သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူအားကိုးထိုက်အောင် ဆောင်ရွက်ဖို့ NLD ဗဟိုကော်မတီ တိုက်တွန်း


NLD ပါတီရဲ့ ပထမဗဟိုကော်မတီ သတ္တမအကြိမ်အစည်းအဝေး ကျင်းပ။ သတင်းဓာတ်ပုံ- NLD ( Ko Myo Zaw Thein)
NLD ပါတီရဲ့ ပထမဗဟိုကော်မတီ သတ္တမအကြိမ်အစည်းအဝေး ကျင်းပ။ သတင်းဓာတ်ပုံ- NLD ( Ko Myo Zaw Thein)

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအနေနဲ့ ပြည်သူနဲ့အတူ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ပြည်သူရဲ့အားကိုးယုံကြည်မှုရအောင် ပြည်သူနဲ့ထိတွေ့ဆက်ဆံရာမှာ မောက်မာစွာမဆက်ဆံမိဖို့နဲ့ နိုင်ငံအာဏာဆက်တာဝန်ယူဖို့ဆိုရင် ပြည်သူက ယုံယုံကြည်ကြည် ကြည်ကြည်ဖြူဖြူ လွှဲအပ်လာတဲ့ အာဏာဖြစ်ဖို့လိုတယ်လို့ ဒီကနေ့ကျင်းပတဲ့ NLD ပါတီရဲ့ ပထမဗဟိုကော်မတီ သတ္တမအကြိမ်အစည်းအဝေးမှာ သဘာပတိဖြစ်တဲ့ NLD ပါတီ ဗဟိုကော်မတီဝင်ဦးအောင်ကြည်ညွှန့်က မိန့်ခွန်းပြောကြားလိုက်ပါတယ်။

ဒီအစည်းအဝေးကို မြန်မာနိုင်ငံတဝှမ်းက တိုင်းဒေသကြီးဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီဗဟိုကော်မတီအဆင့်ဆင့်ကပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုရုံးမှာ ဇွန် ၂၄ရက်နေ့ နဲ့ ၂၅ရက်နေ့ စနေ-တနင်္ဂနွေ နှစ်ရက်ဆက်တိုက် ကျင်းပမယ့် အစည်းအေုဝးမှာ အဓိက ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဗဟိုကော်မတီအစည်းအဝေးပထမနေ့မှာ သဘာပတိဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုစဖြေပါတယ်။

ဦးအောင်ကြည်ညွန့်။ ။ အဓိက အချက်ကတော့ ပြည်သူနဲ့အတူဆိုတဲ့ ကြွေးကြော်သံနဲ့ သွားနေတာဖြစ်တဲ့အတွက် တို့က ပါတီဝင်တွေရော ပါတီဝင်မှာရှိတဲ့တာဝန်ရှိတဲ့သူတွေရော ပြည်သူတွေရဲ့အသံ ပြည်သူတွေရဲ့ ပကတိအခြေအနေကို သိရှိနိုင်ဖို့ရာဆိုရင် ပြည်သူတွေနဲ့ဆက်ဆံတဲ့အခါမှာ ယဉ်ကျေးသိမ်မွေ့ဖို့ မောက်မာမှုတွေမရှိဖို့၊ ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်ဆိုတဲ့အချက်တစ်ချက်ပေါ့နော်။ နောက် ဒုတိယတချက်က တကယ်ဆောင်ရွက်တဲ့အခါမှာ တို့က ဘာလုပ်ရမလဲဆိုရင် ပါတီထဲမှာ ရှိတဲ့သူတွေက တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေးမဆွကတည်းက မျှော်မှန်းထားတဲ့ပန်းတိုင်ဟာ တိုင်းပြည်အတွက် အင်မတန်မှ ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်ကို အများကြီးအတွက်ကို မျှော်လင့်ထားတာဖြစ်တဲ့အတွက် သွားရမယ့်ခရီးက ရှည်ကြာဦးမယ်။ အဲ့တာတွေကို မျက်နှာမူပြီးတဲ့အခါကျတော့ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထတွေ ရှိဖို့လိုအပ်တယ် အဲ့တာပြောချင်တယ်။

နောက်တခုကကျတော့ တကယ်ဆိုရင် တို့ပါတီထဲမှာ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများသည် ပါတီက နဂိုကတည်းကိုက ရည်ရွယ်ခဲ့တဲ့ မျှော်မှန်းချက်တွေ ပေါ်လစီတွေ အပေါ်မှာ မူတည်ပြီးတော့ အကောင်အထည်ဖော်နိုင်ဖို့ရာလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထားတာဖြစ်တဲ့အတွက်ကြောင့် စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လည်း လိုမယ်။ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ခြင်းဟာ ပါတီရဲ့ မူပေါ်လစီတွေနဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို အနှောင့်အယှက်ဖြစ်သွားစေနိုင်တယ်။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုမယ်ဆိုတဲ့ဟာကိုပြောတယ်။

နောက်တခုက ဟိုးအရင်တုန်းက အတိုက်အခံအနေအထားကနေရှိလာနေပြီးတော့မှ အခုဆိုရင် စီမံခန့်ခွဲခွင့်ကို ရတဲ့အခါမှာ နောင် စီမံခန့်ခွဲခွင့်ကို ရဖို့ဆိုရင် ပြည်သူတွေကိုယ်တိုင်က ယုံယုံကြည်ကြည်နဲ့ ကြည်ကြည်ဖြူဖြူ အာဏာပေးအပ်ခြင်း တာဝန်ပေးအပ်ခြင်းရှိပါမှ အစိုးရအနေနဲ့ဆိုရင် အောင်မြင်အောင် ဆောင်ရွက်နိုင်မှာရှိတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေက နောက်ထပ်တာဝန်ပေးအပ်တဲ့နေရာမှာ ယုံကြည်မှုနဲ့ ကြည်ကြည်ဖြူဖြူ ပေးအပ်နိုင်တဲ့အဆင့်မျိုးဖြစ်အောင် ပါတီဝင်တွေအနေနဲ့ ဆောင်ရွက်ကြဖို့လိုတယ်ဆိုတာလေးကို ပြောပြတာပါ။"

မဆုမွန်။ ။ အန်ကယ်လ် အခုက ဝန်ကြီးချုပ်တွေရော၊ ဥက္ကဋ္ဌအပါအဝင် ပါတီကိုယ်စားလှယ်တွေလည်း တက်ရောက်တဲ့အခါကျတော့ အခုလက်ရှိအာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ပေါ့နော် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ရှိနေတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ရမယ်ဆိုတာ ဒီအစည်းအဝေးမှာ ဆွေးနွေးဖြစ်တာ ရှိပါလဲအန်ကယ်လ်။

ဦးအောင်ကြည်ညွန့်။ ။ အခုကတော့ နယ်မြေ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးကို ကိုယ်စားပြုတဲ့ ဗဟိုကော်မတီတွေကနေပြီးတော့ သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့တွေရော သက်ဆိုင်ရာမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ရော ညှိနှိုင်းပြီးတဲ့အခါမှာ သက်ဆိုင်ရာနယ်မြေအသီးသီးရဲ့ နိုင်ငံရေးဆိုင်ရာ အတွေ့အကြုံတွေကို အကြံပြုချက်တွေနဲ့ အစီရင်ခံစာတွေ တင်တာလေ။ တင်တော့ မနက်ဖြန်အစည်းအဝေးကျလို့ရှိရင် CCက အစည်းအဝေးထိုင်ပြီးတော့ ဘာတွေကို လုပ်ဖို့လိုမယ်။ ဘာတွေကိုပြင်ဆင်ဖို့ လိုမယ်ဆိုတဲ့ဟာတွေကို အကောင်အထည်ဖော်ဖို့ရာ စဉ်းစားကြမှာပေါ့နော်။

ဒီထဲမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေက ဗဟိုကော်မတီဝင်တွေထဲ ပါတာလည်းရှိတယ် မပါတာလည်းရှိတယ်။ အဲ့တော့ ဗဟိုကော်မတီဝင်ထဲမှာပါတဲ့သူကတော့ တကယ်တမ်းကျတော့ အုပ်ချုပ်ရေးအရ အစီရင်ခံစာတော့ မဟုတ်ဘူး။ ပါတီရဲ့ ဗဟိုကော်မတီတွေရဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေရဲ့ အစီရင်ခံစာ။ ဒါပေမဲ့ အဲ့ဒီ့နေရာမှာလွှတ်တော်ကိုယ်စားလှယ်တွေရော အလုပ်အမှုဆောင်အဖွဲ့တွေရော ညှိနှိုင်းတိုင်ပင်ပြီးတော့ ကိုယ့်ရဲ့နယ်မြေအသီးသီးရဲ့အခြေအနေကို ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ရော နယ်မြေမှာ ရင်ဆိုင်နေရတဲ့ တွေ့ကြုံနေရတဲ့ အခြေအနေနဲ့ရော ပါတီတွင်းဆိုင်ရာအခြေအနေ ဆောင်ရွက်မှုတွေနဲ့ရော ဒါတွေကို အစီရင်ခံစာ အသီးသီးတင်ပြတာပဲ ဒီနေ့ကတော့လေ။

မဆုမွန်။ ။ ဟုတ်ကဲ့ အန်ကယ်လ် ဆိုတော့ မနက်ဖြန်မှာရော ဘာတွေ လုပ်ဖို့ အစီအစဉ်ရှိပါလဲရှင့်။

ဦးအောင်ကြည်ညွန့်။ ။ ဒီနေ့ကတော့ ဗဟိုကေ်ာမတီကလည်းပဲ အစီရင်ခံစာတင်တယ်လေ။ အလုပ်အမှုဆောင်အဖွဲ့ကလည်းပဲ အစီရင်ခံစာတင်တယ်။ လူမှုအထောက်အကူအဖွဲ့ကလည်းပဲ အစီရင်ခံစာတင်တယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက လည်း အစီရင်ခံစာတွေ တင်တယ်။ အဲ့ဒီ့အစီရင်ခံစာတွေကို မနက်ဖြန်ကျတဲ့အခါကျတော့ ဒီအစီရင်ခံစာတွေပေါ် မူတည်ပြီးတော့ CEC တွေ အစည်းအဝေးထိုင်ကြမှာပေါ့နော်။ အစည်းအဝေးထိုင်ကြပြီးတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းတာတွေ အဆုံးအဖြတ်ပြုတာလေးတွေ ပြန်ချပေးမှာပေါ့။

မဆုမွန်။ ။ ဟုတ်ကဲ့။ အန်ကယ်လ်လည်း သဘာပတိမိန့်ခွန်းထဲမှာ ပြောဆိုသွားတာရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် စိန်ခေါ်မှုတွေ အခက်အခဲတွေရှိတယ်။ ပါတီဝင်တွေရော အခုလက်ရှိပါတီထဲမှာ တာဝန်ယူနေတဲ့သူတွေရော လုပ်ဆောင်ရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီး အသိပေးချင်တာရှိပါသလဲအန်ကယ်လ်။

ဦးအောင်ကြည်ညွန့်။ ။ အခုဗဟိုကေ်ာမတီဝင်တွေကို ပြန်လည်ပြီးတော့ စုဝေးကြပြီးတဲ့အခါကျတော့ ကိုယ့်ရဲ့နယ်မြေအသီးသီးမှာ ရှိနေတဲ့အခြေအနေအရပ်ရပ်ကို အစီရင်ခံစာတင်ခိုင်းပြီးတော့ ဒီအစီရင်ခံစာတွေပေါ်မှာမူတည်ပြီးတော့ကာ ရှေ့ဆက်သွားရမယ့်အခါတွေမှာ Action Plans တွေ ဘာတွေလုပ်ဖို့ လိုမလဲ။ အကြံပြုစရာတွေ ဘာတွေလုပ်ဖို့လိုမလဲ ပြင်ဆင်စရာတွေ ဘာတွေလုပ်ဖို့လိုမလဲ။ ဘယ်ဟာတွေဟာ သတိထားပြင်ဆင်ရဖို့လိုမလဲဆိုတဲ့အချက်အလက်တွေကို သိရှိနိုင်အောင် လုပ်တဲ့ပါတီရဲ့ပုံမှန်အစည်းအဝေးပါပဲ။

မဆုမွန်။ ။ အန်ကယ်လ်ဦးအောင်ကြည်ညွန့် ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဦးအောင်ကြည်ညွန့်။ ။ ကောင်းပါပြီဗျာ မဆုမွန်ရေ။

ဗဟိုကော်မတီအစည်းအဝေးပထမနေ့ သဘာပတိဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG