သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးကြောင့် မန်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်


NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ပုံဟောင်း -- Photo-Htet Aung)
NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (ပုံဟောင်း -- Photo-Htet Aung)

NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေ ဆိုးဝါးတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက အတည်ပြုပါတယ်။ ကင်ဆာရောဂါသည်တဦးဖြစ်တဲ့ သူ့ကို လက်ရှိတော့ မန္တလေးဆေးရုံကြီးမှာ တင်ထားရပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါ ပြင်းထန်စွာခံစားနေရသူတဦး ဖြစ်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲက စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မတွေအမျိုးမျိုးတပ်ကာ ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေးဟာ လွန်ခဲ့တဲ့ ၂ ရက်ထဲက ဆိုးဝါးလာခဲ့တာ ဖြစ်ပါတယ်။ ဒီမနက်မှာတော့ စစ်ကောင်စီဘက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"အခု ဆေးရုံကြီး MU 3 မှာ တင်ထားတယ်။ သတိလစ်နေတာ ၂ ရက်လောက် ရှိပြီ။ အခြေအနေ မကောင်းတာ ၂ ရက်လောက်ရှိပြီ။ ငါတို့လည်း ဝင်လို့ မရဘူး။ ဆေးရုံကတဆင့်ပဲ မေးရတာလေ။ ဒီနေ့မနက်ပဲ အခြေအနေ မကောင်းဘူး။ အထဲက internal organ တွေက ရပ်သွားပြီ။ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ တော်တော်စိတ်မကောင်းဘူး။

မန္တလေး အိုးဘိုထောင်မှာ ထောင်ချခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာဝေဒနာကို ခံစားနေရသူတဦးပါ။ ရောဂါပြင်းထန်နေချိန်အတွင်းမှာပဲ ထောင်ထဲမှာ ကိုဗစ် ကူးစက်ခံခဲ့ရသလို၊ မကြာသေးခင်တုန်းကလည်း ကျန်းမာရေး ဆိုးဝါးလာတဲ့အတွက် ဆေးရုံတက်ရောက် ကုသမှုခံခဲ့ရပါတယ်။

သူဟာ ၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအမတ်အနေနဲ့ ရွေးကောက်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် နိုဝင်ဘာလ မှာ စစ်အာဏာရှင်တွေ ဖမ်းဆီးခံခဲ့ရပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ နောက် ရန်ကုန်တက္ကသိုလ် ၇၅ နှစ်မြောက် နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေခဲ့မှုကြောင့် ၁၉၅၀ အရေးပေါ်အက်ဥပဒေနဲ့ နောက်ထပ် ၇ နှစ် ထပ်မံချမှတ် ခံခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

စစ်ကောင်စီအာဏာသိမ်းချိန်မှာ သူ့ကို သဘာဝဘေးဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ၊ ရွေးကောက်ပွဲမှာ မလျှော်ဩဇာသုံး မဲမသမာမှုလုပ်မှုအတွက် ပုဒ်မ ၁၇၁(စ)၊ ပုဒ်မ ၁၃၀ (က) တို့အပြင် အဂတိအမှု ၅ မှု စုစုပေါင်း အမှုပေါင်း ၉ မှုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခဲ့ပါတယ်။

သူ့ကို နိုင်ငံရေးသမား တော်တော်များများက လေးစားကြပါတယ်။ တဘဝလုံး နိုင်ငံတာဝန်ကို အရိုးကြေကြေ အရေခမ်းခမ်း ထမ်းခဲ့တဲ့သူတဦး ဖြစ်သလို ရိုးသားတဲ့ ကိုယ်ကျိုးမကြည့်တဲ့ နိုင်ငံရေးသမားတဦးလို့ လူသိများပါတယ်။

"သူ့တဘဝလုံး သူတတ်နိုင်သလောက် သူရောက်နေတဲ့ သမိုင်းခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးခဲ့တာပဲ။ အဲဒါကို သူထမ်းခဲ့တာပဲ။ ဆရာဗန်မော်တင်အောင် ပြောသလို သူ့တန်ဖိုးပါဘဲ။"

သူ့ကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိမှာတော့ အသက် ၇၃ နှစ် ရှိပြီ ဖြစ်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမရပူရ မဲဆန္ဒနယ်ကနေ ဝင်ရောက်ရွေးကောက်ခံခဲ့ရပြီး တိုင်းဝန်ကြီးချုပ် ဖြစ်လာတာပါ။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ထိ ၅ နှစ်ကြာ မန်းတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သွေးကင်ဆာဝေဒနာကို စတင်ခံစားခဲ့ရတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG