မြန်မာသမ္မတသစ် အနေနဲ့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး ရှိဖို့လိုတယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကတိပြုသွားတဲ့အတိုင်း လက်တွေ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စာတစောင်ပေးပို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ပထမခြေလှမ်း အဖြစ် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာလို ဥပဒေနဲ့အညီလုပ်ဆောင်တဲ့ ကိစ္စတွေကို စတင်ဖို့လည်း သမ္မတသစ်ကို ပေးပို့တဲ့စာမှာ ဖော်ပြခဲ့တာပါ။ အစိုးရသစ်ကို ဦးဆောင်ပြီး သမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန်ကို ပေးပို့တဲ့စာနဲ့ပတ်သက်လို့ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ရှင်းပြပါတယ်။
“ဦးသိန်းစိန်က တိုင်းပြည်နဲ့ပတ်သက်တဲ့ Rule of Law ကို သိပ်ပြောတယ်လေဗျာ၊ သူ့ရဲ့မိန့်ခွန်းထဲမှာ။ ကျနော်တို့ လောကပါလတရားတို့ ဘာတို့ပေါ့ဗျာ။ ပြောတယ်လေ။ ကျနော်တို့ကလည်း ဒါကိုပဲ လိုချင်တာပါ။ ကျနော်တို့ တိုင်းပြည်မှာ အေးအေးချမ်းချမ်း ဖြစ်ဖို့ဆိုတာကတော့ သူ့ရဲ့မိန့်ခွန်းထဲမှာပါတဲ့အတိုင်း ပြည့်ပြည့်စုံစုံပေါ့။ ကျနော်တို့ ဒါ တရားမျှတမှု၊ ဖြောင့်မတ်မှု ဆိုတာကိုပြောတာပါ။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သူပြောထားတဲ့ လောကပါလတရား အတိုင်းပေါ့နော် အဲဒါကို လုပ်မယ်လို့ ခင်ဗျား (ဦးသိန်းစိန်) ပြောထားတာနဲ့ပတ်သက်လို့ ကျနော်တို့က ကြိုဆိုတယ်ပေါ့ဗျာ။ ဒါပေမဲ့လို့ အခုတွေ့နေရတဲ့ အချိန်အတော်အတွင်းမှာ ဒီကနေ့အထိကတော့ဖြင့် ခင်ဗျားပြောထားတဲ့ ဆိုထားတဲ့ အချက်အလက်တွေ ကတော့ ကျနော်တို့ အရိပ်အယောင် မတွေ့သေးဘူးပေါ့ဗျာ။ သို့သော်လည်း ခင်ဗျားပြောထားတဲ့အတိုင်း ဆက်လက်ပြီးတော့ တရားမျှတမှု၊ ပြည်သူလူထုအပေါ်မှာ အားလုံးရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဆိုတဲ့အကြောင်းကို ကျနော်တို့က သူတို့ဆီ ရေးလိုက်တာ။ ဒါပါပဲ။ အဲဒီဟာနဲ့အညီ လုပ်ပါလို့ ကျနော်တို့က တိုက်တွန်းတာပါပဲ။”
သမ္မတသစ် ဦးသိန်းစိန်ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးကို လုပ်ဆောင်မယ်လို့ ထည့်သွင်း ပြောကြားခဲ့တာကြောင့် ဥပဒေစိုးမိုးရေးကို တကယ် လိုလားရင် နိုင်ငံရေးအကျဉ်းသားတွေ အရင်လွှတ်ပေးဖို့ လိုအပ်တဲ့အကြောင်း တောင်းဆိုတဲ့စာကို NLD က ပေးပို့ခဲ့တာပါ။ အခုပို့လိုက်တဲ့စာဟာ တက်လာတဲ့ အရပ်သား အစိုးရသစ်နဲ့ လက်တွဲလုပ်နိုင်ဖို့ အလားအလာရှိမရှိ စမ်းသပ် ပေးပို့တဲ့စာဖြစ်တဲ့ အကြောင်းကိုလည်း ဦးတင်ဦးက ဆက်ပြောပါတယ်။
“စပြီးတော့ test (စမ်းသပ်) လုပ်ကြည့်တာပါလေ။ တယောက်နဲ့တယောက် ဆက်သွယ်မှု သူပြောထားတဲ့ အတိုင်းကလည်း ကျနော်တို့ လိုလားတဲ့အတိုင်း ဒီနှစ်ခုက ကျနော်တို့ သဘောတူညီမှု ရှိနိုင်တဲ့သဘောပေါ့ဗျာ။ အဲဒီအပေါ်မှာ ကျနော်တို့က ဒီအတိုင်းလေးလုပ်ပါ ဆိုတဲ့ဟာကို စပြီးတော့ စကားဆက်ကြည့်တာပဲလေ။ ကျနော်တို့ကို ဆက်သွယ်ပဲ ဆက်သွယ်မလား၊ မဆက်သွယ်ဘဲ ဒီလိုပဲထားမလား။ ဒါကတော့ သူတို့ အကြောင်းပြန်မှ သိမှာပေါ့ဗျာ။ ခါတိုင်းဆိုရင်တော့ ဒီလို အကြောင်းပြန်ချင်လည်း ပြန်တယ်။ မပြန်ရင်လည်း သတင်းစာထဲမှာ ကျနော်တို့ရေးတဲ့ စာသားကို တုံ့ပြန်တဲ့သဘောထားတွေတော့ ရေးတတ်တာတွေရှိတယ်။ အဲဒါတော့ ကျနော်တို့ စောင့်ကြည့်နေတယ်ပေါ့။”
မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပြောင်းသွားခဲ့ပေမဲ့လည်း တိုင်းပြည်အတွင်း ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ လုပ်ရပ်တွေ နေရာအနှံ့မှာ ရှိနေတုန်းပဲဆိုတာကိုလည်း ဦးတင်ဦးက ထောက်ပြ ပြောဆိုပါတယ်။
