သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထံ NLD အကြံပြုစာ ပေးပို့


ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ စကားလုံး အသုံးအနှုန်း ပြင်ဆင်ဖို့ ကိစ္စကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သမ္မတဆီ အကြံပြုစာ ဒီကနေ့ တင်ထားတယ်လို့ ပြောပါတယ်။ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ ၂၀၀၈ ခုနှစ် ဖွ့ဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံးအစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံး ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စာလှယ်တွေဟာ လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ ဖွဲ့စည်းပုံအခြေခံကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့ စကားလုံးအစား လေးစားလိုက်နာပါမယ် ဆိုတာကို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ အတွက် ဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့ကို NLD ပါတီက သမ္မတဆီ တိုက်ရိုက် စာပို့ထားတယ်လို့ ပြောပါတယ်။ NLD ပါတီက တင်ပြထားတဲ့ အကြံပြုလွှာကို ဒီကနေ့ ဧပြီလ ၁၄ ရက် စနေနေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှိတဲ့ နေပြည်တော်ကို သွားတင်ခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“သမ္မတကြီးဆီ တင်တာ။ သမ္မတကို အကြံပေးတာပေါ့လေ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ အကြံပေးကြတာပါ။ ဒီနေ့မှ ရောက်တာပေါ့။ ကျနော်တို့ကတော့ ကျမ်းကျိန်လွှာမှာ ပြင်စေချင်တာပေါ့နော်။ ဥပဒေနဲ့အညီ ပြင်စေချင်တာပေါ့။ ကျနော်တို့ ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ တင်ထားပါတယ်။ အကြံပြုချက်လေးတွေ တင်ထားတဲ့အပေါ်မှာ ပြေလည်ကောင်းမယ်လို့ မျှော်လင့်တယ်လေ။”

အခုက NLD ပါတီက်က အကြံပြုစာသာ ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတဆီကို တင်ပြတာသာ ဖြစ်ပြီး ဆုံးဖြတ်ချက်တခုခု ရှိမှသာ လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ပြန်စဖို့ ရှိနေပြီး အဲဒီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေပါ တက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ အခုလို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ ပြင်ဆင်တာ အချိန်မှီမကျရင်တော့ အဲဒီရက်မှာ NLD က ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖြစ်မှာ မဟုတ်ဘူးလိုလည်း ပြောပါတယ်။

“ဟုတ်ပါတယ်။ မမီရင် နောက်ပိုင်းမှ တက်ဖြစ်မှာပါ။ သိပ်တော့ ကြာမယ်မထင်ဘူး။ ဒါပေမဲ့လို့ သင်္ကြန်တွင်းတော့ ဖြစ်နေတော့ အဲဒါတော့ မပြောတတ်ဘူး။ သင်္ကြန်တွင်းကလည်း ပိတ်ရက်တွေက များနေတော့။”

NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးပါတယ်။ နှစ်ဘက်တာဝန်ရှိသူတွေ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို အပြည့်အစုံ ထုတ်ပြန်ခြင်းမရှိပေမဲ့ အခု ကျိမ်းကျန်ရာမှာ စကားလုံး အပြောင်းအလဲ ရွတ်ဆိုနိုင်ရေး ကိစ္စတွေလည်း ပါဝင်မယ်လို့ NLD ဘက်ကတော့ ပြောထားပါတယ်။

မြန်မာ့နိုင်ငံရေးထဲမှာ ဒီမိုကရေစီခေါင်းဆောင်တဦးအဖြစ် အားလုံးက အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အနေနဲ့လည်း ပါဝင်တော့မှာဖြစ်သလို သူအနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ်ကိုလည်း ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ သွားပြီး အလှူအတန်း ပြုလုပ်ဖို့တွေလည်း စီစဉ်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG