သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် စတင်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ပြည်သူတွေကိုယ်စား ဥပဒေပြုု ကြမယ့် လွှတ်တော်အမတ်တွေ အနေနဲ့ ကိုယ်တိုင် ဥပဒေတွေကို မချိုးဖေါက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေးမှာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်အမတ်တွေ ဒီကနေ့ ကတိသစ္စာပြု၊ လက်မှတ်ရေးထိုးခဲ့ကြစဉ်မှာ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်းလိုက်တာပါ။ နေပြည်တော်ရောက် ဒေါ်ခင်စိုးဝင်းက ပြောပြမှာပါ။

ဒီကနေ့ ကျင်းပတဲ့ ဒုတိအကြိမ်ပြည်သူ့လွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ တာမွေမြို့နယ် ပြည်သူ့ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်လိုက်ပြီးနောက် အခုလို နှုတ်ခွန်းဆက် စကားပြောကြား လိုက်တာပါ။

“လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ဒီနေ့ဟာ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့ တနေ့ဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲများကျင်းပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်ကြီး ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ ပြည်သူများ လိုလားမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံသူ၊ နိုင်ငံသားများက ၎င်းတို့ကိုယ်စား တာဝန်လွဲအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ မိမိတို့ရဲ့ အပြောအဆို၊ အပြုအမူ အနေအထိုင်တွေကလည်း အလွန်အရေးကြီးလှပါတယ်။ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရဆိုတဲ့ ဆိုရိုးစကားနှင့်အညီ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ကို လေ့လာဖတ်ရှု့ပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များရဲ့ ဂုဏ်ရည်ကို ပြသစေလိုပါတယ်။”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီ၊ လု့အခွင့်အရေးစံနှုန်းတွေအရ၊ သဘောထားကြီးကြဖို့၊ သည်းခံကြဖို့၊ ခွင့်လွှတ်ကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြရင်း စစ်မှန်တဲ့ Federal ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး ကြိုးပမ်းကြဖို့ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်ကတော့ အရပ်သားအစိုးရ စစ်စစ်တက်လာတော့မယ့် လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“အရင်ပြည်သူ့လွှတ်တော် ပထမအကြိမ်မှာတုန်းကတော့ အရင် နယက အစိုးရပေါ့နော်၊ သူတို့ ရဲ့စီမံဆောင်ရွက်မှုနဲ့ ဝန်ထမ်းတွေက နောက်က စီမံအတိုင်း ဆောင်ရွက်သွားရတာပေါ့နော်။ အခု ဒုတိယအကြိမ်မှာတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ရုံးတွေလည်း ကူးပြောင်းရေးကာလကို ကိုယ်တိုင် အစအဆုံး စီစဉ်ဆောင်ရွက်ခဲ့တာပါ။”

သမိုင်းတွင်မယ့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်မှာ အမျိုးသမီး သဘာပတိအဖြစ် တာဝန်ပေးခြင်းခံရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပိုမို ပါဝင်ခွင့်ရတဲ့အပေါ် ဂုဏ်ယူတယ်လို့ပြောပါတယ်။

“နောက်လည်း အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် မြင့်ရင် မြင့်သလို သူတို့နေရာပေးပြီးတော့ ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။”

လေ့လာသူအဖြစ် တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပ သမဂ္ဂသံအမတ်ကြီး Roland Kobia ကလည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒအရ ပေါ်ပေါက်လာတဲ့ လွှတ်တော်ကို ကြိုဆိုပါတယ်လို့ပြောပါတယ်။

“ဒါဟာ ရွေးကောက်ပွဲ ရလဒ်ရဲ့ ပထမဆုံး တကယ့်ကို ခိုင်မာတဲ့ အဖွဲ့အစည်းအဖြစ် အဓိပ္ပါယ်သက်ရောက်တဲ့ လွတ်တော်ဖြစ်ပါတယ်။ ပြည်သူ လူထုရဲ့ ဆန္ဒကို အလေးအနက်ဖေါ်ထုတ်နိုင်ခဲ့တဲ့ ရလဒ် ဖြစ်ပါတယ်။ လွတ်တော်သဘာပတိ၊ ဥက္ကဋ္ဌတွေရွေးချယ်၊ ကတိသစ္စာပြုကြပြီး အချိန်တိုတိုနဲ့ ထိထိရောက်ရောက် ကျင်းပခဲ့တာတွေ့ရတာကြောင့် EU ပြည်သူတွေ ကိုယ်စားတက်ရောက်ခွင့်ရလို့ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်။”

ရွေးကောက်ခံကိုယ်စားလှယ် ၃၂၃ ဦးအနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၅၅ ဦးပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ ဒုတိကအကြိမ်ပြည်သူ့လွှတ်တော် ပထမနေ့ကို ပြည်ခိုင်ဖြိုးပါတီရဲ့ အနိုင်ရလွတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်တဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်းတို့ ခွင့်ကြိုတင်ယူပြီး မတက်ရောက်ခဲ့ကြပါဘူး။ ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ စတင် ကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေး တွေကိုတော့ ဖေဖေါ်ဝါရီလ ၄ ရက် မှာ ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။

XS
SM
MD
LG