သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်လုံးညီလာခံအတွက် NLD ပြင်ဆင်


NLD အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုစုံညီ ညီလာခံတခု ကျင်းပနိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်း ကော်မရှင်အဖွဲ့တွေကို စတင် ဖွဲ့စည်းနေပါပြီ။ ရပ်ကွက် ကျေးရွာတွေက အစတိုင်းနဲ့ ပြည်နယ်တွေအထိ အဆင့်ဆင့် အစည်းဝေးတွေ ကျင်းပကာ ပါတီရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုလည်း ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ် တင်မြှောက်သူတွေနဲ့ ပြန်လည် ဖွဲ့စည်းသွားမယ်လို့ NLD ပါတီက ပြောပါတယ်။ ဘယ်တော့လောက် NLD ပါတီ ဗဟိုညီလာခံ ကျင်းပမလဲ ဆိုတာကိုတော့ NLD ပါတီက အတွင်းရေးမှူးအဖွ့ဲဝင် ဦးဉာဏ်ဝင်းကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိူးသား ဒီ်မိုကရေစီအဖွဲချုပ်ဟာ၂၀၁၂ ဇန်နဝါရီလ (၅) ရက်နေ့က နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက် ရထားအပြီး အခု NLD ပါတီအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗဟိုစုံညီ ညီလာခံကြီး တခုကို ဒီနှစ်ကုန်ပိုင်းတွင်း ကျင်းပနိုင်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မေလ ၃၁ ရက် ကြာသာပတေးနေ့မှာ NLD ဗဟိုညီလာခံ ကျင်းပနိုင်ဖို့ အတွက် တိုင်းနဲ့ပြည်နယ် ၃ ခုရဲ့ ကော်မရှင်ကို စဖွဲလိုက်ပြီလို့ NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့တိုင်း ပါတီကော်မရှင်တွေ ဖွဲ့တယ်။ ဒီအထဲမှာ မန္တလေး၊ ရန်ကုန်၊ ကချင်ပြည်နယ်ရယ် ပါပါတယ်။ ကျနော်တို့ ဒီညနေပဲ ထွက်ပါတယ်။ ပြည်နယ်တိုင်း ကော်မရှင်က လက်အောက်ခံ နောက်ဖြစ်လာမယ့် ခရိုင်ရယ်၊ မြို့နယ်ရယ်၊ ရက်ကွက် ကော်မရှင်တွေကို သူတို့က ထပ်ဆင့်ဖွဲ့ရမယ်။ အဲဒါတွေ ဖွဲ့ပြီးသွားလို့ရှိရင် ကျနော်တို့ ရပ်ကွက်ကျေးရွာက စပြီးတော့ ညီလာခံတွေ ကျင်းပလာမယ်။ ရက်ကွက်ပြီးရင် မြို့နယ် ၊ မြို့နယ်ပြီးရင် ခရိုင်ပေါ့။ အဲဒီလို အဆင့်ဆင့် နောက်ဆုံး ဗဟိုညီလာခံပေါ့၊ အဲဒီအထိ လုပ်ဖို့ ဆိုင်းပြင်းနေတာပါ။ မနက်ဖြန်ခါကိုလည်း တချို့ ထွက်နိုင်ပါတယ်။ စာရင်းတွေ ပြုစုတယ်လေ၊ ပြည့်စုံတဲ့ဟာတွေကို ဖွဲ့ပြီးတော့ ထုတ်ပေးတယ်။ မနက်ဖြန်ကျရင်လည်း ကျန်နေတာက တနင်္သာရီရယ်၊ ကရင်၊ မွန်ရယ် နောက် ကယားရယ် ဒီ ၄ ခု ကျန်တယ်။"

တနိုင်ငံလုံးမှာလည်း NLD ပါတီဝင်သစ် လျှောက်လွာတွေ ခေါ်ယူတာတွေလည်း လုပ်ထားပါတယ်။ မြို့နယ် ကျေးရွာတွေကနေ တဆင့် ပြည်နယ်နဲ့ တိုင်းတွေထိ အဆင့်ဆင့် ညီလာခံတွေ ကျင်းပကာ ပါတီဝင်တွေ၊ ရွေးချယ် တင်မြှောက်သူတွေနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေလည်း ပြန်လည် ဖွဲ့စည်းတာတွေ ဖြစ်လာမယ်လို့လည်း ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

