သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေကိုယ်တိုင် နေပြည်တော်သွားမည်


ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေကိုယ်တိုင် နေပြည်တော်သွားမည်
ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေကိုယ်တိုင် နေပြည်တော်သွားမည်

ပါတီများမှတ်ပုံတင်တဲ့ သတ်မှတ်ရက်ကျော်လွန်ရင် NLD ပါတီရပ်တည်ခွင့် ပျက်ပြယ်ရမယ်ဆိုတဲ့ သဘောဖြစ်နေတာမို့ ဒါကို တရားရုံးချုပ်အနေနဲ့ တားမြစ်ပေးဖို့ လျှောက်လဲတာကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ပယ်ချလိုက်တာဟာ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကို ချော စာပို့ လျှောက်ထားခဲ့ပေမဲ့ အခုအချိန်အထိ တစုံတရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးတဲ့အတွက်မို့ နေပြည်တော်ကို ရှေ့နေတယောက် စေလွှတ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က အကျိုးဆောင်ရှေ့နေတွေကို ညွှန်ကြားလိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အစိုးရကထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေတွေအရ သူတို့သတ်မှတ်ထားတဲ့ ပါတီများ မှတ်ပုံတင်တဲ့ သတ်မှတ်ရက် ကျော်လွန်ရင် NLD ပါတီ ရပ်တည်ခွင့် ပျက်ပြယ်ရမယ့်သဘောဖြစ်နေတာမို့ ဒါကို တရားရုံးချုပ်အနေနဲ့ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ၅ ရက် နေ့မှာ ရန်ကုန်တိုင်း တရားရုံးချုပ်က ပယ်ချခဲ့တာပါ။

ဒါပေမဲ့ အဲဒီလို ပယ်ချတဲ့အကြောင်း ရန်ကုန်တိုင်း တရားရုံးချုပ်ရဲ့ တရားသူကြီးက စီရင်ချက်ချ ဆုံးဖြတ်ပေးခဲ့တာမဟုတ်ဘဲ တရားရုံးချုပ် ဝန်ထမ်းတစ်ဦးကသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေကို ခေါ်ယူအသိပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ခေါ်ယူ အကြောင်းကြားတဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ညီညွတ်ခြင်းမရှိဘူး ဆိုပြီးတော့ နေပြည်တော်ကို ချောစာပို့ပြီး အကျိုးဆောင်ရှေ့နေတွေက
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ အကြောင်းကြားခဲ့ကြတာပါ။

ဒါပေမဲ့ အဲဒီချောစာကို အာဏာပိုင်တွေဘက်က ခုချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးတဲ့အတွက် အခု နေပြည်တော်ကို ရှေ့နေတယောက် လူကိုယ်တိုင်စေလွှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေပါဝါ လွှဲပေးလိုက်တယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းကပြောပါတယ်။

“တရားဝင် ရှေ့နေ တဦးတယောက်ပေါ့နော်။ ကိုယ်စားလှယ်အနေနဲ့ သွားရောက် ဆောင်ရွက်ဖို့ ဒီနေ့ ညှိနှိုင်းပါတယ်။ မကြာခင် လာမယ့် အပတ်ထဲမှာ ကျနော်တို့ လုပ်ပါမယ်။”

အကျိုးဆောင်ရှေ့နေကြီးတွေဖြစ်ကြတဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ တောင်ဥက္ကလာပလွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်း NLD လွှတ်တော်ဥက္ကဋ္ဌ လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးလည်းဖြစ်တဲ့ သခင်စိုးမြင့် ကွယ်လွန်တာနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတာက NLD ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာ။ ဒါဟာ တော်လှန်ရေးတခုပဲ။ စနစ်ပြောင်း တော်လှန်ရေးတခုပဲ။ ဒီစနစ်ပြောင်းတော်လှန်ရေးမှာ အန်ကယ်လ် သခင်စိုးမြင့်ဟာ ယုံယုံကြည်ကြည်နဲ့ ကွယ်လွန်ချိန်အထိ ဆောင်ရွက်သွားတာအတွက် သူ လေးစားဂုဏ်ယူပါတယ်တဲ့။ နောက်တခုက ဒီမိုကရေစီရေးတိုက်ပွဲမှာ သခင်စိုးမြင့်ဟာ မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လနဲ့ ဆောင်ရွက်ခဲ့တာကို အသိအမှတ်ပြုတယ်။ လေးစားပါတယ်။ ဒီအတွက် အများကြီးလည်း နှမျောပါတယ်တဲ့။ အဲသလို ပြောပါတယ်။”

ဒါ့အပြင် အဖွဲ့ချုပ်အနေနဲ့ စေတနာရှေ့ထားပြီး လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာကို ကြားသိရတဲ့အတွက် စိတ်ကြည်နူးမိတယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“အဖွဲ့ချုပ်ရဲ့ နာဂစ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်၊ နောက်တခုက ဗဟိုအမျိုးသမီး အဖွဲ့ဝင်များ၊ NLD အဖွဲ့ဝင်များ၊ ဒီအဖွဲ့ဝင်တွေဟာ သောက်သုံးရေ အခက်အခဲဖြစ်တဲ့ နေရာတွေကို ကိုယ်တိုင်သွားရောက်ပြီးတော့ ကူညီဆောင်ရွက်တဲ့လုပ်ငန်း၊ နောက်တခု က မဖြူဖြူသင်း ခေါင်းဆောင်တဲ့လူငယ်များက အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာ တွေကို စေတနာအပြည့်နဲ့ ကူညီဆောင်ရွက်နေခြင်း ဒါတွေဟာ NLD အဖွဲ့ချုပ်ရဲ့ လူထုအပေါ်ထားတဲ့ စေတနာတွေပဲဖြစ်တယ်တဲ့။ ဒါကြောင့် ဒီဆောင်ရွက်မှုတွေအတွက် အထူးပဲ ဝမ်းသာကြည်နူးရပါတယ်လို့ ဒီနှစ်ခု ပြောလိုက်ပါတယ်။”

ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်နေတာကို တားမြစ်ပေးဖို့ ရန်ကုန်တိုင်း တရားရုံးမှာ လျှောက်ထားခဲ့တဲ့ အမှုကို တိုင်းတရားရုံးက ပယ်ချလိုက်တဲ့ အတွက် အဲဒီအမှုကို တရားရုံးချုပ်မှာ ဦးအောင်ဆန်းဦးက အယူခံဝင်ထားတဲ့အတွက် ဒါကို တုံ့ပြန်ဖို့ အတွက်လည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

XS
SM
MD
LG