သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျံကျဈေးသည်များ NLD အတိုးမဲ့ ငွေချေး


ပျံကျဈေးသည်များ NLD အတိုးမဲ့ ငွေချေး
ပျံကျဈေးသည်များ NLD အတိုးမဲ့ ငွေချေး

အရင်းအနှီးမတတ်နိုင်တဲ့ ပျံကျ အသေးစား ဈေးသည်တွေကို အထောက်အပံ့ဖြစ်စေမယ့် အတိုးမဲ့ ငွေချေးစနစ်ကို NLD က စမ်းသပ် အကောင်အထည် ဖော်နေပါတယ်။ ဒီစနစ်သာ အောင်မြင်မှုရရှိခဲ့ရင် တခြား မြို့နယ်တွေကိုပါ တိုးချဲ့ လုပ်ဆောင်သွားမယ့်အကြောင်း လုပ်ငန်းတွေကို ကြီးကြပ် ဆောင်ရွက်ပေးနေတဲ့ NLD ဗဟိုအမျိုးသမီးအဖွဲ့ တာဝန်ခံ ဒေါက်တာ မေဝင်းမြင့်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီငွေချေးတဲ့စနစ်ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နဲ့ တာမွေမြို့ကြားမှာရှိတဲ့ ရာပြည့်ဈေးမှာ စတင် အကောင်အထည် ဖော်နေတာပါ။ အခုလို ဈေးသည်တွေကို ငွေချေးနိုင်ဖို့အတွက် NLD ဗဟိုအမျိုးသမီးအဖွဲ့က သူတို့ကိုယ်ပိုင် ရန်ပုံငွေ ၁၀ သိန်းနဲ့ စတင်မတည်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

NLD က လက်ရှိအကောင်အထည်ဖော်နေတဲ့ အတိုးမဲ့ငွေချေးစနစ်အကြောင်း ဗဟိုအမျိုးသမီးအဖွဲ့တာဝန်ခံ ဒေါက်တာ မေဝင်းမြင့်က ပြောပြပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးတော့ တယောက် ၂ သောင်းနှုန်းနဲ့ စလုပ်ပေးတာပေါ့။ လူ ၅၀ ကို။ အခုဆိုရင် ဒါ ၃ လမြောက် ဖြစ်လာပြီပေါ့နော်။ ဒါကို သူတို့က စမ်းသပ်ကာလ ၆ လအထိကို လုံး၀ အတိုးမယူဘဲနဲ့ ပေးပါတယ်။ ၆ လပြည့်သွားရင်တော့ စာရွက်စာတမ်းဖိုး ဆိုပြီးတော့ သူတို့ စေတနာရှိသလောက် နည်းနည်း အလှူငွေ ထည့်ခိုင်းမှာပေါ့။ အတိုးမဟုတ်ပါဘူး။ အသုံးပြုတဲ့ စာရွက်စာတမ်းဖိုးပဲ ယူပါမယ်။ တကယ်လို့ ဒီ ရာပြည့်ဈေးမှာ စမ်းသပ်လို့ အောင်မြင်ရင် တခြား မြို့နယ်တွေမှာရှိတဲ့ ဈေးတွေမှာလည်း ဆက်ပြီးတော့လုပ်သွားဖို့ ရှိပါတယ်။”

ဗဟန်းမြို့နယ်အတွင်းမှာရှိတဲ့ အမျိုးသမီးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့အချိန် NLD အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့အခက်အခဲတွေ တင်ပြရာက အခုလို အတိုးမဲ့ ငွေချေးဖို့ စတင် အကောင်အထည် ပေါ်လာတာဖြစ်ပါတယ်။

“ဇန်နဝါရီလက ခရမ်းကိုယ်စားလှယ် ထောင်ထဲမှာဆုံးသွားတဲ့ ဦးတင်မောင်ဝင်းရဲ့ နှစ်ပတ်လည်မှာ ဒေါ်စုကနေ သူတို့အိမ်သွားရင်းနဲ့မှ အဲဒီမှာရှိတဲ့ ဗဟန်းမြို့နယ် အမျိုးသမီးတွေကို တွေ့တော့ စီးပွားရေး အခက်အခဲတွေကို မေးတော့ ဈေးရောင်းတဲ့အခါမှာ အခက်အခဲတွေ့တယ်ဆိုလို့ ဒေါ်စုကနေပြီးတော့ အတိုးမဲ့ ငွေချေးစနစ်နဲ့ အသေးစား ငွေချေးတာကို ရာပြည့်ဈေးမှာရှိတဲ့ ဈေးသည်တွေကို စပြီးတော့ ပေးတာဖြစ်ပါတယ်။ ဒါကို သူက အမျိုးသမီးအဖွဲ့ကို ဦးဆောင်ခိုင်းတာ ဖြစ်တဲ့အတွက် သူတို့အဖွဲ့က ဦးဆောင်တာပေါ့နော်။ ပထမဆုံးကတော့ လူ ၁၀၀ လို့ မှန်းထားပေမဲ့ တကယ်ဖိတ်တဲ့အခါကျတော့ လူ ၅၀ ပဲလာပါတယ်။ တချို့ကလည်း မလာရဲတာပေါ့နော်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ခေါင်းဆောင်တချို့ရဲ့ ဓါတ်ပုံတွေပါတဲ့ လက်ဆောင်ပစ္စည်းတွေ ရောင်းချလို့ရတဲ့ ရန်ပုံငွေထဲက ၁၀ သိန်းကို အမျိုးသမီးအဖွဲ့က မတည်ငွေအဖြစ်နဲ့ စတင် အကောင်အထည် ဖော်ခဲ့တာလို့ ဆိုပါတယ်။

တကယ်တော့ အရင်းအနှီး မတည်ငွေ မတတ်နိုင်ကြတဲ့ အသေးစား အမျိုးသမီး လုပ်ငန်းရှင်တွေကို ငွေချေးပေးတာ အခုမှ စတင်တာတော့ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေးပညာရှင် မိုဟာမတ်ယူးနက်စ် (Mohammad Yunus) ရဲ့ ဂရာမင်းန် (Grameen) ဘဏ်ဟာ အဲဒီလို အသေးစား ငွေချေးတဲ့နေရာမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ စီမံကိန်းဖြစ်ပါတယ်။ Grameen ဘဏ်ဟာ သမာရိုးကျ အတိုးနှုန်းများများယူပြီး ငွေချေးငှားတဲ့ စီးပွားရေးဘဏ်တွေနဲ့ မတူဘဲ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးခဲ့ရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တင်သာမက ကမ္ဘာအနံှ့ လူသိများလာပြီး ၂၀၀၆ ခုနှစ်မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုပါ ချီးမြင့်ခံခဲ့ရတာဖြစ်ပါတယ်။ Grameen ဘဏ်က ငွေချေးကြသူ ၉၇ ရာခိုင်နှုန်းဟာ အမျိုးသမီးလုပ်ငန်းရှင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

NLD က အခု စတင်အကောင်အထည်ဖော်နေတဲ့ အတိုးမဲ့ ငွေချေးစနစ်ဟာလည်း Grameen ဘဏ်ရဲ့ စနစ်နဲ့ အရင် ရှိခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွင်းက အတွေ့အကြုံတွေ ပေါင်းစပ် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေါက်တာ မေဝင်းမြင့်က ဆက်ပြောပါတယ်။

“အဲဒါ (ဂရာမင်းန် ဘဏ်စနစ်) ကိုလည်း ယူပါတယ်။ အန်ကယ် ဦးဝင်းတင် ပြောပြတာကတော့ ဟိုးကတည်းကိုက စာရေးဆရာ ဆရာဦးသော်တာဆွေ ကနေပြီးတော့ အဲဒီလိုပဲပေါ့နော်၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်လေးတွေကို မနက်ငွေပေး၊ ညနေငွေပြန်ယူတဲ့ဟာမျိုး ငွေချေးပေးတာ အောင်မြင်တယ် ဆိုတဲ့အကြောင်း သူက ဒေါ်စုကို ပြောပြတာရှိပါတယ်။ အဲဒီတုန်းက အတွေ့အကြုံကလည်း အောင်မြင်တယ် ဆိုတာကို ဦးဝင်းတင်က ပြောပြတဲ့အတွက် ဒေါ်စုကနေပဲ အဲဒီမှာ ဆုံးဖြတ်ပြီးတော့ ကျမတို့ စခဲ့တာဖြစ်ပါတယ်။”

NLD က လက်ရှိ အတိုးမဲ့ငွေချေးငှားနေတဲ့ လုပ်ငန်းတွေကို ဦးစီးလုပ်ဆောင်ပေးနေတဲ့ ဗဟိုအမျိုးသမီးအဖွဲ့ တာဝန်ခံ ဒေါက်တာမေဝင်းမြင့် ပြောပြခဲ့တာပါ။

အခု ရာပြည့်ဈေးမှာချေးပေးနေတဲ့ အတိုးမဲ့ ငွေကြေးစနစ် အောင်မြင်မှုရှိခဲ့ရင်တော့ ဒီအစီအစဉ်တွေကို တခြားမြို့နယ်တွေကိုပါ ဆက်ပြီး တိုးချဲ့လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ငွေချေးဖို့အတွက် ဈေးသည်တွေအနေနဲ့ သူတို့အမှန်တကယ် ဈေးရောင်းနေတဲ့အကြောင်း သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မိတ္တူတွေနဲ့ ရုံးချုပ်မှာ လာလျှောက်ကြရတာပါ။ ဒါပေမဲ့ တချို့ဈေးသည်တွေက တခြား မြို့နယ်တွေကနေ ရာပြည့်ဈေးထဲမှာ လာရောင်းချကြတာဖြစ်တဲ့အတွက် လစဉ်ကြေး ၇ ရာ ပြန်ကောက်တဲ့နေရာမှာ အခက်အခဲတချို့ ကြုံတွေ့ရတာတွေ ရှိတယ်လို့ ဒေါက်တာ မေဝင်းမြင့်က ပြောပါတယ်။

လောလောဆယ် ဈေးသည်တွေကို အခုလို ငွေချေးပေးနေတဲ့အပြင် ဈေးသည်တွေအနေနဲ့ ၂ လုံးထီ၊ ၃ လုံးထီ၊ ချဲ စတာတွေ ထိုးပြီး ပင်ပင်ပမ်းပမ်း ရှာထားတဲ့ငွေတွေ လွယ်လွယ်ကူကူနဲ့ မဖြုန်းကြဖို့၊ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ကြဖို့ရည်ရွယ်ပြီး ၃ ပတ်ကြာ စိတ်ဖွံ့ဖြိုးရေးသင်တန်း ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးသင်တန်းတွေ နှောင်မှာလည်း အလျဉ်းသင့်သလို ဆက်လက် ပို့ချသွားမယ်လို့ သိရပါတယ်။

XS
SM
MD
LG