"ညီလာခံ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အတိုင်း သွားရမှာဆိုတော့ ဒီအတိုင်းဆို ပြုပြင်တာတွေ ရှိသွားမှာပေါ့။ ဗဟိုအလုပ်အမှုဆောင် ဖွဲ့နိုင်တဲ့အထိ လုပ်သွားမှာ။ ရွေးကောက် တင်မြှောက်ခြင်း နည်းလမ်းနဲ့ပေါ့။ ကျနော်တို့ လုပ်ငန်းစဖို့ကတော့ နောက် ၂ လ လောက်ဆို စနိုင်မယ် မှန်းတယ်။ ပြီးဖို့အချိန်ကတော့ ဒီနှစ်အတွင်း ပြီးအောင် ကြိုးစားမယ်။"


ပြည်နယ်နဲ့ တိုင်းတွေမှာ ညီလာခံတွေ အဆင့်ဆင့် ကျင်းပပြီးရင် ကိုယ်စားလှယ်တွေ အားလုံးစုံညီတဲ့ ဗဟို ညီလာခံကြီးကိုတော့ ရန်ကုန်မှာ ပြူလုပ်ဖို့ စီစဉ်ထားပြီး အခုလို ကျင်းပနိုင်ဖို့အတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်း ရတာမျိူးတွေလည်း မရှိပါဘူးလို့လည်း ပြောပါတယ်။ ဒါဟာNLD ပါတီအတွက် ပထမဆုံးအကြိမ် ပြုလုပ်မယ့် စုံညီ ညီလာခံတော့ မဟုတ်ပါဘူး။ NLD ဟာ ၁၉၈၈ မှာ နိုင်ငံရေး ပါတီကြီးတခု ဖြစ်လာပြီးတဲ့ နောက်ပိုင်း ၁၉၈၉ မှာ ပထမဆုံးအကြိမ် လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီတုန်းက စစ်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် အောင်အောင်မြင်မြင် ညီလာခံကို မကျင်းပနိုင်ခဲ့ပါဘူး။

"ပထမ အကြိမ်က ၁၉၈၉ တုန်းလောက်က လုပ်ပါတယ်။ ဒါပေမယ့် အပြည့်အစုံ မလုပ်နိုင်ပါဘူး။ ဝတက်တပျက်နဲ့ အားလုံး ပြီးစီးအောင် မလုပ်နိုင်ပါဘူး။ ဒီတခါတော့ ပြီးစီးအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။"

NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ အခု NLD ပါတီက စုံညီ ညီလာခံ ကျင်းပနိုင်ဖို့ စီစဉ်နေတာနဲ့ တချိန်တည်းမှာပဲ ပြည်နယ်နဲ့ တိုင်းတွေမှာ NLD ပါတီရဲ့ ဆိုင်းဘုတ်တွေနဲ့ ရုံးခန်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ရုံးခန်းဆိုရင်လည်း တခုပဲ ဖွင့်ဖို့ဆိုပြီးတော့ သတိပေးတဲ့ ကြေငြာချက်တွေကို ဗဟိုအလုပ်အမှုဆောင်က ပါတီဝင်တွေကို ထုတ်ပြန် အသိပေးထားတာလည်း ရှိပါတယ်။

အခုညီလာခံ ကျင်းပနိုင်ဖို့အတွက် ဗဟိုကော်မရှင်တခု ဖွဲ့ထားပြီး အဲဒီအထဲမှာ သဘာပတိအဖွဲ့ဝင် ဦးတင်ဦးက ဥက္ကဌ၊ ဦးဉာဏ်ဝင်းက အတွင်းရေးမှုး အဖြစ် တာဝန်ယူထားပြီး ဒီကော်မရှင် အဖွဲ့ဝင် အားလုံးပေါင်း ၉ ဦး ပါရှိပါတယ်။ NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပေမယ့် စစ်အစိုးရ အာဏာ လွဲပေးချင်းမရှိခဲ့သလို အဲဒီအချိန်က NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ တခြား ထိပ်တန်း ခေါင်းဆောင်တွေအပြင် NLD ပါတီဝင် အများအပြား ထောင်ချ အပြစ်ပေးတာတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံမှာ စစ်အစိုးရက ဦးဆောင်ပြီး၂၀၁၀ ရွေးကောက်ပွဲ လုပ်ခဲ့စဉ်တုန်းကလည်း NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်ပဲ သပိတ်မှောက်ခဲ့သလို ပါတီအဖြစ်လည်း မှတ်ပုံ မတင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အပြီး သိပ်မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာအပြီး အရပ်သားအစိုးရ ကျင်းပတဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ဖို့အတွက်၂၀၁၁ နိုဝင်ဘာလမှာ NLD ပါတီဟာ နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG