သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ရပ်တည်နိုင်ရေး နောက်ဆုံးအယူခံကိစ္စ ကြားနာတော့မည်


NLD ပါတီ ရပ်တည်နိုင်ရေး နောက်ဆုံးအယူခံကိစ္စ ကြားနာတော့မည်
NLD ပါတီ ရပ်တည်နိုင်ရေး နောက်ဆုံးအယူခံကိစ္စ ကြားနာတော့မည်

မြန်မာစစ်အစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ပြီးခဲ့တဲ့နှစ်ထဲမှာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံပြန်မတင်ခဲ့တဲ့ နောက်ပိုင်း တရားဝင် နိုင်ငံရေးပါတီ အဖြစ်က ပယ်ဖျက်ခဲ့တာကို အယူခံ လျှောက်ထားချက် တရားရုံးက လက်ခံမယ်၊ လက်မခံဘူးဆိုတာ မကြာခင် ကြားနာသွားဖို့ ရှိနေပါတယ်။ နေပြည်တော် တရားရုံးက NLD ရဲ့ ရှေ့အလားအလာကို ဆုံးဖြတ်မယ် ဆိုတဲ့အကြောင်း NLD ရဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကို ဆက်သွယ် စုံစမ်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD က ပါတီ ဆက်လက်ရပ်တည်ရေး တရားဥပဒေကြောင်းအရ နေပြည်တော် တရားရုံးချုပ်မှာ ဒီလ ၁၃ ရက်နေ့က အထူးအယူခံ လျှောက်ထားတာ ဖြစ်ပါတယ်။ ဒီလျှောက်ထားမှုကို နေပြည်တော် တရားရုံးချုပ်မှာ ဒီလ ၂၄ ရက်နေ့ ကြားနာမယ့်အကြောင်း တရားရုံးချုပ်ကနေ NLD ပါတီကို ဒီကနေ့ အကြောင်းကြားထားတယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“လာမယ့် ၂၄ ရက်နေ့ မနက် ၁၀ နာရီမှာ နေပြည်တော်မှာ လျှောက်လဲချက် ပေးရပါမယ်။ ဒီနေ့ပဲ ကျနော်တို့ဆီ အကြောင်းကြားပါတယ်။ ဆရာ ဦးကြည်ဝင်းနဲ့ ကျနော်တော့ သေချာတယ်ပေါ့။ ကျန်တဲ့လူလည်း ပါချင်ပါမယ်၊ လောလောဆယ်တော့ မသိသေးပါဘူး။”

NLD ပါတီက နေပြည်တော် တရားရုံးချုပ်မှာ ပါတီ ဆက်လက်ရပ်တည်ရေး ပထမအကြိမ် လျှောက်ထားမှုကို တရားရုံးချုပ်က ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ အခု တရားရုံးချုပ်မှာ တင်ထားတဲ့ အထူးအယူခံအရ NLD ပါတီ ဆက်လက်ရပ်တည်ခွင့် ရရေး လျှောက်ထားချက်ကို လက်ခံရင်တော့ တရားဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်ပေမဲ့ လက်မခံဘူး ဆိုရင်တော့ တရားဥပဒေကြောင်းအရ ဆက်လက် တရားစွဲဆိုလို့ မရတော့ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“၂၄ ရက်နေ့မှာ နေပြည်တော် အထူးခုံရုံးမှာ ကျနော်တို့အမှု တမှုပဲ ရှိတယ်။ တခြား လုံး၀ မရှိဘူး။ အဲတော့ ကျနော်တို့က ပြီးခဲ့တဲ့ ကြာသပတေး၊ ၁၃ ရက်နေ့က အမှုတင်ခဲ့ပါတယ်။ အခု အမှုပေါ်လာတာပေါ့။ ဒါကတော့ သက်ဆိုင်ရာ တရားရုံးချုပ်ရဲ့ အပေါ်မှာပဲ တည်တာပေါ့လေ။ ဘယ်အမှုမှ မပေါ်ဘူး၊ ကျနော်တို့အမှုတော့ အစောကြီး ပေါ်လာတယ်။ ဒီအတွက်လည်း ကျနော်တို့ အခု ပြင်ဆင်နေပါတယ်။ လက်ခံရေး၊ လက်မခံရေး ကြားနာပြီးတော့ လက်မခံဘူးဆိုရင် ကျနော်တို့ ဥပဒေအရ လမ်းကြောင်းကုန်ပါတယ်။ လက်ခံတယ်ဆိုရင် နောက်တဆင့် လျှောက်လဲချက် ပေးရပါမယ်။”

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက ပယ်ချခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်အကြာ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ လွှတ်တော်တွေကို ဒီလကုန်မှာ စတင်ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီရဲ့ ရှေ့ဆက်ပြီး ဆက်လက်ရပ်တည်ခွင့် အလားအလာအပေါ်မှာ ဦးဉာဏ်ဝင်းရဲ့ ယူဆချက်ကတော့…

“အလားအလာကတော့ သူတို့က ခပ်မြန်မြန်လေး ပြီးပြတ်အောင် ဆောင်ရွက်နေတယ်လို့ ယူဆစရာ ရှိတယ်။ သို့သော် ဒါ ယူဆတာ ယူဆတာ သက်သက်ပဲ၊ ကျနော်တို့ကတော့ ဥပဒေအရ ပြောသင့်ပြောထိုက်တာ၊ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပါ။”

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ မှတ်ပုံမတင်တဲ့ NLD ပါတီ အပါအဝင် တခြား နိုင်ငံရေး ပါတီတွေကို နိုင်ငံရေးပါတီ အဖြစ်က ပျက်ပြယ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုကြေညာခဲ့မှုအပေါ် NLD ပါတီက တရားဥပဒေကြောင်းအရ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။

အခု ဒုတိယအကြိမ်အဖြစ် အထူးအယူခံကို ကြားနာမှာ ဖြစ်ပါတယ်။ အခု တရားရုံးချုပ်ရဲ့ အထူးအယူခံက NLD ပါတီ တရားဝင် ရပ်တည်ခွင့်ရရေး လျှောက်ထားမှုကို လက်ခံရေး၊ လက်မခံရေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG