ပေါက်တာကို လိုက်ပါ ဆောင်ရွက်ပေးမယ် ဆိုတဲ့ သူတို့ရဲ့ သဘောထားတွေကို ကျနော်တို့ လာရောက်ပြီးတော့ စစ်တမ်းသဘောမျိုး ကောက်ယူတာပါ။ သူတို့ကလည်း ဒီဟာနဲ့ ပတ်သက်ပြီး လိုလိုလားလား ကူညီဆောင်ရွက်ပေးမယ် ဆိုတဲ့ သဘောထားတွေ ပြောပါတယ်။ ခေတ်နဲ့လျော်ညီတဲ့ အနေအထားမျိုးလည်း ဖြစ်တဲ့အတွက်ကြောင့် လူငယ်တွေ ပိုစိတ်ဝင်စားတယ်လို့ ကျနော် မြင်ပါတယ်။”

ဒါပေမဲ့ အခု အကောင်အထည် ဖော်နေတဲ့ ရှေ့နေကွန်ရက်နဲ့ NLD ရဲ့ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဟာ လုပ်ငန်းအရတော့ သဘောသဘာဝချင်း တူတယ်လို့ ဦးအောင်သိန်းက ဆက်ပြောပါတယ်။

“ကျနော်တို့ NLD က ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့နဲ့ အခုကွန်ရက် ဆိုတာကတော့ ဆက်နွယ်နေတာပေါ့ဗျာ။ ဒါပေမဲ့ သူတို့က နိုင်ငံရေးအရ ပါတီတရပ်ရဲ့ လက်အောက်ခံ ပုဂ္ဂိုလ်တွေတော့ မဟုတ်ဘူးပေါ့။ သူတို့က သီးခြား လွတ်လပ်တဲ့ ရှေ့နေ အဝန်းအဝိုင်း တခုပါပဲ။ အဲဒီလူတွေနဲ့ ကျနော်တို့က ကွန်ရက်ကို တည်ဆောက်တာပါ။”

အခြေခံအားဖြင့်တော့ ရှေ့နေကွန်ယက်က လိုက်ပါ ဆောင်ရွက်ပေးမယ့် အမှုတွေဟာ အခကြေးငွေယူပြီး ဆောင်ရွက်ပေးမယ့် အမှုတွေ မဟုတ်ပေမဲ့လည်း အမှုကို လက်မခံခင်မှာ အရင် ဆန်းစစ်ဖို့တော့ လိုမယ်လို့ ဆိုပါတယ်။

“ဘယ်အမှုကိုဖြင့် ဒါဟာ မတရား ပြုလုပ်ခံနေရတဲ့ အမှုအခင်း ဖြစ်တယ်ဆိုတာ ပေါ်ပေါက်တယ် ဆိုရင်လည်း ကျနော်တို့က ဆောင်ရွက်ပေးရမှာပေါ့။ တချို့ဟာတွေကျတော့လည်း နိုင်ငံရေးအရ လှုပ်ရှား ဆောင်ရွက်တဲ့အတွက် သူတို့ကို အရေးယူ ဆောင်ရွက်တဲ့ အခါမှာ ဥပဒေပိုင်း ဆိုင်ရာအရ အတတ်နိုင်ဆုံး ကြိုးစား ရပ်တည်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ အခုလို ကွန်ယက်တွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်။”

NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးအောင်သိန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တွေဟာ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ပြည်နယ်၊ တိုင်းတွေကို လှည့်လည်ပြီး ဒီကွန်ရက်အပေါ် စိတ်ဝင်စားမှုရှိတဲ့ ဒေသခံ ရှေ့နေတွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

NLD ဥပဒေ အထောက်အကူပြု အဖွဲ့ကို လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဖွဲ့ဝင်သစ် ၂ ယောက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။

XS
SM
MD
LG