“ဒီလိုဟာလေးတွေအပေါ်မှာ တူတယ် ညီတယ်၊ သူတို့လည်း တကယ်လုပ်တယ်ဆိုရင် ကျနော်တို့ ဝမ်းသာတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အဖမ်းအပြုခံနေရတဲ့ အနှောင်အဖွဲ့ထဲမှာ အများဆုံးက ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေက ခံရတာကိုး။ ဒီကြားထဲမှာလည်းပဲ လယ်သမားတွေနဲ့ပတ်သက်ပြီးတော့ မြေယာသိမ်းတာကို ကျနော်တို့ တောင်းဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာတွေဆိုရင် ရိုက်တယ်ပြုတယ် ဆိုတာတွေက ကြားနေရတော့ အဲဒါလေးတွေအပေါ်မှာ တရားမျှတမှုပေးပါလို့ ဒါလေးတွေကို ကျနော်တို့ ဖြစ်စေချင်တာပါ။ အဲဒါပါပဲ။ အဲဒါကို ကျနော်တို့က သူတို့လည်း တရားမျှတမှုနဲ့ ပတ်သက်ပြီးတော့ Rule of Law လို့ပြောတယ်။ ကျနော်တို့ကလည်း အစစအရာရာ Rule of Law ကိုပဲ ဖြစ်ချင်တယ်ပေါ့နော်၊ အေးချမ်းအောင်ဆိုရင် ဒီမိုကရေစီဖြစ်အောင်ဆိုရင်။ အဲဒါက ဒီအပေါ်မှာ သဘောထားက ခင်ဗျားတို့ ဒါလေးတွေကိုတော့ အောင်အောင်မြင်မြင် ဖြစ်ဖြစ်မြောက်မြောက် လုပ်ပေးပါ၊ လုပ်ရင်တော့ ကျနော်တို့ ကျေနပ်တယ်၊ ဝမ်းသာတယ်ပေါ့ဗျာ။ ကျေနပ်တယ် သဘောကျတယ်ပေါ့ဗျာ။ အဲဒါလေးတွေကို ကျနော်တို့က စပျိုးကြည့်တာပဲလေ။ ”
အစိုးရသစ်အနေနဲ့ ပြောထားတဲ့အတိုင်း တကယ် လက်တွေ့မှာ လုပ်ဆောင်ခြင်း ရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ တကယ်ပဲ လုပ်သလား မလုပ်ဘူးလားဆိုတာ ကြည့်မှာပေါ့။ အခု နိုင်ငံရေးအကျဉ်းသမားများနဲ့ ပတ်သက်ပြီးတော့တောင်မှ လိပ်ခဲတင်းခဲ ဖြစ်နေသေးတာပဲ။ ဘာအရောင်မှ မထွက်သေးဘူးလေ။ သိတဲ့အတိုင်းပဲ။ အဲဒီတော့ ဒါတွေကို စောင့်ကြည့်ရမှာပေါ့။ အဓိကကတော့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသမားများ အားလုံးသာ လွှတ်ဖို့ဆိုတဲ့ဟာက အရေးကြီးတာကိုး၊ ကျနော်တို့အတွက်က။ နောက်ပြီးတော့ ဒါက သိပ်လည်း မျှော်လင့်ကြတယ်လေ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ ဆွေးမျိုးသားချင်းတွေ အားလုံးကလည်း မျှော်လင့်ကြတယ်။ ကျနော်တို့ကလည်းပဲ ခုနကပြောတဲ့ ဦးသိန်းစိန်ပြောတဲ့အတိုင်း Rule of Justice တို့ Rule of Law တို့နဲ့ ဆိုရင်တော့ဖြင့် ဒါ စဉ်းစားကောင်း စဉ်းစားရဲ့ဆိုပြီးတော့ စောင့်စားနေတာ။ သို့သော် အခုထက်ထိတော့ မလာသေးဘူးပေါ့။ သင်္ကြန်ပြီးလို့ နှစ်ဆန်းတရက်တို့ ဘာတို့ကျရင်တော့ လာမလားပေါ့ဗျာ။ အဲဒီလိုဟာလေးတွေကလည်း လူတွေက တွေးကြတာပေါ့ဗျာ။”
သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်ထံ NLD က ရေးသားပေးပို့ခဲ့တဲ့ စာပါ အကြောင်းအရာတွေကို ဒုဥက္ကဌ ဦးတင်ဦးက ပြောပြခဲ့တာပါ။ NLD က ရေးသားပေးပို့ခဲ့တဲ့စာနဲ့ပတ်သက်လို့ အခုချိန်ထိ တစုံတရာ အကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး။
အရင် စစ်အစိုးရလက်ထက်မှာ အကြိမ်ကြိမ် ပြောခဲ့တဲ့အတိုင်းဘဲ NLD အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်လာအောင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အမြဲတမ်း တံခါးဖွင့်ထားတယ်ဆိုတာကိုလည်း ဦးတင်ဦးက ပြောပါတယ်။
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ NLD အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် တိုင်းပြည်တော်တော်များများက တိုက်တွန်းထားကြ သလိုပဲ ပြီးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းဝေးတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စကို တောင်းဆိုခဲ့ကြပါတယ်။